DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ဟောင်းနွမ်းငွေစက္ကူများ လက်မခံသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
May 4, 2025
ရခိုင်တွင် ဟောင်းနွမ်းငွေစက္ကူများ လက်မခံသဖြင့် ဒေသခံများ အခက်ကြုံ
Donate to DVB

ရခိုင်ပြည်နယ်မှာ ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေကို လက်မခံကြတော့တာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။

ဒေသတွင်းမှာ ဟောင်းနွမ်းငွေစက္ကူတွေ အသုံးမပြုတာ ပိုဆိုးလာသလို ဟောင်းနွမ်းငွေစက္ကူတွေလည်း ပိုများလာနေတယ်လို့ မင်းပြားဒေသခံတယောက်က ပြောပါတယ်။

“ဟောင်းနွမ်းငွေတွေကို အလကားပေးရင်တောင် ယူမယ့်သူ မရှိလောက်အောင် အသုံးမဝင်ဘူး ဖြစ်နေတယ်။ ကိုယ့်ဆီမှာ ငွေစက္ကူတရွက် အစုတ်အနွမ်းလေး ရောက်လာရင် အဲဒီငွေနဲ့ ဘာဆိုဘာမှ ဝယ်လို့မရတော့ဘူး။ ငွေစက္ကူအဟောင်းအစုတ်တွေကလည်း အရင်ကထက် ပိုများလာတယ်” လို့ပြောပါတယ်။

အခုလို ဟောင်းနွမ်းငွေစက္ကူ အသုံးမပြုကြတော့တဲ့ပြဿနာဟာ ကုန်သည်တွေဆီကနေ အစပြုတာဖြစ်ပြီး ဖြေရှင်းနိုင်မယ့်နည်းတွေ ရှာဖွေနေတယ်လို့ အာရက္ခတပ်တော် AA တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အဓိက ကုန်သည်တွေက ဒီငွေစက္ကူတွေကို မယူတော့တာကြောင့်ပါ။ သူတို့အတွက် ဒီငွေကြေးတွေဟာ နယ်စပ်မှာ ငွေလဲလှယ်တဲ့အခါ အခက်တွေ့ရတယ်လို့ ဆိုကြတယ်။ နောက်ပြီး ထောင်တန်အကြွေတွေဆိုရင်လည်း လမ်းခရီးမှာ သယ်ယူရအဆင်မပြေတာကြောင့် ကုန်သည်တွေအနေနဲ့ မယူချင်ကြဘူး။ ဒါကြောင့် တထောင်တန်တွေ အသုံးမဝင်တာ၊ ငွေအနွမ်းအဟောင်းတွေ အသုံးမဝင်တာတွေ ဖြစ်နေတာပါ။ ဒါကို ဖြေရှင်းနိုင်ဖို့တော့ နည်းလမ်းတွေ ရှာဖွေနေကြတုန်းပါပဲ” လို့ ပြောပါတယ်။

ဟောင်းနွမ်းငွေစက္ကူတွေကို ဒေသတွင်း ပြန်လည်အသုံးပြုနိုင်ဖို့ အခွန်အခတွေ ပေးရာမှာ ဟောင်းနွမ်းငွေစက္ကူတွေ ရောနှောပေးချေစေတာ၊ ဟောင်းနွမ်းငွေစက္ကူအစားထိုးအနေနဲ့ အကြွေကဒ်တွေ ထုတ်ဝေတာ စတာတွေ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ထိထိရောက်ရောက် မလုပ်နိုင်သေးဘဲ ဒေသတချို့မှာတော့ ဟောင်းနွမ်းငွေစက္ကူတွေကို တန်ဖိုးတဝက်နဲ့ ဝယ်ယူတာမျိုးရှိတယ်လို့ သိရပါတယ်။

မြောက်ဦးဒေသခံတယောက်က “အသုံးမဝင်တဲ့ ငွေစက္ကူအဟောင်းတွေကို တန်ဖိုးတဝက်နှုန်းနဲ့ ဝယ်တာတွေ ရှိလာတယ်။ ကျပ် ၁၀၀၀ ဆိုရင် ဟိုက ၅၀၀ ပေးတယ်။ သူတို့က ရန်ကုန်တက်ရင် ဘဏ်မှာ လဲမယ်ဆိုတဲ့ အစီအစဉ်နဲ့ဝယ်ကြတာမျိုးပါ။ တမျိုးတော့လည်း ကောင်းတာပါပဲ။ ပစ်လိုက်ရမယ့်အတူတူ တဝက်နှုန်းလောက်တော့ ပြန်ရတာပေါ့” လို့ ပြောပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ဟောင်းနွမ်းငွေစက္ကူပြဿနာ ကြုံနေရတာဖြစ်ပြီး ဘဏ်လုပ်ငန်းတွေ မလည်ပတ်တော့တဲ့နောက် အခုလို ကြုံလာရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013