
အာဏာသိမ်းလျက်၊ လက်နက်အားကိုး
စိတ်ယုတ်ဆိုးနှင့်၊ မိုက်မျိုးစုံစွ
ဖြဲခြောက်ကြကာ၊ လိမ်ညာမုသား
လူသတ်သားစု၊ မုဒိမ်းမှုများ
ကျူးလွန်ထားကြ၊ ဒါလားစစ်သား
စစ်တပ်လားလို့ မေးလိုက်ချင်။ ။
အံ့သြမိပါရဲ့ “ပြည်သူတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို ကာကွယ်စောင့် ရှောက်ပေးမယ့် တပ်မတော်တဲ့”။ ဟိုးမှာကြည့်စမ်း… ဒါကျမတို့အိမ်လို့ လက်ညှိုးထိုးပြစရာ မရှိတော့အောင် ပြောင်သလင်းခါသွားတဲ့ မြေဟင်းလင်းပြင်ကြီးတွေ။ မှတ်သားလောက်ပါတယ် “တပ်မတော်သာအမိ..တပ်မတော်သာအဖ” တဲ့။ ပြည်သူတွေက မိဘမဲ့ ဖြစ်ရတာကို ပိုပြီးကျေနပ်တယ်ဆိုတာ ရှင်တို့ သိဖို့ လိုလိမ့်မယ်။ တကယ်တော့ ကျမ မှတ်မိသလောက် ကျမတို့ ငယ်ငယ်က တပ်မတော်သားတွေနဲ့ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပ်မတော်သားတွေကို နှိုင်းယှဉ်လို့မရအောင် စိတ်ဓာတ်ရေးရာ၊ အရည်အသွေးပါ နိမ့်ကျလွန်းပါတယ်။ အခု တပ်မတော်သားတွေက အဆန်မရှိ ဟန်ပိပြီး မောက်မာနေသူတွေ၊ လက်နက်အားကိုးပြီး ကမ်းကုန်အောင် မိုက်ရိုင်းတတ်ရုံကလွဲရင် သူတို့ကို မကြောက်ကြောက်အောင် ဖြဲခြောက်ဖို့ ကလိမ်ကကျစ် ကျဖို့ကလွဲရင် ဘာခံယူချက်၊ ဘာခံစားချက်မှ မရှိတဲ့သူတွေပါ။ ကျမတို့ ကလေးဘဝက အရမ်းအေးတဲ့ ဆောင်းရာသီမှာ မနက်စောစောစီးစီး ပေတရာလမ်းမပေါ် ဘွတ်ဖိနပ်သံတွေ ကြားနေရပြီ။ လူတိုင်း အနွေးထည်တွေ နှစ်ထပ်သုံးထပ်လောက်ဝတ်၊ ချည်ထိုး ဦးထုပ်ကို နားရွက်ထိ ဖုံးအောင်ဆောင်း၊ လက်အိတ်ခြေအိတ်တွေ လုံလုံခြုံခြုံစွပ်ထားတာတောင် ခိုက်ခိုက်တုန်အောင် ချမ်းလွန်းလို့ အိပ်ယာထဲမှာ စောင် အထပ်ထပ် ခြုံပြီး ကွေးနေရတာတောင် သူတို့မှာ စစ်အင်္ကျီလက်ပြတ်နဲ့ ချွေးသံရွဲရွဲနဲ့ လေ့ကျင့်ရေး ဆင်းနေကြတယ်။ “ဘယ်ညာ..ဘယ်ညာ..ဘယ်ညာ …ဘာလုပ်နေလဲ.. လေ့ကျင့်နေတယ်။ ဘာလုပ်ဖို့လဲ..တိုက်ပွဲဝင်ဖို့.. ဘယ်သူ့အတွက်လဲ သူပြည့်အတွက် .. ဘာစိတ်ဓာတ်လဲ .. သံမဏိစိတ်ဓာတ် သံမဏိစိတ်ဓာတ်”။
