Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာအလုပ်သမားများ အလုပ်သမားအခွင့်အရေး ဆန္ဒပြတောင်းဆို
DVB
·
May 3, 2025

 

ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်အတွက် အရေးကြီးတဲ့ အလုပ်သမား ဗီဇာသက်တမ်းတိုးပေးရေးကိစ္စ ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့က ထိုင်းအလုပ်သမားတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ စုပေါင်းပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့မှ ကိုဇော်က “အဓိကကတော့ မြန်မာအလုပ်သမားတွေအရေး၊ ကျနော်တို့ကိုယ်တိုင်လည်း အလုပ်သမားတွေပဲ ဆိုတော့ ကိုယ်တိုင် ခံစားနေရတာက သက်တမ်းတို ကိစ္စကို အခုဆိုရင် Name list နာမည်စာရင်း တခုတည်းနဲ့ ပြီးနေတယ်။ ပြီးတော့ ထိုင်းရဲ့ ဖြေလျှော့ကာလကလည်း ဩဂုတ်လ ၁၃ ရက်ထိပဲ ပေးထားတယ်။ အခုက ၅ လပိုင်းထဲ ရောက်ပြီ။ ဒါပေမဲ့ လုပ်ငန်းစဉ်ရဲ့ ဘာအဆင့်မှ မလုပ်ရသေးဘူး။ မလုပ်ရသေး‌တော့ ဒါကို ထွက်ခွာရာ မြန်မာနိုင်ငံ မပါဘဲ ဆိုက်ရောက်ရာ ထိုင်းနိုင်ငံ တခုတည်းကနေ သက်တမ်းတိုးပေးဖို့ အဓိက တောင်းဆိုတယ်။ အဲဒါကတော့ ကျနော်တို့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လိုအပ်ချက်ပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ ဗီဇာသက်တမ်းတိုးရေးကိစ္စ ကြန့်ကြာနေတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နေထိုင်ခွင့်သာရထားပြီး ထိုင်းဥပဒေအရ လုပ်ရမယ့် ရုံးလုပ်ထုံးလုပ်နည်းတွေကိုတော့ လုပ်ဆောင်လို့မရကြပါဘူး။

ဆန္ဒပြပွဲအတွင်းမှာတော့  မတ် ၂၈ ရက်က ဘန်ကောက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ အလုပ်သမားတွေအတွက် ထိုက်သင့်တဲ့ နစ်နာကြေးနဲ့ ထိုင်းအစိုးရအနေနဲ့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ လုပ်သားတွေကို ကူညီထောက်ပံ့ပေးဖို့ အချက်တွေလည်း တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ ပြဋ္ဌာန်းချက်အမှတ် ၈၇ နဲ့ ၉၈ အရ စုပေါင်း တောင်းဆိုခွင့်နဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်တို့ကိုလည်း ရွှေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုခဲ့ကြပါတယ်။

 မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူ ဦးမိုးကြိုးက “အခုဆိုရင်လည်း ထိုင်းနိုင်ငံမှာ ဘတ် ၄၀၀ အထိကို လုပ်အားခ စံနှုန်းတွေ သတ်မှတ်လာရင်လည်း ခွဲခြား ပေးနေတာ။ မဲဆောက်လို နေရာမျိုးတွေမှာ တနေ့ ၂၅၀ လောက်ပဲ ပျမ်းမျှကြေး ရနေတာက၊ ထိုင်းနိုင်ငံ ခရိုင်ဒေသ ၇၇ ခုမှာ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးက ထူးထူးခြားခြား တိုးတက် ပြောင်းလဲမှု မရှိတာက  အုပ်ချုပ်သူတွေအပေါ် မူတည်ပြီး တဖြည်းဖြည်း ရုတ်လျော့ နိမ့်ပါးလာတယ် ပြောလို့ရတယ်။ တနေ့ အလုပ်ချိန် ၈ နာရီနဲ့ အခြားသော ဆက်စပ် အခွင့်အရေးတွေက ချိုးဖောက်ခံနေရဆဲ အနေအထား၊ အဲ့လို အပြောင်းအလဲတွေကိုတော့ အကုန်လုံး ညီမှ ရမယ်” လို့ ပြောပါတယ်။

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းအစိုးရ အစီအစဉ်နဲ့ ဗီဇာ၊ Work permit သက်တမ်းတိုး ကိစ္စတွေ အမြန်အကောင်အထည်ဖော်ပေးဖို့ အပါအဝင် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ တန်းတူညီမျှ အခွင့်အရေးနဲ့ လုပ်ခလစာ အပြည့်အဝ ရရှိရေး စတဲ့ အချက်တွေကိုပါ တောင်းဆိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံက ခရိုင် ၇၇ ခုမှာ လုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆ သန်းကနေ ၇ သန်းကြား ရှိတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်းထားကြပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024