DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ခိုးဆိုး လုယက်မှုများ ဖြစ်နေပြီး တာဝန်ခံမည့် အဖွဲ့အစည်းမရှိ
DVB
·
May 10, 2025
လားရှိုးတွင် ခိုးဆိုး လုယက်မှုများ ဖြစ်နေပြီး တာဝန်ခံမည့် အဖွဲ့အစည်းမရှိ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ စစ်ကောင်စီက ပြန်လည်အုပ်ချုပ်နေပြီဖြစ်ပေမဲ့ ခိုးဆိုး လုယက်မှုတွေ များလာနေပြီး ပြည်သူတွေအတွက် လုံခြုံရေးကို တာဝန်ခံပေးမယ့် အဖွဲ့အစည်း မရှိတဲ့အတွက် ကြောက်လန့်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ ကြိုးစားနေတဲ့အချိန်မှာ စီးပွားရေး ကျပ်တည်းမှုတွေနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေကြောင့် ခိုးဆိုး လုယက်မှုတွေ ကျူးလွန်လာကြတာဖြစ်ပြီး စစ်ကောင်စီဘက်က ထိထိရောက်ရောက် အရေးမယူနိုင်ဘူးလို့ ဆိုပါတယ်။

လားရှိုးဒေသခံတယောက်က “အဲဒီ သူခိုးဓားပြတွေပဲ စိုးရိမ်နေရတာ၊ ကျန်တာတော့ ဘာမှ ထွေထွေထူးထူး မရှိပါဘူးနော့။ ရဲတွေလည်းရောက်နေပြီ၊ စစ်တပ်လည်း ရောက်နေပြီဆိုတော့ အခုဟာက မြို့မရဲစခန်းရဲ့ တိုက်တန်းမှာတောင်မှ ဓားပြဝင်တိုက်ရဲတယ် ဆိုကတည်းက ရဲစခန်းနားမဟုတ်တဲ့ ကျနော်တို့ ရပ်ကွက်နားက ပြည်သူလူထုအတွက် တော်တော်လေးကို စိန်ခေါ်မှုတခု ဖြစ်တယ်ပေါ့ဗျာ။ ဖြစ်နိုင်ရင်တော့ ဒါလေးကိုတော့ ထိထိရောက်ရောက် လုံခြုံရေးတော့ ပေးစေချင်တာပေါ့ဗျာ” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ ကိုးကန့်တပ် MNDAA က တရုတ်ရဲ့ဖိအားကြောင့် လားရှိုးမြို့ကနေ ပြန်ဆုတ်ပေးလိုက်ရပြီး နှစ်ပတ်ကျော်ကြာတဲ့အထိ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နိုင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးတွေ ပြန်ဝင်လာပြီး မကြာမီမှာပဲ ရပ်ကွက် ၁ ထဲမှာ ဓားထောက်ပြီး ကလေးတယောက်ဆီက ဖုန်းလုယက်မှု၊ ရပ်ကွက် ၉ ထဲမှာ ဦးအိုက်မောင်ရဲ့ နေအိမ်ကို ဝင်ရောက်ပြီး လူကို ဓားနဲ့ခုတ်ကာ ငွေယူသွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအပြင် ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ အစပ် သိန္နီလမ်းက ဓာတ်ပုံတိုက်ကိုလည်း ဓားပြဝင်တိုက်ပြီး ကားတစီးနဲ့ ငွေကျပ်သိန်း ၁၀၀ ယူသွားတာ၊ ရပ်ကွက် ၇ ထဲကို ဝင်ခိုးလို့ နှစ်ယောက်ဖမ်းမိတာနဲ့ အမှတ် ၁ ရဲစခန်းတိုက်တန်းက ဖုန်းဆိုင်ကို ဓားပြတိုက်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လားရှိုးမြို့ရောက် ဌာနဆိုင်ရာဝန်ထမ်းတယောက်က “လက်ရှိအခြေအနေကတော့ လူသတ်မှုကိုတောင် အရေးမယူနိုင်ဘူး။ ရောက်လာတဲ့ ဝန်ထမ်းတွေကလည်း မန်ဆူရှမ်းကျောင်းမှာ တည်းခိုနေရတယ်။ ထွေအုပ်ဝန်ထမ်း များတယ်။ ၆ လပိုင်းအထိ သူတို့ဟာသူတို့ အလုပ်ရှုပ်နေမှာမို့ ဘာမှဝင်လုပ်နိုင်မှာ မဟုတ်ဘူး” လို့ DVB ကိုပြောပါတယ်။

ကိုးကန့်တပ်တွေ မဆုတ်ခွာခင် ၂၀၂၃ ခုနှစ်ထဲမှာ လားရှိုးမြို့အတွင်း မုဒိမ်းမှု၊ လူသတ်မှု၊ ဓားပြတိုက်မှုနဲ့ ဖောက်ထွင်းခိုးယူမှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ လူ ၈ ယောက်ကို ဧပြီ ၁၀ ရက်မှာ သေဒဏ်အမိန့်နဲ့ တသက်တကျွန်း စတဲ့ပြစ်ဒဏ်တွေကို ကိုးကန့်တပ်ဘက်က ချမှတ်ခဲ့ပါတယ်။

စစ်ကောင်စီက လားရှိုးမြို့ကို ပြန်ဝင်ရောက်လာပေမဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ ဌာနဆိုင်ရာရုံးတွေမှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်ပြီး အခြေမချနိုင်သေးဘူးလို့ ဆိုပါတယ်။

လားရှိုးဒေသခံတယောက်က “ကျနော်သိရတာ စစ်တပ်ပိုင်းက ဝင်လာတာများပေမဲ့ ရဲပိုင်းကျတော့ နည်းနည်း လူအင်အားနည်းနေတဲ့သဘော ရှိမယ်ထင်တယ်။ အဲဒီတချက်ရယ် သူတို့ လုံခြုံရေးဘက်ကို ဦးစားမပေးသေးသလားလို့၊ တကယ်ဆို လုံခြုံရေးဘက်ကို ဦးစားပေးရမှာလေနော်။ အခုက ပြည်သူလူထုက စားမဝင် အိပ်မပျော်ဘူး။ ညညဆို ထကြည့်နေရတယ်။ သွားလာရေးတွေလည်း တော်တော်လေးကို ဂရုစိုက်ထားနေရတယ်လေ” လို့ ပြောပါတယ်။

ကိုးကန့်တပ်တွေ ပြန်ဆုတ်သွားပြီးတဲ့နောက် မေလ ၂ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ယာဉ်ထိန်းရဲ၊ သတင်းရဲတပ်ဖွဲ့၊ ပညာရေးဌာနနဲ့ စည်ပင်ဌာနတို့က လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ အမှတ် ၆၂၆ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း၊ ပညာရေး ၈၊ အမှတ် ၆၈ ခြေလျင်တပ်ရင်း၊ အမှတ် ၅၀၇ ခြေမြန်တပ်ရင်း၊ အမှတ် ၄၁ ခြေလျင်တပ်ရင်းတွေမှာ အထိုင်ချနေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013