Home
မြန်မာသတင်း
မဟာဓာတ်အားလိုင်းကျ၍ နိုင်ငံတ၀န်း လျှပ်စစ်မီးပြတ်
DVB
·
January 13, 2016
ပျဉ်းမနားနဲ့ သာစည်အကြား ရွှေမြို့ရှိ ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်း ခံနိုင်အားကျသွားလို့ ရန်ကုန်အပါအ၀င် နိုင်ငံတ၀န်းမှာ လျှပ်စစ်မီးတွေ ခေတ္တပြတ်တောက်သွားခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၂ ရက် ည ၉ နာရီခွဲလောက်က မီးပြတ်သွားတာဖြစ်ပြီး လျှပ်စစ်မီးပြန်ရရေး ဆောင်ရွက်ခဲ့ရာ နေပြည်တော်မှာ ည ၉ နာရီ မိနစ် ၄ဝ၊ မန္တလေးမှာ ည ၁ဝ နာရီလောက်မှာ  မီးပြန်လည်ရရှိခဲ့တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားစနစ်ဌာန အင်ဂျင်နီယာချုပ် ဦးသိန်းသူရရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်မြို့မှာတော့ လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေးအတွက် လောပိတ ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးခဲ့ရာ ရန်ကုန်မြို့ရှိ ၂၃ဝ ကေဗွီ ပင်မဓာတ်အားခွဲရုံကြီး ၇ ရုံသို့ ည ၁၁ နာရီကျော်မှာ ဓာတ်အားရောက်ရှိသွားပြီး လျှပ်စစ်ဓာတ်အားခွဲရုံငယ်တွေက တဆင့် လျှပ်စစ်မီး ပြန်လာအောင် ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ မနေ့ည ၉နာရီခွဲလောက်က ရန်ကုန်မြို့ လက်ခုပ်ကုန်းကမ်းခြေအနီး မြေငလျင်လှုပ်ခတ်ပြီး မကြာခင် လျှပ်စစ်မီးတွေပါ ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု  ဦးစီးဌာနကတော့ ည ၉ နာရီ ၂၉ မိနစ်၊ ၃၀ စက္ကန့် အချိန် ကမ္ဘာအေး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၁ မိုင်ခန့်အကွာ မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024