
ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ်တဲ့ မိုးဒဏ်ကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ ပဲတီစိမ်းနဲ့ မတ်ပဲ စိုက်ခင်း ဧကထောင်ချီ ရေစိုပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ ၁၃ ရက်အထိ ရက်ဆက်ရွာသွန်းတဲ့ မိုးဒဏ်ကြောင့် ဧရာဝတီတိုင်းထဲက ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ ဓနုဖြူ၊ ဝါးခယ်မ၊ ဘိုကလေး၊ ဇလွန်၊ ဟင်္သာတ၊ မြောင်းမြ၊ ကျိုက်လတ် စတဲ့မြို့နယ်တွေ တောင်သူတွေ စိုက်ပျိုးထားတဲ့ မတ်ပဲနဲ့ ပဲတီစိမ်းစိုက်ခင်းတွေ ရေစို ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ကျိုက်လတ်တောင်သူတယောက်က “သိမ်းလက်စ ပဲခင်းတွေ ရေမြုပ်ကုန်တာ။ အပင်ပေါက်တာတွေ ပေါက် ဖြစ်ကုန်တော့ ပျက်စီးကုန်တာပေ့ါ။ ရိတ်သိမ်းဖို့ နည်းနည်းပဲ ကျန်တဲ့ပဲခင်းတွေပါ ပျက်စီးတာ ပြန်မရခဲ့တော့တဲ့အထိ ဖြစ်တာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ အချိန်အခါမဟုတ် မိုးဒဏ်ကြောင့် ရေစိုတဲ့အတွက် မတ်ပဲနဲ့ ပဲတီစိမ်း ရိတ်သိမ်းလက်စ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အခြေအနေကို စစ်ကောင်စီ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက စာရင်းကောက်ယူတာတော့မရှိလို့ ဆိုပါတယ်။
ဝါးခယ်မတောင်သူတယောက်က “အားချင်း သိမ်းဆည်းပေမဲ့ မရဘူး၊ မမီလိုက်ဘူး ဖြစ်သွားတာ။ ပဲဈေးက မရတဲ့အထဲ အခု သဘာဝဘေးကြောင့် ထပ်ဆုံးရှုံးရပြန်ပြီ။ တောင်သူတွေကိုလည်း ကူမယ့် ကယ်မယ့်သူ မရှိသလောက် ဖြစ်နေတယ်” လို့ ပြောပါတယ်။
အဲဒီလို ပဲခင်းတွေ အချိန်အခါမဟုတ် မိုးဒဏ်ကြောင့် ပျက်စီးခဲ့လို့ တောင်သူတယောက်ကို ပျမ်းမျှ ငွေကျပ် ၁၇ သိန်းနဲ့အထက် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံ တောင်သူတွေက ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ မတ်ပဲနဲ့ ပဲတီစိမ်း ဧက ၁၇ သိန်းအထိ နှစ်စဉ် စိုက်ပျိုးထုတ်လုပ်ကြပြီး နွေသီးနှံ စိုက်ပျိုးရာသီမှာ မတ်ပဲနဲ့ ပဲတီစိမ်းကို အဓိက စိုက်ပျိုးကြတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသဌာနက အနောက်ဘက်နဲ့အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်နဲ့ အပူပိုင်းတိမ်တွေ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် ဧပြီ ၁၅ ရက်မှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း ၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်၊ ကရင်ပြည်၊ ချင်းပြည်၊ မွန်ပြည်၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်တို့မှာ နေရာစိပ်စိပ် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီ ၁၆ ရက်ကနေ ၁၈ ရက်အထိ ရန်ကုန် တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကျဲကျဲနဲ့ စစ်ကိုင်းတိုင်း၊ တနင်္သာရီ တိုင်း၊ ကချင်၊ ကရင်၊ ချင်းနဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီး နိုင်တယ်လို့ ဧပြီ ၁၄ ရက် ညနေမှာ သတင်းထုတ်ပြန်ထားပါတယ်။