Home
ဆောင်းပါး
ဘုရားသခင် ဖန်ဆင်းတဲ့ ပိတ်ဆုံးလူနဲ့ ငြိမ်းအေးအိမ်
DVB
·
June 26, 2025

(က)

၂ဝဝ၃ လောက်က ဖြစ်ပါတယ်။

ကဗျာဆရာ ယောဟန်အောင်က “ခင်ဗျား ငြိမ်းအေးအိမ်ကို သိသလား” လို့ လိုင်းပေါ်ကနေ မေးဖူးတယ်။ “ကျနော် သူ့ကို သိပ်မသိဘူးဗျ” လို့လည်း ပြောတယ်။ ငြိမ်းအေးအိမ်က သူ့ရဲ့ “လက်ျာအစွန်းရောက်ဆောင်း” ကို ခံစားမှုဆောင်းပါး ရေးထားတာ ကောင်းတယ်ဗျဆိုပြီး ငြိမ်းအေးအိမ် ရေးထားတဲ့ ကဗျာခံစားမှုဆောင်းပါးလည်း ကျနော့်ဆီ ပို့ပေးပါတယ်။ ဆောင်းပါးကိုဖတ်ပြီး ငြိမ်းအေးအိမ်ကို ကျနော် တော်တော်ခိုက်သွားရတယ်။

အဲဒီအချိန်က ပြည်တွင်းမှာ တော်တော်ကျပ်နေတဲ့အချိန်။ သူဘယ်သူလဲ။ သူ ဘာလဲ။ သိချင်ပေမဲ့ ဆင်အိပ်ရာ ဆိတ်နှိုး ဖြစ်မှာစိုးလို့ ထိထိရောက်ရောက် မစုံစမ်းဘဲ ထားခဲ့ရတယ်။

အဲဒီအချိန်က အလုပ်သဘောအရ မလိုအပ်ရင် ပြည်တွင်း ပြည်ပ ထိထိရောက်ရောက် ဆက်သွယ်လေ့ မရှိပါဘူး။ အထူးစည်းထားပြီး ဆက်သွယ်ကြရပါတယ်။ ဒါကြောင့်မို့ ငြိမ်းအေးအိမ် ကို ကျနော် မဆက်သွယ်ခဲ့ပါဘူး။

ငြိမ်းအေးအိမ် ရဲ့ ကဗျာခံစားမှုဆောင်းပါး ဖတ်ရတဲ့အချိန် ကျနော်ကလည်း ယောဟန်အောင်ရဲ့ “လက်ျာအစွန်းရောက်ကဗျာ” ကို ခံစားမှုဆောင်းပါး ရေးထားတဲ့အချိန် အတူတူ တိုက်ဆိုင်နေတာလည်း ပါတော့ ငြိမ်းအေးအိမ်ကို ကျနော့်စိတ်ထဲ ပိုပြီးစွဲနေတော့တာပေါ့။

အခြေအနေက ကျနော်တို့ ပြည်ပမှာရှိနေတဲ့ ကဗျာရေးသူတွေနဲ့ ပြည်တွင်းက ကဗျာဆရာတွေ လုံခြုံရေးအရ ဆက်သွယ်ဖို့ အင်မတန်စွန့်စားရာရောက်တဲ့ အချိန်ကြီးမှာ ငြိမ်းအေးအိမ်က “ငှက်တွေ ဆောင်းမခိုမီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ယောဟန်အောင်ရဲ့ ကဗျာကို ကဗျာခံစားမှုဆောင်းပါး ရေးလိုက်တာပါ။ ပြည်တွင်း ဘယ်မဂ္ဂဇင်းမှာမှ ဖော်ပြလို့မရတဲ့ အခြေအနေမျိုးမို့ သူက လိုင်းပေါ်မှာပဲ တင်ခဲ့တာပါ။ ကျနော်ကလည်း သူနဲ့ တချိန်တည်းလိုလို “ဘုရားသခင်ဖန်ဆင်းတဲ့ ပိတ်ဆုံးလူ” ခေါင်းစဉ်နဲ့ ယောဟန်အောင်ရဲ့ကဗျာကို ခံစားမှုဆောင်းပါး ရေးခဲ့တာ။

(ခ)