ကျမတို့က မနက် ၅ နာရီလောက်ဆို နှင်းမှုန်တွေကြား ဘုရားကျောင်းသွားတက်တိုင်း ဒီလေ့ကျင့်ရေးအဖွဲ့နဲ့ မနက်တိုင်း ဆုံပါတယ်။ ကျမတို့က ကလေးပဲ ရှိသေးတယ်။ တချို့ရက်တွေမှာ သေနတ်တွေနဲ့ လေ့ကျင့်ရေး ဆင်းကြတယ်။ သေနတ်ပြောင်းဝမှာ ဓားဖြူဖြူတွေ စွပ်ထားတယ်။ သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေက အရမ်းကြည့်လို့ကောင်းပြီး သူတို့ရဲ့ သန္နိဋ္ဌာန်တွေက ကြားရသူကို စိတ်ဓာတ်တက်ကြွစေခဲ့တယ်။ အဲဒီတုန်းက စစ်သည်တေး၊ စစ်ချီတေးတွေကလည်း လူတိုင်းနီးပါးက အလွတ်တောင်ရနေကြပေါ့။ အဆိုတော် စိမ်းမို့မို့ရဲ့ “တို့အသံလေး..မကြားရရင် အိပ်မပျော်သူရယ်..တကယ်ပြောသလားလို့ မေးချင်ပါတယ်.. သူ့အပြုံးတွေမမေ့နိုင်ဘူးလေ.. အဝေးရပ်က ညီမရဲ့ ချစ်သူရေ” သီချင်းက အဲဒီတုန်းက လူကြီးလူငယ် အကုန်အလွတ်ရပါ့။ တခြားသီချင်းတွေလည်း အများကြီး၊ စစ်ကားတွေဆိုလည်း ဗုဒ္ဓဟူးနေ့တိုင်း ကြည့်ခဲ့ရတော့ တပ်မတော်ကြီးဟာ ငါတို့အပေါ် တော်တော်ကောင်းပါလား။ ငါတို့ကို KNU သောင်းကျန်းသူ သူပုန်တွေရဲ့ ဘေးရန်ကနေ ကာကွယ်နေပါလားဆိုပြီး အရမ်းလေးစားရ၊ အထင်ကြီးရ၊ ရိုသေလိုက်ရပေါ့။ အဲဒီတုန်းက ကျောင်းမှာ စာသင်နေတဲ့ ဆရာ၊ ဆရာမတွေကအစ KNU ဆို သောင်းကျန်သူ၊ ပြည်တွင်း ရန်သူဆိုပြီး ခေါင်းထဲစွဲနေအောင် ရိုက်ထည့်ပေးခဲ့တာပါ။ ရှေ့တန်းထွက်လာတဲ့ စစ်ကားတန်းကြီးပေါ်မှာ အနီရောင်လက်ကိုင်ပုဝါကို ပုခုံးမှာစည်းထားတာက အသေခံတပ်သားဆိုလားပဲ။ အဲဒီတုန်းက ဆရာ၊ ဆရာမတွေ ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘပြည်သူတွေက ပန်းကုံးတွေ၊ သပြေခက်တွေနဲ့ နှုတ်ဆက်ပြီး ဆုတောင်းပေးကြ၊ လက်ခုပ်တွေ တီးပေးကြနဲ့ အဲဒီလိုနေ့မျိုးမှာ ကျောင်းပြေးလို့ မရပါဘူး။ ခွင့်တိုင်ရင် ကျောင်းပြန်တက်တဲ့နေ့ အရိုက်ခံရတယ်။ အတန်းထဲမှာ စစ်သား သားသမီးများပါရင် အရမ်းမျက်နှာလိုက်ခံရတာ။
စစ်တပ်ရှိလို့ ပြည်သူ ခေါင်းပြားအောင် အိပ်ရတာဆိုတဲ့ ဂျင်း
