Home
ဆောင်းပါး
လေကြောင်းတိုက်ခိုက်မှုဆက်လုပ်ဖို့ စစ်တပ်က လေယာဉ်ဆီ ဘယ်လို ရနေသလဲ
DVB
·
May 24, 2025
Photo: GSCB

၂၀၂၅၊ မေလ ၁၂ ရက်နေ့မှာ စစ်ကောင်စီလေတပ်ဟာ စစ်ကိုင်းတိုင်း အလယ်ပိုင်းက ကျောင်းတကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေရာဟာ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဗဟိုချက်နဲ့ နီးတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ကျောင်းသား ၂၀ နဲ့ ဆရာ၊ ဆရာမ ၂ ဦးအထိ သေဆုံးခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ကြီးမားကျယ်ပြန့်တဲ့ လေကြောင်းစစ်ဆင်ရေးတခုရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၄,၀၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ အခု လေးနှစ်မြောက် ကာလမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့် လုပ်ဆောင်လာနေပါတယ်။

မတ်လနဲ့ ဧပြီလကြားမှာတင် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး အကြိမ် ၁၄၀ ပြုလုပ်ခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးလို နေရာတွေမှာ‌တောင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ဒီလေးနှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုတွေထံ နယ်မြေလက်လွှတ် ဆုံးရှုံးခဲ့ရပေမဲ့ အခုလို လေကြောင်းသာလွန်မှုကြောင့် အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ပါတယ်။

စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့ကတည်းက ငလျင်‌ဘေးအကူအညီပေးရေး ဆိုကာ အပစ်အခတ်ရပ်စဲကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ငြိမ်းချမ်းရေးလမ်းကြောင်းမှန်သမျှ စစ်ကောင်စီကပဲ ဆက်လက်ပိတ်ဆို့နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ငလျင်ကြောင့် လူပေါင်း ၃,၆၀၀ ကျော် သေဆုံးခဲ့ပြီး ၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ငလျင်ဘေးက လွတ်မြောက်ခဲ့ကြသူတွေကလည်း အခုဆိုရင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နောက်ထပ် စိတ်ဒဏ်ရာတွေ တိုးလာပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ လူထိခိုက် သေဆုံးမှုတွေနဲ့ အိမ်၊ ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းလို အဆောက်အအုံတွေကို ဖျက်ဆီးရာမှာ အကြီးမားဆုံး အဖျက်စွမ်းအားတခုလည်း ဖြစ်နေပါတယ်။

တိုက်ခိုက်ရေးလေယာဉ်တွေဆိုတာ မြန်မာတနိုင်ငံလုံးမှာ စစ်အုပ်စုကသာ ပိုင်ဆိုင်နိုင်ပြီး တခြား ဘယ်တော်လှန်ရေးအင်အားစုတွေမှာမှ မရှိတဲ့ တခုတည်းသောအရာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဟာ မြို့ကြီးတွေနဲ့ ပြည်နယ်မြို့တော်တွေကလွဲလို့ ကျန်တဲ့နေရာ အများစုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါ‌ပေမဲ့ အဆုံးသတ်အောင်ပွဲခံဖို့ကတော့ တော်တော်လေး ကြိုးစားကြရဦးမှာပါ။

စစ်အုပ်စုရဲ့ လေကြောင်းသာလွန်မှုကြောင့် စစ်ပွဲဟာ ဒီထက်ပိုပြီး ရှည်ကြာသွားနိုင်ပါတယ်။ အမေရိကန်နဲ့ မဟာမိတ် အနောက်နိုင်ငံတွေကလည်း စစ်အုပ်စုကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ထားပြီး အဲဒီအထဲမှာ ဂျက်လေယာဉ်ဆီ ကန့်သတ်မှုတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဟာ လိုအပ်တဲ့ ထောက်ပံ့မှုတွေကို ဆက်လက်ရရှိနေတုန်းပါပဲ။ Burma Campaign UK ရဲ့မတ်ခ်ဖာမန်နာက Taiwan Plus နဲ့ အင်တာဗျူးတခုမှာ “ဒါဟာ စစ်ကောင်စီကို ကူညီနေတဲ့ နိုင်ငံတကာက ထောက်ပံ့သူတွေကို အရေးယူဖို့ ပျက်ကွက်နေတာကြောင့်ပါ” လို့ ဝေဖန်ခဲ့ပါတယ်။

