
အင်အားပြင်း စစ်ကိုင်းမြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ အင်းလေးဒေသက နေအိမ်တွေကို ပြန်လည်တည်ဆောက်ရာမှာ ၃၀ ရာခိုင်နှုန်းလောက်ပဲ ပြီးစီးသေးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသဟာ မတ် ၂၈ ရက်မှာ စစ်ကိုင်ကိုဗလိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ပြည်သူ အယောက် ၁၀၀ ကျော် သေဆုံးခဲ့ရပြီး နေအိမ် ၃၂၀၀ ကျော် ယိုင်လဲ ပျက်စီးခဲ့ရပါတယ်။
ယိုင်လဲသွားတဲ့အိမ်တွေကို ပြန်လည်တည့်မတ်တာက ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းလောက်ထိ ပြုပြင်ပြီးပေမဲ့ လုံးဝပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ပြန်လည်ထူထောင်ရေးလုပ်တာက ၃၀ ရာခိုင်နှုန်းလောက်အထိပဲ ပြီးသေးပါတယ်။
အင်းလေးဒေသခံက “လုံးဝပျက်စီးပြီးတော့ ပြန်ဆောက်ရမယ့်အိမ်တွေအတွက်ကတော့ တအင်းလုံး အနေအထားပြောရမယ်ဆို ၃၀ ရာခိုင်နှုန်းလောက်ပဲ ပြီးစီးနိုင်သေးတယ်ဗျ။ ဘာလို့လဲဆိုတော့ နံပတ် ၁ အချက်က ငွေရေးကြေးရေးအဆင်မပြေတဲ့ ကိစ္စ၊ နံပတ် ၂ အချက်က ကုန်ဈေးနှုန်းတက်တာရယ်၊ နံပတ် ၃ က လက်သမားဆရာ အလုံအလောက်မရှိတာရယ်။ ကုန်ဈေးနှုန်းတက်နေတာက တနေ့တ ခြားပါပဲ၊ မှန်းထားတာနဲ့ တခြားဆီဖြစ်နေတာပေါ့နော်။ ဆိုင်မှာ ပစ္စည်းသွားဝယ်ရင် အဲလိုမျိုး ကြုံနေရတယ်။ ပြန်လည်တည်ဆောက်ရေးမှာဆိုရင် ရာသီဥတုကလည်း တခုအရေးပါတယ်ဗျ။ ခုက မိုးကတအားများလာတော့ ပြန်လည်တည်ဆောက်နေချိန် မိုးတွေလေတွေ တိုက်လာပြီဆို ဆောက်လုပ်တာတွေက ယာယီ ခဏရပ်ရတယ်”လို့ ပြောပါတယ်။
တချို့နေရာတွေမှာ အိမ်မဆောက်ရသေးတဲ့အတွက် ယာယီတဲထိုးပြီး နေထိုင်နေရင်းကနေ မိုးရွာလို့ ရေတက်လာတာတွေလည်းကြုံတွေ့နေရပါတယ်။
ပြိုလဲပျက်စီးသွားတဲ့အိမ်တလုံးကို ပြန်လည်တည်ဆောက်ရာမှာ ဝါးအိမ်တလုံးကို ငွေကျပ် ၅၅ သိန်းလောက် ကုန်ကျပြီး သစ်အိမ်တလုံးကိုကျပ် သိန်း ၂၀၀ ကနေ သိန်း ၃၀၀ အထိ ကုန်ကျတယ်လို့ သိရပါတယ်။
လက်သမားဆရာတယောက်က “လက်သမားတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကုန်းပေါ်မှာ ဆောက်ရတာကပိုပြီးတော့မြန်တယ်။ ရေထဲကျတော့ လုပ်ရတာပိုခက်ခဲတယ်။ အခုက အလှူရှင်တွေက ရက်သတ်မှတ်ထားတော့ ကျနော်တို့ လက်သမားဆရာတွေမှာ ဟိုအိမ်ဒီအိမ် အကူညီတောင်းတော့ အခုအိမ်မှာ တရက် ၂ ရက်ဝင်ပြီး ဟိုဘက်အိမ် ကူးနေရတော့ ပြီးသင့်သလောက်မပြီးဘူး။ လက်သမားအင်အားမရှိတော့ ဟိုဘက်အိမ် ၂ ယောက်၊ ဒီဘက်အိမ် ၃ ယောက်ခွဲပြီး လုပ်နေရတော့ အချိန်က ပိုပြီး ကြန့်ကြာသွားတယ်”လို့ ပြောပါတယ်။
ငလျင်ကြောင့် အင်းလေးဒေသက နန်းပန်၊ ကေလာ၊ ကြာတော၊ ဇရပ်ကြီး၊ ဟဲယာရွာမ၊ စိတ္တ၊ သလဲဦး၊ ရေလယ်၊ ရှေ့ဝကြီး၊ မြောင်းဝကြီး၊ စတဲ့ကျေးရွာတွေမှာ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
ပျက်စီးသွားရတဲ့ နေအိမ်တွေအတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေက နေအိမ်တွေ ပြန်လည်ဆောက်လုပ်နိုင်ဖို့ ပံ့ပိုးကူညီနေကြပေမဲ့ ကုန်ဈေးနှုန်းတက်လာတာ၊ မိုးတွေ ဆက်တိုက်ရွာတာ၊ လက်သမားမလုံလောက်တာ၊ ထိခိုက်ပျက်စီးရတဲ့ နေအိမ်တွေများတာကြောင့် အခက်အခဲတွေကြုံနေရတာဖြစ်ပါတယ်။
နှင်းနှင်း