စစ်တပ်ကို စကြောက်လာတာက သူတို့ ပြောလေ့ရှိတဲ့ စကားက “ငါတို့စစ်တပ်ရှိလို့ နင်တို့ ပြည်သူတွေ ခေါင်းပြားအောင် အိပ်ရတာ” တဲ့။ ဒီစကား စကြားလာတာက ပြည်ခိုင်ဖြိုးလို့ ခေါ်တဲ့ ကြံ့ဖွံ့ပါတီ ပေါ်လာပြီးနောက်မှာပါ။ သူတို့စကားက မှန်သလိုလို ရှိခဲ့ပေမဲ့ အခုအခါမှာတော့ ဂျင်း စကားကြီးမှန်း တနိုင်ငံလုံး သိကုန်ကြပါပြီ။ စောစောက စကားပြန်ဆက်ရရင်တော့ ကျောင်းမှာ စစ်သားမိသားစုတွေ မျက်နှာပွင့်ကြတယ်။ ဈေးမှာလည်း သူတို့ မျက်နှာပွင့်တယ်။ သူပုန်တွေကို ကာကွယ်ပေးနေသူတွေပေါ့လေ။ ဆရာမတွေကလည်း ဒီလိုပဲ သင်ကြတယ်။ အတန်းထဲမှာ စစ်သား သားသမီးများပါရင် အရမ်းမျက်နှာပွင့်တာ၊ သူတို့နဲ့ သွားရန်မဖြစ်နဲ့ ရုံးခန်းကိုတန်းရောက်တာ။ စစ်သားမယားဆိုတာ အင်မတန် စွာ၊ အင်မတန် ရိုင်းပေါ့။ ကြာတော့ တဖြည်းဖြည်းနဲ့ စစ်သားတွေကို ကြောက်လာတယ်၊ စစ်သား သားသမီးကို မပေါင်းတော့ဘူး လန့်လာတယ်။ ရန်လိုတတ်လို့၊ ရိုင်းလို့ သူတို့ နည်းနည်းလေး အထိနာရင် ကျောင်းကို မိဘခေါ်လာတယ်။ သူတို့မှာ အပြစ်မရှိဘူး တခြားကလေးမှာပဲ အပြစ်ရှိတာ၊ တခြားကလေးပဲ အရိုက်ခံရတာ။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ ကျောင်းမှာ အုပ်စုနှစ်စု ကွဲသွားတယ်။ တပ်ထဲက ကျောင်းသားနဲ့ အပြင်က ကျောင်းသားဆိုပြီး အပြင်ကကျောင်းသားတွေက တပ်ထဲက ကျောင်းသားတွေကို ရှောင်တယ်။ သိပ်ပြီး အပေါင်းအသင်းမလုပ်ကြဘူး။ တပ်ထဲက အနေအေးတဲ့ ကျောင်းသားလောက်ကိုပဲ ပေါင်းကြတာ များတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကြီး ပေါ်လာတော့ တကျောင်းလုံး ကြံ့ခိုင်ရေးအဖွဲ့ထဲ ဝင်ရင် စာမေးပွဲအောင်မယ်လို့ ဆရာမတွေက စည်းရုံးလိုက်တော့ တကျောင်းလုံးနီးပါး ကြံ့ခိုင်ရေးတွေ ဖြစ်ပြန်ရော။ ကျောင်းမှာကတည်းက ဗိုလ်ကျ အနိုင်လိုချင်တဲ့စိတ်တွေ အမြုတေလာပြီး ဒီကလေးတွေ အရွယ်ရောက်တော့လည်း တပ်ထဲပဲပြန်ဝင်ပြီး စစ်သားပဲလုပ်လာကြတဲ့အခါ စစ်တပ်ဆိုတာ ကြီးနိုင် ငယ်ညှဉ်း၊ နိုင်ထက်စီးနင်းနဲ့ ပုံစံမျိုးနဲ့ ဆင့်ကဲဆင့်ကဲ လက်ဆင့်ကမ်းလာတဲ့ ကြောက်စရာကောင်းတဲ့ အဖွဲ့အစည်းကြီးတခုလို့ ပြောစရာဖြစ်လာပါတယ်။
ရခိုင်စစ်မြေပြင် ကျဆုံးစစ်သားမယား