၂၀၁၂ မှာ ကျနော် ပြည်တော်ပြန်ပါတယ်။ အဲဒီအချိန် ငြိမ်းအေးအိမ်နဲ့ အဆက်အသွယ် ကောင်းကောင်းရပါပြီ။ ဆက်သွယ်ဖို့ အဟန့်အတားတွေ မရှိတဲ့ အချိန်ဆိုတော့ လိုင်းပေါ်မှာ မကြာခဏ စကားပြောဖြစ်ကြပြီပေါ့။ ဒါပေမဲ့ လူချင်းတော့ မဆုံနိုင်သေးပါဘူး။ ကျနော်ကလည်း စားဝတ်နေရေးရုန်းကန် သူကလည်း အင်မတန်အလုပ်များတော့ မဆုံနိုင်သေးပါဘူး။

၂၀၁၅ မှာ မုန်းချောင်းရေကြီးတော့ ကျနော်က အလုပ်က ခဏနားထားတဲ့အချိန် စေတုတ္တရာ ဘက်သွားပြီး ကူညီကယ်ဆယ်ရေး ဝင်လုပ်ပါတယ်။ အဲဒီမှာ ရေဘေးဒဏ်ခံရတဲ့ ဒေသခံတွေ မြင်ကွင်းတွေကို ဓာတ်ပုံ ၁,၀၀၀ နီးပါး ရိုက်ပါတယ်။ ပြီးတော့ သမ္မတရုံဘေးနားက ဂယ်လာရီတခုမှာ ဓာတ်ပုံပြပွဲ လုပ်ပါတယ်။

အဲဒီအခါကျတော့ ကျနော်နဲ့ ငြိမ်းအေးအိမ် တွေ့ကြရပါတယ်။ “ကျနော် ထားဝယ်ရောက်နေတာ ခင်ဗျားဓာတ်ပုံပြပွဲ မီအောင် ပြန်လာတာ” လို့ သူက ပြောတော့ ကျနော် တော်တော်ဝမ်းသာသွားတယ်။ ငြိမ်းအေးအိမ်က စာအရေးကောင်းတာအပြင် အောင်မြင်တဲ့ ဓာတ်ပုံဆရာ ဆိုတာ ကျနော် သိထားတာပဲ။

နောက်တကြိမ်ကတော့ ဗိုလ်တထောင်ဆိပ်ကမ်း ဘောတံတားကြီးပေါ်မှာပါ။ ကျနော်က ဓာတ်ပုံတွေ ရိုက်ပေမဲ့ သူက ကင်မရာမပါလို့ ဓာတ်ပုံမရိုက်ပါဘူး။ “ကျနော်က ခင်ဗျားနဲ့ စကားပြောချင်လို့ကို တမင်လာတာ” လို့ပြောပြီး သူနဲ့ကျနော် စကားတော်တော်ပြောဖြစ်ပါတယ်။

မှတ်မှတ်ရရ မြန်မာစာပေလောကအကြောင်း သူတော်တော်ပြောပါတယ်။ ကျနော်က ပြည်တွင်းပြန်ဝင်ကာစ စာပေလောကအကြောင်း စာရေးဆရာ၊ ကဗျာဆရာတွေအကြောင်း အာရုံကျနေတာဆိုတော့ သူပြောတာတွေက ကျနော့်အတွက် အင်မတန်အရေးကြီးတဲ့ စကားတွေပါ။ သူက စာပေနယ်ပယ်မှာ တော်တော်နှံ့စပ်တဲ့သူပဲ။

နောက်တော့ သူနဲ့ ထပ်မတွေ့ဖြစ်ပြန်ပါဘူး။ ကျနော်ကလည်း အလုပ်တဖက်နဲ့ သူကလည်း ခရီးတော်တော်သွား။ ဒီလိုနဲ့ သူနဲ့ကျနော် လိုင်းပေါ်မှာပဲ ဟိုတစဒီတစ စကားပြောဖြစ်ကြပါတယ်။ ဒါပေမဲ့ သူကလည်း ကျနော့်လိုပဲ ကဗျာတပုဒ် (ယောဟန်အောင်ရဲ့ကဗျာ) အပေါ် တိုက်တိုက်ဆိုင်ဆိုင် မမျှော်လင့်ဘဲ ခံစားမှုဆောင်းပါး ရေးခဲ့ကြတာကို အမှတ်တရအနေနဲ့ တော်တော်ပြောပါတယ်။

အဲဒီလိုနဲ့ သူနဲ့ ကျနော် လူချင်းမဆုံဖြစ်ပါဘူး။ ရန်ကုန်တက္ကသိုဝင်းထဲမှာလုပ်တဲ့ ခေတ်ပေါ်ကဗျာ စာတမ်းဖတ်ပွဲ ဆုံကြဖို့ ပြောဖြစ်ပေမဲ့ ငြိမ်းအေးအိမ် မလာခဲ့ပါဘူး။

တနေ့မှာတော့ သူ့ရဲ့ “ညှို့ငင်တောင်” စာအုပ် ကျနော့်ဆီကို လူကြုံနဲ့ ပို့ပေးပါသေးတယ်။ စာအုပ်ဖတ်တော့ ဒီလူဟာ တော်တော်စိတ်ရှည် ဇွဲအင်မတန်ရှိ စနစ်တကျလည်း အလုပ်လုပ် ခရီးသွားဝါသနာကြီးသူအဖြစ် ကျနော် ပိုသိလာရပါတယ်။ စာအုပ်ကလည်း တကယ့်ကို ကောင်းမှကောင်း။ သူ့စာအုပ်အပေါ် ရီဗျူးပြန်ရေးချင်တယ်လို့ ပြောတော့ သူက ဝမ်းသာအားရ ရေးခိုင်းပါတယ်။ ကျနော် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ရင် အဲဒီစာအုပ်ဟာ အမျိုးသားစာပေဆု ပေးသင့်တဲ့ စာအုပ်ဆိုတာမျိုး ထည့်ရေးဖို့ စဉ်းစားထားခဲ့တာပါ။

မှတ်မှတ်ရရ ကျနော်နဲ့ ယောဟန်အောင်နဲ့ ခေါ်နူးဇုမ်တောင် တက်ကြတော့ ကျနော်က လမ်းခုလတ်မှာတင် ခရီးသွားဆောင်းပါးတွေ ရေးတင်တော့ သူက လမ်းခရီးအခြေအနေတွေကို ခဏခဏ လှမ်းပြောပြ အကြံပေးပါတယ်။ ဒီအထဲမှာ ပေ ၈,၀၀၀ ကျော် တောင်ကြားထဲက ရွာတရွာမှာ မျက်ခုံးဖြူငှက်ဝါချောက်ငှက်တွေ အုပ်လိုက် အိပ်တန်းတက်လေ့ ရှိတဲ့အကြောင်း ဓာတ်ပုံရိုက်ဖို့နဲ့ ရိုက်လည်း ရိုက်လို့ရကြောင်း ပြောခဲ့ပါသေးတယ်။ သူ လမ်းညွှန်တဲ့ တောင်တွေကြားက ရွာကလေးဆီ ကျနော် မရောက်နိုင်ခဲ့ပါဘူး။

နောက်တော့ ကျနော်က ဒုတိယအကြိမ် ပြည်ပပြန်ထွက် ငြိမ်းအေးအိမ်နဲ့ လူချင်းမတွေ့ရတော့တာ သူ ကွယ်လွန်တဲ့ အခုအချိန်အထိပဲ ဆိုပါတော့။

(ဂ)

ငြိမ်းအေးအိမ်ရဲ့ အနှစ်သားကို ကျနော် မြင်လိုက်နိုင်ပါတယ်။ လူပုဂ္ဂိုလ်အရ သူ့စရိုက် သူ့စိတ်ဓာတ် ဘယ်သူမဆို သတိမထားမိဘဲ နေလို့မရအောင် ထူးခြားပြီး ချစ်ခင်ဖို့ကောင်းတာ စာပေလောက တခွင်လုံး သိကြပြီးဖြစ်ပါတယ်။

ကျနော်ကတော့ သူ့ရဲ့ လက်နက်ကိုင် တော်လှန်ရေးသမားဘဝ ဖြတ်သန်းမှု သူ့အတွေ့အကြုံ သူ့ရဲ့ သေသပ်ကျနတဲ့ စာအရေးအသား၊ သူ့ရဲ့ စနစ်တကျ ချဉ်းကပ်နှိုက်ယူတတ်မှု။ (ဒီအချက်ကို သူ့ရဲ့ ညှို့ငင်တောင် စာအုပ်မှာ အထင်ရှားဆုံး တွေ့နိုင်ပါတယ်။) ဒါတွေက ကျနော့်အဖို့ လေ့လာသင်ယူစရာ နမူနာတွေပါပဲ။

ငြိမ်းအေးအိမ်ရဲ့ အနှစ်သားက ကြီးတယ်။ တည်ငြိမ်လေးနက်တယ်လေ။ ကွယ်လွန်ခါနီး သူ့ရဲ့ ကြံ့ခိုင်ရင်ဆိုင် ပြင်ဆင်မှု နမူနာများ။

သွားနှင့်ဦးတော့ ဆရာငြိမ်းအေးအိမ်ရေ။ 

သံသရာခရီးမှာ ခင်ဗျားနဲ့ ကျနော် ကဗျာရေးသူများအဖြစ် ကံကြုံရင် ပြန်ဆုံနိုင်ကောင်းပါရဲ့။

ငြိမ်းဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024