Home
ဆောင်းပါး
လွဲရပြန်တဲ့ ဒီသင်္ကြန် အိမ်အပြန်
DVB
·
April 13, 2025

သင်္ကြန်နီးလာတော့ အိမ်ပြန်ချင်စိတ်ကလည်း ထိန်းမနိုင်သိမ်းမရဖြစ်လာတယ်လို့ ဘန်ကောက်မှာ အငုတ်တည်နေတဲ့ ကျနော့်မိတ်ဆွေ ကိုကြည်က ဗီဒီယိုကောကနေ လှမ်းရင်ဖွင့်တယ်။

ဇာတိမပြန်ရတာ ၄ နှစ်တောင် ကြာခဲ့ပြီမို့ သူ့အသံကလည်း အာဟာရပြတ်နေတဲ့ လူမမာပမာ။ သင်္ကြန်ဆို မပြန်ရ မနေနိုင်တဲ့ ပြန်ချင်စိတ်ကြောင့် ရသလို ဖြစ်သလို ပြန်ဖို့ ကြိုးစားခဲ့ပေမဲ့ အိမ်အပြန်လမ်းတလျှောက်တိုက်ပွဲတွေက ဆီးကြိုနေတာမို့ လက်မှိုင်ချခဲ့ရ။ သူတို့ မွန်ပြည်သားတွေက လေယာဉ်စီး ပြန်တာမျိုးမှ မရှိဘဲ။ ဘန်ကောက်ကနေ မဲဆောက်၊ ပြီးရင် တံတားကျော်လိုက်တာနဲ့ မြဝတီ။ အဲဒီကနေမှ ကား ၃ နာရီ လောက်စီးရင် ဇာတိမြေကို ပြန်ရောက်ပေမဲ့ အဲဒီ ၃ နာရီဆိုတဲ့ခရီးက ကျည်ဆန်တွေသာ တလူလူလွင့်နေတာမို့ အခန့်မသင့်ရင် ဘဝကူးသွားနိုင်တယ်မဟုတ်လား။ တနှစ်ပြီး တနှစ် နောက်ဆုတ်ခဲ့ရ။ အခု ၂၀၂၅ ခုနှစ် ရောက်တော့ စစ်ကောင်စီ မပြုတ်မချင်း ဇာတိပြန်နိုင်မှာ မဟုတ်ဘူးဆိုတဲ့အသိက အရက်စက်ဆုံး ထိုးနှက် နေတယ်လို့ သူက ဆိုရဲ့။

“အခုငလျင်လှုပ်တာကြောင့်ရော၊ ငလျင်မလှုပ်လည်း ကျနော်တို့ ဇာတိမြို့မှာ လူငယ်တွေ၊ လူလတ်ပိုင်းတွေ မရှိသလောက်ရှားနေပြီဆိုတော့ သင်္ကြန်မစည်ဘူးဆိုတာ သိပေမဲ့ ဘာပဲဖြစ်ဖြစ် သင်္ကြန်ဆိုအိမ်ပြန်ချင်တယ်”လို့ ကိုကြည်က ပြောတယ်။

သူ့အသက်က ၄၀ ရှိပြီဆိုပေမဲ့ အိမ်အပြန်လမ်းမှာ ပေါ်တာနဲ့တိုးခဲ့ရင် ကျနော်အသက် ၄၀ ရှိပါပြီဆိုတဲ့ မှတ်ပုံတင်အထောက်အထားနဲ့ ရှင်းလို့မရမှန်း သူကောင်းကောင်း သိတယ်။ မော်လမြိုင်မြို့ပေါ်က သူ့မိတ်ဆွေရဲ့ မိတ်ဆွေ အသက် ၅၀ ရှိပြီဖြစ်တဲ့ ဆိုင်ကယ်ကယ်ရီဆရာ၊ ဗိုက်ကဆွဲဆွဲ၊ လူပုံကြည့်လိုက်တာနဲ့ ကျန်းမာရေး ကောင်းသူမဟုတ်မှန်း သိသာနေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ည ၇ နာရီတောင်မထိုးသေး ၊မြို့ပြင်ကို ကယ်ရီပို့ပြီးအပြန် မြို့အဝင်စစ်တပ်ဂိတ်မှာ အလွတ်ကြီး ဖမ်းဆီးခံခဲ့ရ။ ရုပ်ကြည့်တာနဲ့စစ်မှုထမ်းအကျုံးဝင် အသက် ၃၅ နှစ်ထက် တော်တော်ကြီးနေမှန်းသိသာပေမဲ့ စစ်မှုထမ်းသင်တန်းကျောင်း ရောက်သွားတယ်။ ၁၀ မိနစ် လောက်တောင် ခပ်ဖွဖွမပြေးနိုင်သူမို့ သင်တန်းဆရာတွေတောင်းတဲ့ ကျပ် ၁၀ သိန်းပေးကာမှ ပြန်လွတ်လာတာ မို့ မာမာချာချာ ၄၀ အရွယ် စစ်တပ်က ဘယ်အလွတ်ပေးလိမ့်မလဲလို့ ကိုကြည်က ပြောတယ်။