“မြန်မာစစ်တပ်မှာ ဂျက်လေယာဉ်ဆီကို ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့အထိ အရည်အချင်း မရှိပါဘူး။ တရုတ်နဲ့ ဗီယက်နမ်က သင်္ဘောနဲ့ လောင်စာဆီ ကုမ္ပဏီတွေဟာ အခုကိစ္စမှာ သွယ်ဝိုက် ထောက်ပံ့နေတာ တွေ့ရပါတယ်” လို့လည်း သူက ရှင်းပြခဲ့ပါတယ်။

အနောက်နိုင်ငံ အစိုးရတွေဟာ လေယာဥ်ဆီရောင်းချမှုတွေ ကန့်သတ်မယ်လို့ ကြေညာခဲ့ပေမဲ့ မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်း အနည်းငယ်ကိုသာ ပိတ်ဆို့အရေးယူကြောင်း မတ်ခ်ဖာမန်နာက ဝေဖန်ခဲ့ပါတယ်။ “အနောက်နိုင်ငံအစိုးရတွေဟာ စစ်ကောင်စီကို ကူညီနေတဲ့ နိုင်ငံတကာ ထောက်ပံ့သူတွေကို ခုချိန်ထိ ပိတ်ဆို့အရေးယူတာမျိုး မရှိသေးပါဘူး” လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီပျက်ကွက်မှုရဲ့ နောက်ဆက်တွဲ ရလဒ်တွေက အလွန်ဆိုးရွားပါတယ်။ “လေကြောင်းတိုက်ခိုက်မှုတွေ၊ ပဋိပက္ခတွေကြောင့် လူပေါင်း လေးသန်းကျော်ဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဟာ လူကို ထိခိုက်သေဆုံးစေပါတယ်။ ဒါ့အပြင် အဲဒီလို တိုက်ခိုက်မှုတွေကြောင့် သွယ်ဝိုက်ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေကလည်း ရှိနေပါတယ်။ နေစရာမရှိတာ၊ အစားအစာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိတာတွေဟာလည်း အလားတူ သေစေနိုင်တယ်” လို့ ဖာမန်နာက အလေးထား ပြောကြားခဲ့ပါတယ်။

စစ်ဘေးသင့်ဒေသတွေမှာ ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံစားရပြီးနောက် အခြေအနေတွေ ပိုဆိုးလာခဲ့ပါတယ်။ ငလျင်မလှုပ်ခင်ကတည်းက မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း သန်း ၂၀ ကျော်ဟာ ပဋိပက္ခတွေ၊ စီးပွားရေးပြိုလဲမှုတွေနဲ့ နေရပ်စွန့်ခွာရမှုတွေကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေခဲ့တာပါ။ အခုတော့ ငလျင်ဒဏ်သင့်ဒေသက လူပေါင်း ၆ သန်းကျော်၊ (ကလေးငယ် ၂ သန်း အပါအဝင်) ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ “မီးလောင်ရာ လေပင့်” အခြေအနေတခုကို ထပ်မံကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေက နေအိမ်တွေ၊ ဆေးရုံတွေနဲ့ စစ်ဘေးရှောင်စခန်းလို ခိုလှုံရာနေရာတွေကို ဆက်လက်ဖျက်ဆီးနေသလို ငလျင်ဒဏ်ကြောင့်လည်း ပျက်စီးလွယ်တဲ့ အခြေခံ အဆောက်အအုံတွေဟာ ထပ်မံပျက်စီးခဲ့ရပြန်ပါပြီ။ မြန်မာပြည်သူတွေဟာ သန့်ရှင်းတဲ့ရေ၊ သန့်ရှင်းတဲ့ မိလ္လာစနစ်နဲ့ ဆေးဝါးကုသမှုတွေ မရရှိဘဲ ဖြစ်နေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ဌာနတွေကလည်း ဝန်ပိနေပါပြီ။ ဆေးဝါးတွေကလည်း ရှားပါးလာသလို မကြာခင်မှာပဲ မိုးရာသီကို ရောက်လာတော့မှာပါ။ ဒါကြောင့် ရောဂါကူးစက်မှု ပြန့်ပွားနိုင်ခြေ များလာနေပါတယ်။ နိုင်ငံတကာ အကူအညီတွေကလည်း အကန့်အသတ်နဲ့ပဲ ရှိနေပြီး ဂျက်လေယာဉ်ဆီတွေကလည်း စစ်အုပ်စုဆီကို ဆက်လက်ရောက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေဟာ လူလုပ်စစ်ပွဲရော၊ သဘာဝဘေးအန္တရာယ် နှစ်မျိုးစလုံးရဲ့ ခြိမ်းခြောက်မှုတွေကိုပါ ခါးစည်း ရင်ဆိုင်နေကြရပါတယ်။

