ဧပြီ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ နိုင်ငံတဝန်းက မြို့နယ် ၂၀ ကျော်မှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှု အကြိမ် ၁၀၀ ကျော်လုပ်ခဲ့တာကိုတွေ့ရပါတယ်။
ဧပြီ ၂၄ ရက်နေ့ သတင်းဖော်ပြချက်တွေအရ စစ်ကောင်စီဟာ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်နီဒေသတို့မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကျူးလွန်ခဲ့ပြီး အရပ်သား ၁၇ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနေ့က စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အများဆုံး စစ်ရေးလှုပ်ရှားခဲ့ပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်တာက ၃ ကြိမ်ပဲရှိပေမဲ့ လေကြောင်းကနေ ၁၄ ကြိမ်၊ လက်နက်ကြီးနဲ့ ၈ ကြိမ်တိုက်ခိုက်ပြီး ၅ ကြိမ် စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ပါတယ်။




လက်နက်ကြီးနဲ့တိုက်ခိုက်လို့ ပြည်သူ ၆ ယောက်သေဆုံးပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ရာမှာလည်း ၂ ယောက်သေဆုံးသလို စက်တပ်လေထီးနဲ့ဗုံးကြဲတာမှာ ၃ ယောက် ဒဏ်ရာရသွားပါတယ်။
ဧပြီ ၂၃ ရက်မှာလည်း စစ်ကောင်စီဘက်က ၂၄ ကြိမ်စစ်ရေးလှုပ်ရှားခဲ့သလို စစ်ကိုင်း၊ တနင်္သာရီ၊ ကရင်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်းတို့မှာ အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းက ၁၈ ကြိမ် တိုက်ခိုက်လို့ ပြည်သူ ၇ ယောက်သေဆုံး၊ ၉ ယောက် ဒဏ်ရာရပါတယ်။
ဧပြီ ၂၂ ရက်နေ့မှာတော့ ယာယီအပစ်ခတ်ရပ်စဲတာကို ဧပြီလကုန် ၃၀ ရက်နေ့အထိ သက်တမ်းတိုးတယ်လို့ စစ်ကောင်စီက ကြေညာပေမဲ့ ကချင်ပြည်နယ် မိုးညှင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုတို့အပါအဝင် မြို့နယ် ၃၀ ကျော်မှာ စစ်ရေးလှုပ်ရှားပြီး လေကြောင်းကနေလည်း ၂၈ ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့် ပြည်သူ ၂၆ ယောက်သေဆုံး၊ ၁၅ ယောက် ဒဏ်ရာရပြီး ၁၃ ယောက်ကတော့ ဖမ်းဆီးခံခဲ့ရပါတယ်။
မှတ်တမ်းတွေအရ အပြန်အလှန်တိုက်ခိုက်တာထက် လေကြောင်းကနေ တိုက်ခိုက်တာက အကြိမ်ရေ အများကြီးပိုတာကိုတွေ့ရပါတယ်။
ဧပြီ ၂၁ ရက်နေ့ သတင်းဖော်ပြချက်တွေအရ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ချင်း၊ မကွေးနဲ့ ပဲခူးတိုင်း အရှေ့ပိုင်းတို့မှာ လေကြောင်းကနေ ၁၁ ကြိမ်တိုက်ခိုက်လို့ ပြည်သူ ၆ ယောက်သေဆုံးပြီး လက်နက်ကြီးကြောင့်လည်း ၃ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီနေ့ကတော့ အပြန်အလှန်တိုက်ခိုက်တာ ၁၉ ကြိမ်ရှိပြီး ဒဏ်ရာရသူပေါင်း ၃၆ ယောက်ရှိပါတယ်။
ဧပြီ ၉ ရက်နဲ့ ၁၀ ရက်ကလည်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ ၄၆ ယောက်သေဆုံး၊ ၄၉ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။