“အမေက ပြန်မလာဖို့ တဖွဖွမှာတယ်။ တခြားစစ်မှုထမ်းအကျုံးဝင်အရွယ်တွေရော၊ အကျုံးဝင်အသက်ထက်ကျော်တဲ့သူတွေရော ဘယ်သူမှ မပြန်ရဲကြဘူး။ သင်္ကြန်ပြန်တုန်း ပေါ်တာ အဆွဲမခံရတောင်မှ လမ်းခရီးကမကောင်းတော့ ထိုင်းပြန်လာလို့မရမှာ စိုးရိမ်ကြတယ်”လို့ ကိုကြည်က ဆက်ပြောတယ်။

ကိုကြည်က ဘန်ကောက်မြို့ရဲ့ စက်ရုံတရုံမှာ အလုပ်လုပ်ခဲ့တာ သက္ကရာ ဇ်၂၀၀၀ အကျော်ကတည်း က။ တချိန်မှာ ကိုယ့်ဇာတိမြေမှာပဲ ပြန်အခြေချမယ်ဆိုတဲ့ ပိုင်းဖြတ်စိတ်နဲ့ ငွေကိုငွေမှန်း အသိကြီးကြီးထားကာ ကျစ်ကျစ်ပါ။ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်ရောက်တော့ ဘန်ကောက်ကိုတာ့တာပြ၊ ဇာတိမှာ ဝယ်ထားတဲ့ ရော်ဘာခြံမှာပဲ ပြန်လုပ်ကိုင် စားသောက်တော့မယ်ဆိုပြီး ရင်ကော့ကာ ပြန်ချလာတယ်။

ရော်ဘာခြံက ဝင်ငွေသိပ်မများသေးပေမဲ့ စိုစိုပြေပြေ၊ ဘန်ကောက်မှာ ကျန်ခဲ့တဲ့ အစ်ကိုနဲ့ စပ်တူ လုပ် နေတဲ့ ငွေလွှဲလုပ်ငန်းက အလုပ်ဖြစ်နေတာဆိုတော့ ရွှေရောင်တောက်ပတဲ့နေ့တွေနဲ့ မျှော်လင့် ချက်ကြီးခွင့်ရှိတဲ့ အနာဂတ်။

အာဏာလည်း သိမ်းလိုက်ရော ရော်ဘာဈေးကွက်လည်းပျက်၊ ကိုဗစ်မှာ ဘန်ကောက်က အစ်ကို လည်း တိမ်းပါးသွားခဲ့လေတော့ ငွေလွှဲလုပ်ငန်းလည်းပျက်။ ဇာတိမှာ ဆက်နေရင် အမေအိုနဲ့၊ မိဘမဲ့သွားရှာတဲ့ တူ၊တူမနှစ်ယောက်နဲ့ ဝင်ငွေလေးယဲ့ယဲ့က ရေရှည်မှာ တိုင်ပတ်သွားနိုင်တာမို့ တတိယလှိုင်း ကိုဗစ်အပြီး ၂၀၂၁ ခုနှစ်ထဲမှာပဲ လက်နက်ချ။ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ပိုင်းဖြတ်ထားတဲ့ ဘန်ကောက်စက်ရုံဆီ ခေါင်းငိုက်စိုက်ချ ပြန်ရောက်ခဲ့တယ် လို့ အာဏာသိမ်းမှုကြောင့် သူ့ဘဝ အဖြစ်ဆိုးခဲ့ပုံအကြောင်း ကိုကြည်က ပြောပြတယ်။

ပြီးတော့ ကိုကြည်က အရင့်အရင်ကာလ မတ်လထဲ ဝင်လာပြီဆိုရင်ပဲ အိမ်ပြန်ရတော့မယ် ဆိုတဲ့စိတ်နဲ့ တိုက်ငါးလေးတကောင်လို ဖြတ်ဖြတ်လူးခဲ့တယ်လို့လည်း ဆိုပြန်တယ်။

သင်္ကြန်နားနီးပြီဆို ထိုင်းစက်ရုံတွေကလည်း သင်္ကြန်နားရက်ပေး၊ ထိုင်းအစိုးရကလည်း မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ နေရပ်ပြန်ခွင့်ပြု။ ဒီနှစ်မှာဆို ဧပြီ ၁ ရက်ကနေ မေ ၁၅ ရက်အထိ ