Home
ဆောင်းပါး
အာရက္ခတပ်တော် အင်အားကြီးထွားလာခြင်းနှင့် အိန္ဒိယအပေါ် သက်ရောက်မှုများ
DVB
·
May 26, 2025

တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြားက မြန်မာ့ပြည်တွင်းစစ်ဟာ ပြင်းထန်နေပါတယ်။ အဲဒီအထဲမှာ အာရက္ခတပ်တော် (AA) ဟာ အင်အားအကြီးဆုံးအဖွဲ့ ဖြစ်လာပြီး အခုအခါမှာ ရခိုင်ပြည်နယ်ရဲ့ ဒေသအတော်များများကို ထိန်းချုပ်ထားနိုင်လာနေပါပြီ။ ၂၀၂၄ ဒီဇင်ဘာလ ဒုတိယပတ်အတွင်းမှာ စစ်ကောင်စီဟာ သူ့ရဲ့ ထိန်းချုပ်နယ်မြေတွေကို အာရက္ခတပ်တော်ထံ လက်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် လုံခြုံရေးအခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။

ဒီလို မရေရာတဲ့ အခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်မှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အဲဒီဒေသကနေ ရိုဟင်ဂျာဒုက္ခသည်တွေ နောက်ထပ်တကြိမ် ထွက်ပြေးတာမျိုး ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြတာတွေလည်း ရှိနေပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်နွံထဲမှာ ရုန်းလေနစ်လေ ဖြစ်နေပါတယ်။

ဥရောပနဲ့ အနောက်အာရှက စစ်ပွဲတွေနဲ့ အလုပ်ရှုပ်နေတဲ့ ကမ္ဘာကြီးကတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို မေ့လျော့နေပါတယ်။ မြန်မာ့ပဋိပက္ခဟာ အိမ်နီးချင်းနိုင်ငံတွေအတွက် ရှောင်လွှဲလို့မရတဲ့ အန္တရာယ်အဖြစ် ရှိနေပေမဲ့ ကမ္ဘာကြီးကတော့ မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကို လျစ်လျူရှုထားကြတဲ့ပုံပါပဲ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံကတော့ သူ့အတွက် ရိုက်ခတ်မှုတွေ ရှိလာနိုင်တာကြောင့် မြန်မာပြည်ရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။

ဘာကြောင့် ဒီလိုပဋိပက္ခတွေ ဆက်ဖြစ်နေရတာလဲ။

သမိုင်းတ‌လျှောက် တရားမျှတမှု မရရှိခဲ့တဲ့ အာရက္ခတပ်တော်လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ လွတ်လပ်ရေးရပြီးကတည်းက သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ သယံဇာတ အကျိုးအမြတ်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်နဲ့ တိုက်ပွဲဝင်နေခဲ့ကြတာပါ။

အာရက္ခတပ်တော်ဟာ စစ်ကောင်စီကို တော်လှန်ဆန့်ကျင်ရေးအဖွဲ့ဖြစ်တဲ့ ညီနောင်သုံးဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ (ကျန်နှစ်ဖွဲ့ကတော့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဖြစ်ပါတယ်)။ ဒီမဟာမိတ်အဖွဲ့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာလည်း ထိုးစစ်တခု စတင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ တရုတ်နယ်စပ်တလျှောက်မှာ သိသာထင်ရှားတဲ့ အောင်ပွဲများစွာ ရရှိခဲ့ပါတယ်။

၂၀၂၄ ဩဂုတ်လမှာတော့ မဟာမိတ်အဖွဲ့ဟာ မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် စစ်ဌာနချုပ်တခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အရှေ့မြောက်ပိုင်း လားရှိုးမြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အခုဆိုရင် အာရက္ခတပ်တော်ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းက ဒေသတချို့ကိုပါ ထိန်းချုပ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်းတွေသာ တကယ်မှန်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်တပ်မတော်နဲ့ အာရက္ခတပ်တော်ကြား တိုက်ပွဲတွေ ဖြစ်လာနိုင်ပြီး ဒေသတွင်း လုံခြုံရေး အကျပ်အတည်းကို ပိုဆိုးရွားစေနိုင်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ အာရက္ခတပ်တော်ဟာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ULA (ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်) ရဲ့ စစ်ရေးတပ်ဖွဲ့အဖြစ် လှုပ်ရှားနေတယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၁၅ လအတွင်း အာရက္ခတပ်တော်ဟာ မြေပြင်မှာ ခြေကုပ်ရလာပြီး များစွာသော မြို့နယ်တွေ၊ စစ်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ရဲ့ အခုလို နယ်မြေတွေ ဆက်တိုက်သိမ်းပိုက်နေမှုကြောင့် သူတို့ရဲ့ ရည်ရွယ်ချက်ကို ဆန်းစစ်လာနေကြပါပြီ။

မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းကို နိုင်ငံသားအဖြစ် ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာရွာတွေကို ရက်ရက်စက်စက် နှိမ်နင်းပြီးနောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့အတွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး အိန္ဒိယနိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည် အများအပြား ဝင်ရောက်လာတာကို ရင်ဆိုင်ခဲ့ရပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရခိုင်ပြည်နယ်ဆိုတဲ့ ပုံရိပ်ကို ထိန်းသိမ်းထားတဲ့ အာရက္ခတပ်တော်ဟာ လက်ရှိအချိန်မှာတော့ ရိုဟင်ဂျာတွေကို သူတို့ရဲ့လူမျိုးစုအဖြစ် ပုံဖော်ချင်နေပါတယ်။ ဒါပေမဲ့ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေကလည်း ရိုဟင်ဂျာတွေအပေါ် သေစေလောက်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အတိတ်တုန်းက ကျူးလွန်ခဲ့ဖူးပါတယ်။

နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒ လေ့လာသူ ဆရီပတိ နာရာယာနန်က ဒေသတွင်း ဖြစ်ရပ်တွေကို ထောက်ပြခဲ့ပါတယ်။ ပြီးတော့ “ရိုဟင်ဂျာတွေကို စစ်ကောင်စီရော လက်နက်ကိုင်အဖွဲ့တွေကပါ အသုံးချခဲ့ကြတယ်။   အာရက္ခတပ်တော် (AA) ရဲ့ လက်နက်ခဲယမ်း အများစုဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက်နယ်စပ်ကနေ လာတာဖြစ်တယ်။ နယ်စပ်တဖက်တချက်က လူ့အဖွဲ့အစည်းတွေဟာလည်း ညီရင်းအစ်ကိုဆက်ဆံရေး ရှိကြတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

အိန္ဒိယရဲ့ အကျိုးစီးပွား

အိန္ဒိယရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားဟာ ရောထွေးနေပါတယ်။ အကြောင်းကတော့ လွန်ခဲ့တဲ့ လ ၂၀ အတွင်း မဏိပူရပြည်နယ်လို အိန္ဒိယအရှေ့မြောက်ပိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ရင်ဆိုင်နေရတာကြောင့်ပါ။ ဒါ့အပြင် မြန်မာနိုင်ငံကနေ ရောက်ရှိလာတဲ့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်တွေကြောင့် အဲဒီပြဿနာတွေဟာ ပိုပြီး ရှုပ်ထွေးလာခဲ့ပါတယ်။

အဲဒီလို အန္တရာယ်တွေကို သိမြင်ခဲ့တဲ့ အိန္ဒိယ ဗဟိုအစိုးရဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနယ်စပ်က သွားလာမှုတွေကို ထိန်းချုပ်ဖို့အတွက် မကြာသေးခင်က စည်းမျဉ်းတွေကို တင်းကျပ်ခဲ့ပါတယ်။ အရင်တုန်းကဆိုရင် နယ်စပ်ကနေ ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာ သွားလာခွင့်ပြုထားတဲ့ စည်းမျဉ်း (FMR) ကို အခု ၁၀ ကီလိုမီတာအထိ လျှော့ချပြီး ကန့်သတ်လိုက်ပါတယ်။

အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မော်လ်ဒိုက်၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့ရဲ့ နိုင်ငံရေးအခြေအနေတွေဟာ အမြဲပြောင်းလဲနေပါတယ်။ ဒါပေမဲ့ အဲဒီလို ပြောင်းလဲမှုတွေရှိပေမဲ့ သူတို့မှာ တူညီတဲ့ ဘုံလက္ခဏာတခု ရှိနေပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံအပေါ် မှီခိုမှု တိုးလာနေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဒီအခြေအနေက တရုတ်နိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အိန္ဒိယရဲ့ ဩဇာအာဏာကို လျှော့ချဖို့ အခွင့်အရေး ပိုရစေပါတယ်။ ဒါဟာ တရုတ်ရဲ့ ရေရှည်စီမံကိန်းရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို အသုံးချပြီး အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသတွေမှာ ပြည်တွင်းပြဿနာတွေ ပိုမိုဖြစ်ပေါ်လာအောင် လှုံ့ဆော်နိုင်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ အကျိုးစီးပွားတွေကို အတတ်နိုင်ဆုံး ကာကွယ်ဖို့အတွက် စစ်ကောင်စီနဲ့ရော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပါ ထိတွေ့ဆက်ဆံနေပါတယ်။ ပေကျင်းဟာ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍအပြင် တခြား အခြေခံအဆောက်အအုံတွေမှာလည်း ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားပါတယ်။ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်ရဲ့ အဓိကမြို့ဖြစ်တဲ့ ကျောက်ဖြူကို ထိန်းချုပ်ထားပါတယ်။ အဲဒီမြို့ဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ရေနံပိုက်လိုင်းနဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းအထိ ဆက်သွယ်ထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ စမှတ်လည်း ဖြစ်ပါတယ်။

