
ငလျင်ဘေးကြောင့် ဝမ်းနည်းပူဆွေးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ တွေ့ကြုံခဲ့ရတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်နေကြောင်းနဲ့ ငလျင်ဘေး ပြန်လည်ထူထောင်ရေးနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ဖို့ လုပ်ဆောင်နေသူတွေကို အားပေးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြောကြားလိုက်ပါတယ်။
၂၀၂၅ မြန်မာအတာသင်္ကြန်ပွဲနဲ့ နှစ်သစ်ကူးအခါသမယကို ကြိုဆိုတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၁၃ ရက်မှာ သတင်းထုတ်ပြန် ပြောလိုက်တာဖြစ်ပြီး မြန်မာပြည်သူတွေ ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံပါစေကြောင်း၊ နှစ်သစ်မှာ မြန်မာပြည်သူ အားလုံးအတွက် မျှော်လင့်ချက်နဲ့ သတ္တိခွန်အားတွေ သယ်ဆောင်လာပါစေကြောင်းလည်း ဆုတောင်းပေးထားပါတယ်။
သင်္ကြန်ဆိုတာ အတိတ်ကိုပြန်ပြောင်းဆင်ခြင်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်ကြတဲ့ ကာလတခုဖြစ်တယ်၊ အခုနှစ်မှာ မတ် ၂၈ ငလျင်အပြီး ဝမ်းနည်းပူဆွေးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေကြုံနေရတဲ့ လူပေါင်းများစွာနဲ့အတူ တပေါင်းတစည်းတည်း ရှိနေတယ်၊ ဒီလို ခက်ခဲတဲ့ ကာလမှာ မြန်မာပြည်သူတွေနဲ့ အတူ အမေရိကန်က တသားတည်းရပ်တယ်၊ အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်တာနဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေ ပေးအပ်ရာမှာ နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ ဆက်လက်ပူးပေါင်းသွားမယ်လို့ ဝန်ကြီး မာကိုရူဘီအိုက ပြောပါတယ်။
အခုလိုအခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ မြန်မာပြည်သူတွေရဲ့ သတ္တိနဲ့ သဒ္ဓါတရားတို့ဟာ အရင်ကထက် ပိုမိုထင်ရှားပေါ်လွင်တယ်၊ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်နေသူတွေကို အားပေးကူညီသွားဖို့ ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန် ဝန်ကြီးက ပြောပါတယ်။
အမေရိကန်က မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ပံ့ပိုးကူညီဖို့ အမေရိကန်ဒေါ်လာ ၉ သန်း အသုံးပြုသွားမယ်လို့ ကြေညာထားပါတယ်။
အမေရိကန်ဟာ ကမ္ဘာ့အစိုးရမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံ ငလျင်ဘေး ကူညီထောက်ပံ့ဖို့ အိန္ဒိယနဲ့ တရုတ်တို့လို ချမ်းသာတဲ့နိုင်ငံတွေက ပိုမိုကူညီပေးရမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။
အမေရိကန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရတက်လာပြီးနောက် USAID အဖွဲ့ကို ဖျက်သိမ်းလိုက် တာကြောင့် အမေရိကန်ရဲ့ နိုင်ငံတကာကူအညီပေးရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရပြီး မြန်မာငလျင်ဘေး ကူညီဖို့အတွက်လည်း တခြားနိုင်ငံတွေထက်စာရင် နှောင့်နှေးကြန့်ကြာတယ် လို့ ဝေဖန်ခံခဲ့ရပါတယ်။