တနေ့ နေကျဲကျဲပူတဲ့ နေမွန်းတည့်ချိန်၊ ကိုယ့်အရိပ်က ကိုယ့်နဲ့တထပ်တည်းကျချိန်၊ ကိုယ့်ခေါင်း တည့်တည့်မှာ နေလုံးကြီး တည့်တည့်ထိုးနေတဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ အမျိုးသမီးတယောက် ၆ လသား နို့စို့ကလေးလေးကို ပွေ့ချီ အထုပ်လေးတထုပ်ကို လက်ကကိုင်ပြီး ထီးမပါဘာမပါနဲ့ လမ်းလျှောက်လာတယ်။ မှတ်မှတ်ရရ ဆန်းဒေးနေ့ပေါ့။ အနာဂတ်မဲ့၊ ခရီးမဲ့၊ ဦးတည်ရာမဲ့ လျှောက်လာနေတဲ့ သူ့ကို ခရစ်ယာန် သီလရှင်တပါးက လမ်းမှာအမှတ်မထင် တွေ့သွားပြီး “ဒီလောက်နေပူကျဲတဲကြီးမှာ ထီးမပါဘာမပါနဲ့ ကလေးသနားပါတယ်၊ ဘယ်သွားမလို့လဲ’’ လို့ မေးလိုက်တော့ အဲဒီအမျိုးသမီးက ငိုပါလေရော။ “ကျမမှာသွားစရာမရှိဘူး။ ကျမယောကျ်ားက ရခိုင်တိုက်ပွဲမှာ ကျသွားပြီး။ အဲဒါနဲ့ တပ်က ကျမကို လိုင်းခန်းက ထွက်ပေးဖို့ အတင်းမောင်းထုတ်လို့ ကျမထွက်လာခဲ့တာ။ ဘယ်ကိုသွားလို့ သွားရမလဲမသိဘူး။ ကျမမှာ ဆွေမျိုးလည်းမရှိပါဘူး။ မိဘတွေက ကျမငယ်ငယ်ကတည်း ဆုံးသွားပြီ။ အသက် ၁၅ နှစ်မှာ စစ်သား ကိုနေလင်းက ကျမကို ကောက်ယူလိုက်လို့ သူနဲ့အတူတူ တပ်ထဲလိုက်နေတာပါ။ အခု ကိုနေလင်းကြီး တိုက်ပွဲမှာကျသွားတယ်။ ဘာနစ်နာကြေးမှမရခဲ့ဘူး၊ အတင်းမောင်းထုတ်လို့ သားကြီးကိုတော့ အသိဆီ ခဏ အပ်ထားရပါတယ်” ဆိုပြီး ပြောလည်းပြော မျက်ရည်တွေလည်းကျနဲ့ပေါ့။ ဒီလိုနဲ့ မခင်မြင့်ဆိုတဲ့ ရိုးရိုးအအ စစ်သားဇနီးကို ခရစ်ယာန်သီလရှင်ကျောင်းက ခေါ်ယူကျွေးမွေးရင်း ကျောင်းမှာ ဝိုင်းလုပ် ဝိုင်းကူနဲ့ နေစရာလေးပေး၊ လုပ်အားခလေးပါ ပံ့ပိုးကူညီရင်း သူ့သား အကြီးကောင်လေးကိုပါ ကျောင်းမှာ ခေါ်ထားပေးထားပါတယ်။
လင်သေကြွေးပူ၊ မယားဟူသို့
လူဖြစ်လည်းရှုံး၊ စိတ်ဗုန်းဗုန်းကျ
တပ်မှမောင်းထုတ်၊ လက်နှီးစုတ်သို့
မဲပုပ်ညစ်ကာ ငိုနေရှာ . . .။ ။