အဲဒီပိုက်လိုင်းတွေဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိကအစိတ်အပိုင်းတခုဖြစ်ပြီး ပေကျင်းရဲ့ ခါးပတ်နဲ့ လမ်းကြောင်း အစီအစဉ်ကြီး (BRI) ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အာရက္ခတပ်တော်ရဲ့ အကူအညီနဲ့ ဘင်္ဂလားပင်လယ်အော်ကို အိန္ဒိယ အရှေ့မြောက်ပိုင်းနဲ့ ဆက်သွယ်ဖို့ ရည်ရွယ်ထားတဲ့ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းကိုလည်း စောင့်ကြည့်ချင်ပါတယ်။ ဒါပေမဲ့ စစ်တွေမြို့ (ရခိုင်ပြည်နယ်မြို့တော်) မှာ ဆိပ်ကမ်းအသစ်တွေ၊ မြစ်ကြောင်းသွားလာရေးစနစ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်မယ့်လမ်းတွေ ပါဝင်တဲ့ ကုလားတန်စီမံကိန်းဟာ ကြန့်ကြာနေပုံရပါတယ်။ အဲဒီစီမံကိန်းသာ အောင်မြင်ရင် အိန္ဒိယနိုင်ငံဟာ ကုန်သွယ်ရေးလမ်းကြောင်းတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မှီခိုရတာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ အခုဆိုရင် အိန္ဒိယနိုင်ငံဟာ ကြန့်ကြာနေတဲ့ စီမံကိန်းကို ပြန်စဖို့အတွက် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ အာရက္ခတပ်တော်နဲ့ ဆက်ဆံရဖွယ် ရှိနေပါတယ်။

အိန္ဒိယနိုင်ငံဟာလည်း တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ရော စစ်အစိုးရနဲ့ပါ ဆက်ဆံလာနေပြီ ဖြစ်သလို တခြား သံတမန်ရေး လမ်းကြောင်းတွေကိုလည်း စတင်အသုံးပြုနေပါပြီ။

“လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း အိန္ဒိယနိုင်ငံဟာ အိန္ဒိယနယ်စပ်နဲ့ နီးကပ်တဲ့ ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သင့်မြတ်တဲ့ ဆက်ဆံရေးတွေ စတင်ခဲ့ပါတယ်။ အကြောင်းကတော့ ကျမတို့ရဲ့ အရှေ့မြောက်ဒေသကို ကာကွယ်ဖို့ဆိုတဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို ဦးစားပေးချင်လို့ပါ” လို့ ချင်တန် သုတေသနဖောင်ဒေးရှင်းရဲ့ သုတေသန အကြီးတန်းအဖွဲ့ဝင် ချာဗီ ဗာဆစ်ရှ်က ပြောပါတယ်။ “ကျမတို့အနေနဲ့ အာရက္ခတပ်တော် (AA) နဲ့ ဆက်ဆံရေးကို ပိုပြီးတိုးမြှင့်ဖို့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ရမှာပါ။ ကျမတို့ရဲ့ နယ်စပ်ဒေသတွေတင် မကဘူး၊ ရခိုင်ပြည်နယ်ကို ဖြတ်သန်းသွားတဲ့ ကုလားတန်စီမံကိန်းကိုလည်း ကာကွယ်ဖို့ လိုအပ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အဲဒီလိုအခြေအနေတွေကို ကိုင်တွယ်ဖို့ဆိုရင် တော်လှန်‌ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြားမှာ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တခု စတင်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လိုအပ်ပါတယ်။

“အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုနေပါတယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံကို ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ဆီ ချောချောမွေ့မွေ့ ပြောင်းလဲစေချင်ပါတယ်” လို့ မစ္စ ဗာဆစ်ရှ်က ပြောပါတယ်။

ဘာတီမီသျှာနတ်

( အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် NDTV ရုပ်သံသတင်းဌာန ဝက်ဆိုက်တွင် ဆောင်းပါးရှင် Bharti Mishra Nath ရေးသားထားသည့် “Myanmar Conflict - Rise Of Arakan Army And Implications for India” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024