အင်းတော်မြို့နယ်တွင် ဘိန်းဖြူ သိန်း ၅၀ ကျော်ဖိုး ဖမ်းမိ
DVB
·
June 13, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် စက်တောကုန်းကျေးရွာအနီးမှာ ကာလတန်ဖိုး ကျပ်သိန်း ၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။
ဇွန်လ ၁၂ ရက် မွန်းလွဲ ၁ နာရီအချိန်က ကသာ မူးယစ်တပ်ဖွဲ့စု (၆) က ရဲအုပ်ကျော်စိုးလင်းဟာ သက်သေတွေနဲ့အတူ စက်တောကုန်းကျေးရွာနေ ပြုံးလှိုင်(ခ) ဖိုးရွှေရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အိမ်ရှင် ပြုံးလှိုင်နဲ့ သောင်းဖေတို့ကို တွေ့ရှိရပြီး အိမ်ကြမ်းပြင်ပေါ်မှာ ဘိန်းဖြူမှုန့်တွေ ကပ်နေတဲ့ ပင်နယ်ဆလင် ပုလင်း ၁ လုံး၊ အခြား မူးယစ်ဆေးအသုံးအဆောင်ပစ္စည်၊ ရောင်စုံဆပ်ပြာခွက်အတွင်း ပလပ်စတစ်အကြည်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ အလေးချိန် ၁၁ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၅ ခွက်၊ စုစုပေါင်း အလေးချိန် ၅၅ ဂရမ်ခန့် တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။
ပြုံးလှိုင်(ခ)ဖိုးရွှေကို စစ်ဆေးမေးမြန်းရာမှာ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ် ကွမ်းဘုတောရွာနေ ကျော်စွာ ဆိုသူထံမှ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ အင်းတော်မြို့နယ်၊ စက်တောကုန်းရွာနေသူ ပြုံးလှိုင်(ခ)ဖိုးရွှေ (၃၈-နှစ်)၊ သောင်းဖေ (၄၃-နှစ်) နဲ့ ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်နေ ထွက်ပြေးနေသူ ကျော်စွာတို့ကို အင်းတော်မြို့မရဲစခန်းက မယ(ပ) ၄၃/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)