တကယ်တော့ မခင်မြင့်လို ရှေ့တန်းမှာ လင် တိုက်ပွဲကျသေသွားလို့ တပ်ကနေ မောင်းထုတ်ခံရတဲ့ နောက်တန်းမှာ ကျန်ခဲ့တဲ့ စစ်သားမယားတွေ ဘယ်လောက်တောင် ရှိနေမလဲ။ ဆွေမျိုးညာတိ အပြည့်ရှိရင် တော်ကာကြပေမဲ့ ဆွေမျိုးနောက်ခံ ဘာမှမရှိ မျက်စိသူငယ် နားသူငယ်နဲ့ ဒီကြားထဲ တပ်ထဲမှာထား သေးရင်တောင် မဲဖောက်ခံရမှာလေ။ တလင်သေ မုဆိုးမ တဖြစ်လဲ အောက်ခြေသိမ်း စစ်သားမယားဖြစ်နေရင်တောင် အရင်လင်ကလည်းသေလို့ မျက်နှာငယ်ရ၊ ကလေးတွေက တိုးလို့တွဲလောင်း အခြေအနေပေါ့။ အခုတော့ တိုက်ပွဲကျတာတွေကများ မဲဖောက်စရာတောင် မရှိဖြစ်ပြီး တပ်ထဲကလည်း မောင်းထုတ်ခံရနဲ့ ဘယ်လောက် နာကျင်စရာကောင်းလိုက်တဲ့ ဘဝတွေလဲ။ ဖြစ်နိုင်ရင် ကျမ စစ်သားတွေကို မေးခွန်းထုတ်ချင်ပါတယ်။
ဆင်သေကောင်သား၊ လိုက်ကာစားသော်
ကမ်းများဝေးမှ၊ နောင်တရမည်
ယခုကပင်၊ ဆင်ချင်စဉ်းစား
မှန်အမှားကို ခွဲခြားသိမြင်နိုင်ကြပါစေ။
မင်းတို့တိုင်းပြည်အတွက် အသက်ကိုပေးနေတာလား မင်းတို့ခေါင်းဆောင်အတွက် အသက်နဲ့ခန္ဓာကို ထိုးကျွေးနေတာလား။ အခုနောက်ပိုင်း ကာလတွေမှာ လင် ရှေ့တန်း ထွက်သွားပြီဆိုရင် ပြန်လာဖို့ မသေချာတော့တဲ့ အခြေအနေတခုမှာ ခင်ဗျားတို့ မိန်းမတွေဟာလည်း သေပြီလို့ သတင်းကြားတာနဲ့ အထုပ်ပိုးပြင်ပြီး တပ်က ထွက်ရမယ့်ရက်ကို ရင်တမမနဲ့ ထိုင်စောင့်နေရတာကလွဲရင် ဘာမှမတတ်နိုင်ဆိုတာ ခင်ဗျားတို့တွေးမိရဲ့လား။ စစ်သား မိန်းမတွေကိုလည်း တိုက်တွန်းချင်ပါတယ်။ ရှင်မတို့လည်း ကိုယ့်ယောကျ်ားနဲ့ အိုးမကွာအိမ်မကွာလေး မနေချင်ကြဘူးလား၊ မ၀စာလေးစားပြီး မစို့မပို့ လစာလေးနဲ့ အသက်ကို ရှူသွင်းရှူထုတ် လုပ်နေကြမယ့်အစား ကိုယ့်ယောကျ်ားတွေကို နားချကြည့်ပါ။ ကိုယ့်အတွက် ဘာအခွင့်အရေး၊ ဘာကောင်းကျိုးမှ မရှိတဲ့အပြင် ပြည်သူတွေရဲ့ အမုန်းတွေ ကျိန်စာတွေကို ကြိတ်မှိတ် ခံယူနေရမယ့်အတူတူ ရုန်းထွက်လိုက်ကြပါ။ အလင်းဝင်လိုက်ကြပါ။ အမြင်တွေနိုးထကြပါ။ တော်လှန်ရေးအရှိန်က မြင့်တက်လာတာနဲ့အမျှ ဒီမိုကရေစီ ရနံ့တွေ သင်းသင်းလှိုင်နေပြီ။ ခင်ဗျားတို့ ကျဆုံးခန်း ရောက်လုဆဲဆဲလေးမှာ အမြင်မှန်ကို ရစေချင်တယ်။ အမြင်မှန်နဲ့အတူ အမှန်ကိုမြင်ပြီး ပြည်သူနဲ့အတူ သတ္တိရှိရှိလက်တွဲကြပါလို့ တိုက်တွန်းချင်ပါတယ်။ ။
မိုင်ဇင်