NUG နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံကို ဂျက်လေယာဉ်ဆီ ရောင်းချမှု လုံးဝရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဖာမန်နာရဲ့ ပြောကြားချက်အရ နိုင်ငံတကာ အသိုက်အဝန်းကတော့ ခုထက်ထိ တွေဝေတုံ့ဆိုင်းနေတုန်းပါပဲ။ လေယာဉ်ဆီ ရောင်းချမှုကိုသာ လုံးဝပိတ်ပင်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပျက်စီးလုနီးပါး ဖြစ်နေတဲ့ စီးပွားရေး ပိုပြီး ထိခိုက်သွားမှာကို စိုးရိမ်နေကြပါတယ်။ ဒီစိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိတ်ပင်ဖို့က ပိုအရေးကြီးတာကြောင့် စီးပွားရေးပြဿနာတွေ ရှိလာရင်တောင် အလုံးစုံပိတ်ဆို့တာကိုပဲ လုပ်ဆောင်သင့်ကြောင်း အကြံပြု တိုက်တွန်းကြပါတယ်။

“ဂျက်လေယာဉ်ဆီကို အရပ်ဘက်သုံးဖို့ ပေးပို့ရင်တောင် စစ်တပ်က ယူသွားနိုင်တယ် ဆိုတာကို အတိတ်က အတွေ့အကြုံအရ ကျနော်တို့ သိနားလည်လာကြပါတယ်။ ဒါကြောင့် စစ်တပ်ကို ဂျက်လေယာဉ်ဆီ ထောက်ပံ့မှု ဖြတ်တောက်ဖို့ တခုတည်းသော နည်းလမ်းကတော့ မြန်မာနိုင်ငံကို ဂျက်လေယာဉ်ဆီ ထောက်ပံ့မှု လုံးဝမ‌ပေးဖို့ဘဲ ဖြစ်ပါတယ်” လို့ ဖာမန်နာက ဆိုပါတယ်။ အနောက်နိုင်ငံတွေရဲ့ တွေဝေတုံ့ဆိုင်းမှုဟာ တလွဲဆံပင်ကောင်း လုပ်ရပ်သာဖြစ်ကြောင်း သူက ထောက်ပြပါတယ်။ “သူတို့ပေးတဲ့ အကြောင်းပြချက်တွေထဲက တခုက ‘တိုင်းပြည်စီးပွားရေး ထိခိုက်မှာ စိုးရိမ်လို့ပါ’ ဆိုတဲ့အချက်ပါပဲ။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို မြန်မာပြည်သူတွေကိုယ်တိုင် ချမှတ်ရမှာပါ။”

“လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ဒုတ်ဒုတ်ထိ ခံနေရတဲ့ ပြည်တွင်းက ပြည်သူတွေကိုယ်တိုင် စစ်ကောင်စီကို လေယာဉ်ဆီ လုံးဝမထောက်ပံ့ဖို့ ကျနော်တို့ကို တောင်းဆို‌နေကြတာပါ။ ဂျက်လေယာဉ်ဆီမရှိရင် ဂျက်လေယာဉ်တွေ ပျံလို့မရတော့ဘူး။ ဂျက်လေယာဉ်တွေ မပျံနိုင်ရင် ပြည်သူတွေကို ဗုံးကြဲလို့လည်း မရတော့ဘူးလေ။ ရှင်းရှင်းလေးပါပဲ”

ဒါပေမဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကတော့ အားပျော့နေဆဲပါပဲ။ အဲဒီလို ဟာကွက် ပျော့ကွက်တွေကြောင့် စစ်အုပ်စုဟာ လေယာဥ်ဆီတွေကို ဆက်လက်ရရှိနေတုန်း ဖြစ်ပါတယ်။ စစ်အုပ်စုဟာ နိုင်ငံတော်ဘတ်ဂျက်ကို ထိန်းချုပ်ထားသလို သဘာဝသယံဇာတတွေကနေ ရတဲ့ ဝင်ငွေတွေကိုလည်း စစ်ဘက်ရေးရာကိစ္စတွေ အတွက်သာ အသုံးပြုနေပါတယ်။ ဒီထဲမှာ လေယာဥ်လောင်စာဆီ ဝယ်ယူတာ၊ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်ရာမှာ သုံးတဲ့ ပစ္စည်းတွေ ဝယ်တာမျိုးတွေလည်း ပါဝင်ပါတယ်။

စစ်အုပ်စုရဲ့ လောင်စာဆီ အများစုဟာ Jet A-1 အမျိုးအစား ဖြစ်ပါတယ်။ အရပ်ဘက် လေကြောင်းလိုင်းတွေမှာ သုံးတဲ့ လောင်စာဆီ အမျိုးအစားနဲ့ အတူတူပါပဲ။ စစ်အုပ်စုက ဒီလောင်စာဆီတွေကို အရပ်ဘက်တင်ပို့မှုတွေကနေတဆင့် လမ်းကြောင်းပြောင်းပြီး ရယူသုံးစွဲနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လောင်စာဆီထောက်ပံ့ရေး အဓိကကွင်းဆက်ကတော့ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) ပါပဲ။ MPE ဟာ ဂျက်လေယာဉ်ဆီ တင်သွင်းတာ၊ သိုလှောင်တာနဲ့ ဖြန့်ဖြူးတာတွေကို ကြီးကြပ် ဆောင်ရွက်ပါတယ်။

MPE ဟာ စစ်တပ်ရဲ့ အဓိက လောင်စာဆီတင်သွင်းတဲ့ Asia Sun Group လိုမျိုး ခရိုနီအုပ်စုတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ Amnesty International (နိုင်ငံတကာလွတ်ငြမ်းချမ်းသာခွင့်အဖွဲ့) မှတ်တမ်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ အနည်းဆုံး သုံးကြိမ် တင်ပို့ခဲ့ကြောင်း ဖော်ပြထားပါတယ်။ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေနဲ့ စစ်အုပ်စုထံ လောင်စာဆီ မရောက်အောင် တောင်းဆိုမှုတွေ အကြိမ်ကြိမ်ရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်က ပုံစံအတိုင်း ဆက်လက်ဖြစ်ပျက်နေတုန်းပါပဲ။ လောင်စာဆီ တင်ပို့မှုတွေဟာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့ပါတယ်။ ဒီတင်ပို့မှုတွေဟာ ရှုပ်ထွေးတဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကနေတဆင့် ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံ အသီးသီးက ကုမ္ပဏီတွေကြား အဆင့်ဆင့် လွှဲပြောင်းတာမျိုးတွေလည်း ပါဝင်ပါတယ်။ လောင်စာဆီတွေကို ဗီယက်နမ်၊ စင်ကာပူ၊ ယူအေအီးနဲ့ တရုတ်နိုင်ငံတို့ကနေ တဆင့် ပို့ဆောင်ခဲ့ပြီး တရုတ်ပိုင် HUITONG78 သင်္ဘောက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Sahara Energy, CNOOCSingapore နဲ့ Royal Vopak တို့လို ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။ အခုလို အရောင်းအဝယ်လုပ်ငန်းတွေဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကနေ ဖြတ်သန်းသွားလေ့ရှိပါတယ်။ အာဆီယံရဲ့ အခုလို လက်ပိုက်ကြည့်နေတဲ့ လုပ်ရပ်ဟာ စစ်အုပ်စုကို သွယ်ဝိုက် အားပေးကူညီနေတယ်ဆိုတာ ထင်ရှားနေပါတယ်။

