DVB Logo
Home
မြန်မာသတင်း
ပလက်ဝနှင့် ရခိုင်ကို ကုန်စည်တင်သည့်လမ်း ပြုပြင်ပေးရန် ကုန်သည်များ တောင်းဆို
DVB
·
May 26, 2025
ပလက်ဝနှင့် ရခိုင်ကို ကုန်စည်တင်သည့်လမ်း ပြုပြင်ပေးရန် ကုန်သည်များ တောင်းဆို
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇီုရမ်ပြည်နယ်ကနေ တဆင့် ပလက်ဝနဲ့ ရခိုင်ကို ကုန်စည်တင်သွင်းနေတဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေထဲက တခုဖြစ်တဲ့ ရှင်းလက်ဝနဲ့ ရွှေလက်ဝလမ်းကြောင်းဟာ မိုးရာသီမှာ သွားလာရခက်ခဲပြီး အန္တရာယ်များတာကြောင့် အာရက္ခတပ်တော် (AA) အနေနဲ့ အမြန်ဆုံး ပြုပြင်ပေးစေချင်တယ်လို့ ရခိုင်က ကုန်သည်တွေက တောင်းဆိုနေကြပါတယ်။

AA ထိန်းချုပ်ထားတဲ့ ဒေသတခုဖြစ်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ရှင်းလက်ဝနဲ့ ရွှေလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာ တောင်ပေါ်လမ်းဖြစ်တဲ့အတွက် ဆောင်းရာသီနဲ့ နွေရာသီမှာ သွားလာရ အဆင်ပြေပေမဲ့ မိုးရာသီမှာ သွားလာ ရခက်ခဲကြမ်းတမ်းတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ပထမပတ်ကတည်းကစပြီး မိုးတွေရွာသွန်းထားလို့ ရှင်းလက်ဝနဲ့ ရွှေလက်ဝ ဆက်သွယ်ထားတဲ့ မြေသားလမ်း ပျက်စီးနေပြီး အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကုန်သည်တွေနဲ့ ကားသမားတွေက ပြောပါတယ်။

ကုန်သည်တယောက်က “အဲဒီတောင်ပေါ်လမ်းကြားက သွားရလာရ အရမ်းကြမ်းတယ်၊ အဆင်မပြေဘူး။ အခုမိုးရာသီဆို ပိုဆိုးပါတယ်၊ ကားကလည်း တစီးပဲသွားလို့ရတယ်။ မိုးရာသီဆိုရင် လမ်းကလည်း ချော်တယ်၊ ကားကလည်း ရှောင်သွားလို့မရဘူး။ ဘေးကိုရှောင်ရင် ချောက်ထဲကိုကျမှာ၊ ဘာဖြစ်လို့ဆိုရင် မိုးတွေရွာ‌ထားတော့ မြေသားတွေက နုန်းနေတာ၊ တောင်ပေါ်က ကျလာတဲ့ရေက တံတားမရှိတော့ လမ်းပေါ်မှာပဲ တင်နေတယ်၊ အောက်ကိုမကျဘူး၊ ဒါကြောင့် ဗွက်တွေတအားထပြီး ကားကချော်ပြီး ချောက်ထဲကို ပြုတ်ကျတဲ့ကားတွေ ရှိတယ်၊ ကား‌မှောက်တာတွေ ရှိတယ်။ လမ်းမှာကြာသွားတဲ့အချိန်ရယ်၊ လမ်းမကောင်းလို့ ကားသမားက ပိုက်ဆံပိုတောင်းတာရယ်၊ တခါတလေဆို ကားက သွားလို့မရတော့ ဘတ်ဖိုးငှားပြီး သွားရတာရှိတယ်။ လမ်းမှာလည်း ချိုင့်ခွက်တွေ တအားများတယ်။ ကားတွေက မသွားနိုင်တော့ ဘတ်ဖိုးခေါ်ပြီးဆွဲရတော့ ကုန်ကျစရိတ်တွေ ပိုကြီးလာတာပေါ့နော်၊ အဓိက လမ်းမကောင်းတာကြောင့် ခက်ခဲတာပေါ့နော်” လို့ ပြောပါတယ်။

ရှင်းလက်ဝနဲ့ ရွှေလက်ဝကို ဆက်သွယ်ထားတဲ့ အဲဒီလမ်းဟာ အိန္ဒိယ-ရခိုင်နယ်စပ် ကုန်သွယ်ရေးအတွက် အလွန်အရေးပါပြီး ကုန်စည်တွေ ကူးသန်းသွားလာရေးမှာ အဓိက အရေးပါတဲ့လမ်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီကုန်သွယ်ရေးလမ်းကြောင်းဟာ ရခိုင်က ကုန်သည်တွေအတွက် ကုန်စည်တွေကို အမြန်ဆုံး ပို့‌ဆောင်ပေးနိုင်တဲ့ လမ်းစရိတ်သက်သာပြီး အဆင်အပြေဆုံး လမ်းကြောင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကုန်သည်တွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတဲ့အတွက် နှောင့်နှေးကြန့်ကြာတာတွေ၊ သယ်ယူစရိတ်တွေကို ဈေးကြီးပေးနေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အာရက္ခတပ်တော်အနေနဲ့ နယ်စပ် ကုန်စည်စီးဆင်းမှုအတွက် အဓိက အရေးပါတဲ့ အဲဒီလမ်းကို အမြန်ဆုံး ပြုပြင်ပေးစေလိုတယ်လို့ ရခိုင်က ကုန်သည်တွေက တောင်းဆိုနေကြပါတယ်။

ကုန်သည်တယောက်က “ရွှေလက်ဝနဲ့ ရှင်းလက်ဝကြား လမ်းကြောင်းကို ကုန်ကားတွေ သွားလို့ရလောက်တဲ့ အနေအထားမျိုးကို ဖြစ်စေချင်တယ်။ လမ်းတွေကို ပြုပြင်ပေးစေချင်တယ်။ အဓိက အဲဒီလမ်းကြောင်းကို အဆင်ပြေပြေ သွားလို့ရအောင် အာရက္ခတပ်တော် အနေနဲ့ရော၊ တဖက်မှာ မီဇိုရမ်ပြည်နယ်ရဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ရော ဆွေးနွေးညှိနှိုင်းပြီးတော့ ရာသီမရွေး သွားလို့ရအောင် လုပ်ပေးစေချင်ပါတယ်။ တဖက်မှာ ကျနော်တို့ဆီက သက်ဆိုင်ရာ အခွန်တွေ ကောက်ခံတဲ့အတွက် တဖက်မှာ ကုန်သည်တွေရော၊ ကားသမားတွေရော အတွက်ပေါ့နော် အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်။ ဆိုတော့ တချို့အပိုင်းမှာလည်း တာဝန်ယူရမယ့်အရာတွေ ရှိတယ်ပေါ့နော်။ အဲဒါတွေကို လျစ်လျူမရှုဘဲနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအရ လုပ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်လိုက်ပါတယ်။

ဒါကြောင့် ပလက်ဝ အပါအဝင် ရခိုင်က မြို့နယ် ၁၅ မြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိပြီးတဲ့နောက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ အဓိက အားထားနေကြရတာ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013