Home
မြန်မာသတင်း
အစိုးရတပ်၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် တအာင်းတပ်ကြား ထပ်မံတိုက်ပွဲဖြစ်
နန်းမြနဒီ
·
February 29, 2016
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ တီအန်အယ်လယ်လ်အေ (တအာင်းပလောင်တပ်)နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့  တစ်ရက်တည်းမှာဘဲ အစိုးရတပ်နဲ့ရော ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ပါ တိုက်ပွဲဖြစ်ခဲ့တယ်လို့ တအာင်းပလောင်တပ်ဖွဲ့ (တီအန်အယ်လ်အေ) ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ “အစိုးရတပ်နဲ့က နမ့်ဆန်မြို့နယ်၊ တောင်သုံးဆယ်ရွာ နဲ့ ကွယ်ဟယ်ရွာကြားမှာ  မနေ့မနက် ၈ နာရီခွဲကနေ ၉ နာရီထိ တခါ၊ နေ့လည် ၁၂ နာရီလောက်ကျတော့ တောင်သုံးဆယ်နဲ့ မြိုင်ရွာကြားမှာ ဖြစ်တယ်။ ရှမ်းပြည်တပ်မတော် အာရ်စီအက်စ်အက်စ်နဲ့ကတော့ ကျောက်မဲ မြို့နယ်ဘက်မှာဖြစ်တယ်။ ဆဒုံးကျေးရွာဘက်မှာ မနက် ၁၀ နာရီကျော်ကနေ မွန်းလွဲ ၁ နာရီကျော်ထိ၊ တိုက်ပွဲအကုန်လုံးကတော့ ရင်ဆိုင်တိုက်ပွဲဘဲ၊ တောထဲမှာ ရင်ဆိုင်တွေ့ပြီး ပစ်ကြတာ၊  နှစ်ဘက်ဆုတ်ပြီး ငြိမ်သွားတယ်။ ဒါပေမယ့် အဝေးကြီးမဆုတ်ဘူး။ အချိန်မရွေး ပြန်ပစ်နိုင်တယ်။” ဒီတိုက်ပွဲတွေမှာ အစိုးရတပ်ဘက်က ၅ ဦးကျပြီး ရှမ်းပြည်တပ်မတော်ဘက်က ၂ ဦး ကျဆုံးကြောင်း၊ သူတို့ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိကြောင်း မိုင်အိုင်ကျော်က ဆက်ပြောပါတယ်။ ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီမှ သီးခြားအတည်ပြုချက် မရသေးပါဘူး။ လက်ရှိ တီအန်အယ်လ်အေ လှုပ်ရှားနေတဲ့ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ စတဲ့ နယ်မြေထဲမှာ အစိုးရတပ်အင်အား ၄၀၀၀ ကျော်၊ ရှမ်းပြည်တပ်မတော် ဘက်က အင်အား ၂ ထောင်ကျော် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ အခုလို အင်အားကြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရပေမယ့်လည်း တခြားမဟာမိတ်အဖွဲ့တွေရဲ့ အကူအညီရယူခြင်းမရှိဘူးလို့ မိုင်အိုက်ကျော်က ဆက်ပြော ပါတယ်။ အာရ်စီအက်က်စ်အက်စ်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အဖြေရှာဖို့ ယူအန်အက်ဖ်စီနဲ့ အရင်ဆုံးတွေ့ဆုံဖို့ရှိကြောင်း၊ လောလောဆယ် တွေ့မယ့်ရက်နဲ့ နေရာကို ရွေးနေဆဲဘဲလို့ မိုင်အိုက်ကျော်က ပြောသွားပါတယ်။ ကျောက်မဲနဲ့ နမ့်ဆန်မြို့နယ်တွင်း ပြီးခဲ့တဲ့ လဆန်းပိုင်းကစတင် ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ကြောင့် ရွာသားပေါင်း ၄၀၀၀ ကျော် ကျောက်မဲမြို့ပေါ်နဲ့ တခြားဘေးလွတ်ရာဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024