DVB Logo
Home
ဆောင်းပါး
၄ နှစ်သား PDF အာဏာရှင်တော်လှန်ရေးခရီး ဘယ်လိုဆက်လျှောက်မလဲ
DVB
·
May 9, 2025
၄ နှစ်သား PDF အာဏာရှင်တော်လှန်ရေးခရီး ဘယ်လိုဆက်လျှောက်မလဲ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် လူပေါင်း  ၂၀,၀၀၀ နီးပါး သေဆုံးနေချိန်အတွင်းမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ ပြည်သူလူထုက သူတို့လိုချင်တဲ့ အစိုးရကို ရွေးချယ်ခဲ့ပေမဲ့ စစ်တပ်က အဲဒီရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ လူထုတော်လှန်ရေးကြီးတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။

အကြမ်းမဖက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ လူထုကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်မှုတွေ လုပ်လာတဲ့အချိန်မှာ လူငယ်တွေဟာ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ ခိုလှုံပြီး စစ်ပညာသင်ယူကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ပုံစံမျိုးစံနဲ့ ဒေသအစုံမှာ ဖွဲ့စည်းခဲ့ကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး ၄ နှစ်ကျော်လာချိန်မှာတော့ PDF တပ်ဖွဲ့တွေဟာ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်တွေ၊ တိုင်းစစ်ဌာနတွေအပြင် မြို့သိမ်းတိုက်ပွဲတွေအထိပါ သိမ်းပိုက်နိုင်တဲ့အထိ တိုက်ခိုက်ရေးစွမ်းရည်တွေ ပြည့်ဝလာခဲ့ပါတယ်။

ဒါကြောင့်ပဲ အာဏာသိမ်းစစ်တပ်ကို အပြီးတိုင်ဖြိုချနိုင်မယ့် ဗျူဟာမြောက် ထိုးစစ်ကို ဖော်ဆောင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ ပြင်ဆင်နေကြတာတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ဖော်ပြောဆိုလာပါတယ်။

တနိုင်ငံလုံးမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အင်အားဟာ အာဏာသိမ်းစစ်တပ်မှာရှိတဲ့ စစ်အင်အားထက် အဆများစွာ သာလွန်နေတာကြောင့် အဲဒီအင်အားတွေကို စုစည်းပြီး အာဏာရှင်စစ်တပ်ကို ဖြိုချသင့်ပြီလို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ တပ်ရင်းမှူး ကိုစွမ်းလူမောင်က ထောက်ပြပါတယ်။

အဲဒီအချက်ကို 96 Soldier PDF တာဝန်ခံ ကိုဇေယျာလွင်ကလည်း ထောက်ခံသလို လက်ရှိမှာ PDF အကုန်လုံးနီးပါးက ပိုအားကောင်းတဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေ လုပ်ဖို့ ပြင်ဆင်နေကြပြီး အမိန့်ပေးစေခိုင်းမှု အားကောင်းတဲ့ တပ်ဖွဲ့တွေအဖြစ် အသွင်ပြောင်းဖို့ကိုလည်း ကြိုးစားနေကြပြီလို့ ပြောပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုင်းမှာ ရည်မှန်းချက်တွေ ရှိနေကြပေမဲ့ ဘယ်နေ့မှာ တော်လှန်ရေးပြီးနိုင်မလဲ ဆိုတာကတော့ ပြောဖို့ခက်တယ်လို့ ဆိုပါတယ်။

ပြန့်ကျဲနေတဲ့ PDF တပ်ဖွဲ့တွေ အားလုံးကို အမိန့်ပေးစေခိုင်းမှု တခုတည်းအောက်မှာ မထားနိုင်သေးတာကြောင့် ဗျူဟာမြောက် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ထောက်ပြပါတယ်။

အမိန့်ပေးစေခိုင်းမှု အားကောင်းလာခဲ့ရင် အာဏာသိမ်းစစ်တပ်ကို အချိန်တိုအတွင်းမှာ ဖြိုချနိုင်မှာ ဖြစ်သလို တော်လှန်ရေး အမြန်အောင်မြင်ဖို့အတွက် ဆိုရင်တော့ တော်လှန်ရေး အင်အားစုတွေဘက်မှာ ညီညွတ်တဲ့ တပ်ပေါင်းစုတခုကို ဖော်ဆောင်ဖို့လိုတယ်လို့ ဆိုပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ နိုင်ငံရေးအရ သဘောတူညီမှုတွေကို မရယူနိုင်ရင်တော့ နောင်နှစ်တွေမှာ စစ်ရေး ဆက်လက်ပြင်းထန်လာနိုင်သလို တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုတွေက လက်ရှိတော်လှန်ရေးကို ဘယ်လောက်အတိုင်းအတာထိ ရပ်တန့်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ်လို့ သုံးသပ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ နိုင်ငံရေးအရ မစဉ်းစားဘဲ စစ်ရေးအရပဲ စဉ်းစားမယ် ဆိုရင်တော့ တိုက်ပွဲတွေဟာ ဆက်ပြီး ပြင်းထန်နေဦးမှာပဲလို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့  အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်ကတော့ တိုင်းရင်းသားတပ်ဖွဲ့တွေကလွဲပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ထုတ်ဖော်မပြောဆိုသလို အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်တပ် နိုင်ငံရေးက ထွက်ရမယ်ဆိုတဲ့ ကတိအပြင် ဘုံသဘောထား ၆ ချက်ကို လက်မခံရင် မဆွေးနွေးဘူးလို့ ပြောဆိုထားပါတယ်။

လက်ရှိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အာဏာသိမ်းစစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် ၂ ခု၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တခု၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၃ ခုနဲ့ ခြေလျင် ခြေမြန် တပ်ရင်း ၁၀၀ ကျော်အပြင် မြို့ပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ထားပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013