DVB Logo
Home
မြန်မာသတင်း
ချက်ကုမ္ပဏီက မြန်မာရဲတပ်ဖွဲ့ထံ နည်းပညာရောင်းချမှု စုံစမ်းစစ်ဆေးရန် တောင်းဆို
DVB
·
April 17, 2025
ချက်ကုမ္ပဏီက မြန်မာရဲတပ်ဖွဲ့ထံ နည်းပညာရောင်းချမှု စုံစမ်းစစ်ဆေးရန် တောင်းဆို
Donate to DVB

ချက်သမ္မတနိုင်ငံ၊ ပရက်ဂ်မြို့အခြေစိုက်  Compelson ကုမ္ပဏီက စစ်ကောင်စီဩဇာခံ မြန်မာရဲတပ်ဖွဲ့ထံ ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ နည်းပညာရောင်းချတာဟာ ဥရောပသမဂ္ဂ (EU) ရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရာရောက်နိုင်တဲ့အတွက် စုံစမ်းစစ်ဆေးပေးဖို့  Justice For Myanmar အဖွဲ့က  ချက်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

Compelson ကုမ္ပဏီဟာ MOBILedit Forensic Pro  ဆော့ဝဲလ်အတွက် လိုင်စင်များစွာကို မြန်မာရဲတပ်ဖွဲ့ထံ ရောင်းချထားကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့  Justice For Myanmar က သက်သေအထောက်အထားတွေရထားတယ်လို့ ဆိုပါတယ်။

ဒီဆော့ဝဲလ်ဟာ လုံခြုံရေးအကာအကွယ်တွေကို ဖြတ်ကျော်နိုင်တာ လုံခြုံတဲ့ ဆက်သွယ်ပြောဆိုမှု အပ်ပလီကေးရှင်းတွေကနေ ဖျက်ထားပြီးတဲ့ အချက်အလက်တွေကို ပြန်လည်ဖော်ယူနိုင်တာ အပါအဝင် ဖုန်းတွေကနေ အချက်အလက်တွေ ထုတ်ယူပေးနိုင်တာ ဖြစ်ပါတယ်။

ဒီနည်းပညာဟာ မြန်မာစစ်အုပ်စုနဲ့ လက်အောက်ခံရဲတပ်ဖွဲ့က သူတို့အတွက် အန္တရာယ်လို့ ယူဆထားသူတွေကို ပစ်မှတ်ထားတာ၊ စောင့်ကြည့်ထောက်လှမ်းတာနဲ့ ဥပဒေမဲ့ဖမ်းဆီးတာတွေ လုပ်ဆောင်ရာမှာ ပိုမိုကောင်းမွန်တဲ့ အစွမ်းအစတွေ ပေးအပ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆော့ဝဲလ်ဟာ အီးယူရဲ့ အရပ်ဘက်-စစ်ဘက် ၂ မျိုးသုံး ပစ္စည်းတွေစာရင်းရဲ့ အမျိုးအစား 5A004 မှာ ပါဝင်ဖွယ်ရှိပြီး ဖုန်းတွေထဲက အချက်အလက်တွေ ထုတ်ယူဖို့နဲ့  လျှို့ဝှက်နံပါတ်တွေကို ကျော်လွှားရန်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ စနစ်ပါရှိပြီး ဒါဟာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်က ချမှတ်ခဲ့တဲ့ အီးယူကြီးကြပ်မှုကောင်စီရဲ့ တားမြစ်အရေးယူမှုများ ၂၀၁၈/၆၄၇ ပုဒ်မ ၃ (ခ) နဲ့ ငြိစွန်းနိုင်ဖွယ်ရှိတယ်လို့  Justice For Myanmar ကဆိုပါတယ်။

Justice For Myanmar  ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်အုပ်စုက သူတို့ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ပစ်မှတ်ထား၊ ဖမ်းဆီး၊ နှိပ်စက်တာတွေ လုပ်ဆောင်ဖို့ ထောက်လှမ်းရေးနဲ့ ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ နည်းပညာကို အသုံးပြုနေပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို Compelson ဆော့ဝဲလ် က ကူညီပေးခဲ့ နိုင်ပါတယ်။ ချက်နိုင်ငံအစိုးရအနေနဲ့ ချက်နိုင်ငံနဲ့ အီးယူဥပဒေတွေကို Compelson ကုမ္ပဏီက ချိုးဖောက်ခဲ့ခြင်း ရှိမရှိအပေါ် တင်းပြည့်ကျပ်ပြည့် စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး၊ တာဝန်ခံမှုရှိစေရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

Compelson ကုမ္ပဏီက လက်ရှိဖြစ်ပွားနေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိတဲ့ မြန်မာရဲတပ်ဖွဲ့ဆီ အစွမ်းထက်တဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်း ပညာကို သိလျက်နဲ့ ရောင်းချပေးအပ်ခဲ့တာလို့လည်း မရတနာမောင်က ပြောပါတယ်။   

Compelson ကုမ္ပဏီပိုင်ရှင်ဖြစ်ကတော့ အဆိုပါဆော့ဝဲလ်ကို မြန်မာနိုင်ငံသို့ရောင်းချခဲ့တာ အာဏာမသိမ်းခင်ကတည်းကဖြစ်ကြောင်းနဲ့ အဆိုပါဆော့ဝဲလ်ဟာ လျှို့ဝှက်နံပါတ်တွေကို ဖောက်ထွင်း ဝင်ရောက်နိုင်တာမရှိသလို ဖျက်ထားပြီးအချက်အလက်တွေကို ပြန်ယူနိုင်မှု မရှိခြင်းကြောင့် ချက် ရုပ်သံမီဒီယတခုကို ပြောထားပါတယ်။

ချက်နိုင်ငံခြားရေးဝန်ကြီးကတော့  MOBILedit Forensic Pro ဆော့ဝဲလ်ကို မြန်မာနိုင်ငံသို့ တင်ပို့ဖို့ ခွင့်ပြုချက်တောင်းခံပါက ခွင့်ပြုလိမ့်မှာမဟုတ်ဘူးလို့  Radiožurnál ရုပ်သံသို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

Justice For Myanmar  အဖွဲ့ကတော့ Compelson ကုမ္ပဏီအနေနဲ့ ဖြစ်နိုင်ရင် မြန်မာရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့တဲ့ ဆော့ဝဲလ်ကို ဆက်လက်အသုံးပြုနိုင်ခြင်း မရှိစေရန် အဝေးထိန်းစနစ်နဲ့ ဖျက်ပစ်ဖို့ တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013