
ဖိလစ်ပိုင်ရဲ့ တရားမဝင်ငါးဖမ်းခြင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ တောင်တရုတ်ပင်လယ်ထဲက သန္တာကျောက်တန်းဂေဟစနစ်ကို ပျက်စီးစေတယ်လို့ တရုတ်နိုင်ငံရဲ့ သဘာဝအရင်းအမြစ် ဝန်ကြီးဌာနက စစ်တမ်း အစီရင်ခံစာအသစ် ထုတ်ပြန်ခဲ့ပါတယ်။
ထျန်းရှန်းကျောင်းနဲ့ နီအွေကျောင်း ရေတိမ်သောင်ခုံတို့ရဲ့ သန္တာကျောက်တန်း ဂေဟစနစ်ဆိုင်ရာ စစ်တမ်းအစီရင်ခံစာ ခေါင်းစဉ်နဲ့ စာတမ်းကို ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
သဘာဝအရင်းအမြစ်ဝန်ကြီးဌာနရဲ့ တောင်တရုတ်ပင်လယ် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာနက တခြား သုတေသန အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံ သဘာဝအရင်းအမြစ် ဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဧပြီကနေ သြဂုတ်အထိ ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့တာဖြစ်ပြီး ရေတိမ်သောင်ခုံ ၂ ခုထဲက ထျန်းရှန်းကျောင်း သောင်ခုံမှာ သန္တာကျောက်တန်းဂေဟစနစ် ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး နီအွေကျောင်း ရဲ့ အခြေအနေက ကျန်းမာနေဆဲလို့ ပြောပါတယ်။
ထျန်းရှန်းကျောင်းရဲ့ သန္တာကျောက်တန်း တည်ဆောက်မှုဟာ ၂၀၁၆ ကနေ ၂၀၂၄ ခုနှစ်အတွင်း ၇၀ ရာခိုင်နှုန်းနီးပါး လျော့ကျသွားတယ်လို့ တရုတ်သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။
အစီရင်ခံစာ ထုတ်ပြန်ချိန်ဟာ တရုတ်နဲ့ အမေရိကန်တို့ ဘာလီကာတန် စစ်ရေးလေ့ကျင့်မှုအတွင်း လေကြောင်းကာကွယ်ရေးစနစ်ကို ဖိလစ်ပိုင်မှာ တပ်ချနေချိန်နဲ့ တိုက်ဆိုင်နေတာပါ။
အမှတ် ၃ လစ်တိုရယ် လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း၊ အမှတ်၃ ကြည်းတပ် တပ်ရင်းနဲ့ အမှတ် ၃ ကမ်းတက် တပ်ရင်းတို့က အမေရိကန် ကမ်းတက် မရိန်းစစ်သည်တွေဟာ ဖိလစ်ပိုင်မှာ အဏ္ဏဝါ လေကြောင်း ကာကွယ်ရေး အဆင့်မြင့်စနစ်ရဲ့ ပထမဆုံးအနေဲ့ စစ်ဆင်ရေး ဖြန့်ကြက်ရင်း သိသာထင်ရှားတဲ့ မှတ်တိုင်တခုကို စိုက်ထူခဲ့တယ်လို့ ကာကွယ်ရေးသတင်းဌာန အာမီ ရက်ကော့နေးရှင်းက ဧပြီ ၂၆ ရက်မှာ အစီရင်ခံခဲ့ပါတယ်။
ဖိလစ်ပိုင် ရေတပ်စခန်း လီယိုဗိုဂီလ်ဒို ရန်တီယိုကေးမှာ ပေါင်းစပ်လေကြောင်းနဲ့ ဒုံးပျံကာကွယ်ရေး (IAMD) ရဲ့ ဘာလီကာတန် စစ်ပွဲ ၂၀၂၅ ထိုးထွင်းအမြင်လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်နေချိန်မှာ ခုလိုတပ်ချလိုက်တာပါ။
ဒီတပ်ဖြန့်ချထားမှုဟာ MADIS ပလက်ဖောင်းရဲ့ ရင့်ကျက်မှုကိုသာမက အမေရိကန်ရဲ့ ဒရုန်းတိုက်ဖျက်ရေးဗျူဟာရဲ့ ပိုကျယ်ပြန့်တဲ့ ဆင့်ကဲဖြစ်စဉ်ကိုလည်း မီးမောင်းထိုးပြနေပါတယ်။
တပ်ဖြန့်ကြက်မှုဟာ မရိန်းတပ်ဖွဲ့တွေအတွက်သာမက အမေရိကန်ရဲ့ အင်ဒိုပစိဖိတ် စစ်တိုင်းတခုလုံးရဲ့ စစ်ဆင်ရေးအတွက် အဆင်သင့်ဖြစ်စေရေး အဓိကမှတ်တိုင်တခုလည်း ဖြစ်ပါတယ်။
Source: Reuters