ဗြိတိန် အာမခံကုမ္ပဏီ အနည်းဆုံး ငါးခုက မြန်မာ့ရေနံဓာတုလုပ်ငန်း (MPE) နဲ့ Asia Sun တို့ဆီ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ပစ္စည်းပို့ဆောင်မှုတွေကို အာမခံပေးခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် စစ်ကောင်စီရဲ့ လေယာဉ်ဆီရရှိမှု လွယ်ကူစေခဲ့တာပါ။ ယူကေအစိုးရအနေနဲ့ သူ့ရဲ့ အာမခံကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ရေနံရောင်းဝယ်မှုတွေကို လုပ်ဆောင်မပေးပို့ဖို့ အလွယ်တကူ တားမြစ်နိုင်ပါတယ်။ G7 အဖွဲ့က ရုရှားရေနံစိမ်းကို တစည် ဒေါ်လာ ၆၀ ဈေးနှုန်း ကန့်သတ်ချက် ထားရှိတုန်းက လုပ်ခဲ့သလိုမျိုး လုပ်ဆောင်နိုင်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ လုပ်‌ခဲ့တဲ့ သင်္ဘောတွေနဲ့ အာမခံကုမ္ပဏီတွေကို အမည်ပျက်စာရင်း သွင်းတာမျိုးလည်း ပါဝင်ပါတယ်။ ဒီနည်းအားဖြင့် ဗြိတိန်အခြေစိုက် အာမခံကုမ္ပဏီတွေရဲ့ ‌ဝန်ဆောင်မှုတွေကို ရယူခွင့် ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

အခု မြန်မာ့ကိစ္စမှာလည်း ဗြိတိန်အစိုးရအနေနဲ့ အလားတူ ဆောင်ရွက်မှုတွေကို လုပ်ဆောင်ပြီး ဗြိတိန်အာမခံကုမ္ပဏီတွေကို မြန်မာစစ်တပ်နဲ့ ချိတ်ဆက်ထားတဲ့ အဖွဲ့အစည်းတွေကို အာမခံမပေးဖို့ တားမြစ်နိုင်ပါတယ်။ အစိုးရရဲ့ အာဏာကို ကျင့်သုံးပြီး ငွေကြေးဆိုင်ရာ ဂယ်ပေါက်တွေကို ပိတ်ဆို့နိုင်ပါတယ်။ ဒီနည်းအားဖြင့် နိုင်ငံတကာရဲ့ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ထောက်ခံအားပေးနိုင်ပါတယ်။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံပိုင် လေကြောင်းလုပ်ငန်း ကော်ပိုရေးရှင်း (AVIC) ကလည်း မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ ဆက်လက် ထောက်ပံ့နေပါတယ်။ ဒါတွေထဲမှာ JF-17 လေယာဉ်တွေလည်း ပါဝင်ပါတယ်။ AVIC လေယာဉ်အမျိုးအစား ၅ မျိုးထက်မနည်းကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုခဲ့ကြောင်း Justice for Myanmar က အတည်ပြုခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတချို့ AVIC ကနေ နုတ်ထွက်သွားကြပေမဲ့ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီတို့ တစိတ်တပိုင်း ပိုင်တဲ့ Airbus ကတော့ အဲဒီကုမ္ပဏီမှာ ရှယ်ယာတွေ ဆက်လက်ပိုင်ဆိုင်ထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေကိုတောင် တိုးချဲ့ထားပါတယ်။

အနောက်နိုင်ငံတွေ၊ အထူးသဖြင့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေက စစ်အုပ်စုကို တက်တက်ကြွကြွ ကူညီပံ့ပိုးပေးနေတယ် ဆိုတာဟာ အတော်လေး စိတ်ပူစရာကောင်းပါတယ်။ EU နဲ့ အာဆီယံ နှစ်ခုလုံးက စစ်ကောင်စီရဲ့ လုပ်ငန်းတွေကို ကူညီ‌ပေးနေတယ်ဆိုရင် သူတို့ကို ဘယ်သူက ရပ်တန့်အောင် လုပ်ပေးမှာလဲဆိုတဲ့ မေးခွန်းကို မေးရတော့မှာဖြစ်ပါတယ်။

ဒီလို သံသရာလည်နေတာကို ရပ်တန့်ဖို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့နဲ့ Justice for Myanmar အဖွဲ့တို့က ကမ္ဘာ့အသိုင်းအဝိုင်းကို ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဂျက်လေယာဉ်ဆီ ပိတ်ဆို့အရေးယူမှုတွေကို အပြည့်အဝ အကောင်အထည်ဖော်ရမှာဖြစ်ပြီး တခြားအစိုးရတွေကလည်း စစ်အုပ်စုရဲ့ ထောက်ပံ့ရေးကွန်ရက်ကို ဖြတ်တောက်မယ့် အစီအမံတွေ ပိုမိုအားကောင်းအောင် လုပ်ဆောင်ရမယ်လို့ တိုက်တွန်းထားပါတယ်။ ဒီအစီအမံတွေထဲမှာ တင်းတင်းကျပ်ကျပ် စောင့်ကြည့်စစ်ဆေးတာတွေ၊ ကြားခံလူတွေကို ဖော်ထုတ်တာတွေ၊ လောင်စာဆီ ရောင်းဝယ်သူတွေ၊ အာမခံထားတဲ့သူတွေ၊ သင်္ဘောပိုင်ရှင်တွေနဲ့ လေကြောင်းဆိုင်ရာ ကုမ္ပဏီတွေကို တာဝန်ယူခိုင်းတာတွေ ပါဝင်ပါတယ်။ MPE၊ Asia Sun တို့နဲ့ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ဖြစ်ဖြစ် ဆက်ဆံမှုအားလုံးကို အဆုံးသတ်ရပါမယ်။

ဥရောပအစိုးရတွေကလည်း Airbus ကို ဖိအားပေးရပါမယ်။ AVIC နဲ့ စစ်ရေးဆက်ဆံမှုတွေ ဖြတ်တောက်ဖို့၊ အခုရော နောင်‌ရော လေယာဉ်လွှဲပြောင်းမှု အားလုံး ရပ်ဆိုင်းဖို့ ဖိအားပေးရပါမယ်။ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အာဆီယံတို့ဟာ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်နဲ့ တရုတ်တို့မှာရှိတဲ့ ထောက်ပံ့ပို့ဆောင်ရေး စင်တာ‌တွေကို အမြန်ဆုံး ပိတ်ပစ်ရပါမယ်။ ဒါ့အပြင် ဘယ်သူတွေက ပစ္စည်းတွေကို နောက်ဆုံးအသုံးပြုမလဲ ဆိုတာနဲ့ ပတ်သက်ပြီး လုပ်ငန်းစဥ်ရဲ့ အဆင့်တိုင်းမှာ တိတိကျကျ စစ်ဆေးထိန်းချုပ်မှုတွေ လုပ်ဆောင်မှ ရပါလိမ့်မယ်။

အန်တိုနီယို ဂရေ့စ်ဖို

(DVB English ဝက်ဆိုက်တွင်  Antonio Graceffo ရေးသားထားသည့်  “ How jet fuel enables the Myanmar military to continue its airstrikes”  ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

ဆောင်းပါးရှင် အန်တိုနီယို ဂရေ့စ်ဖို (Antonio Graceffo) သည် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ဘွဲ့များ ရရှိထားသူ ဖြစ်သည်။ အမေရိကန် စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး အာရှတိုက်တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ နေထိုင်ခဲ့ကာ တွေးခေါ်ပညာရှင် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမီဒီယာများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024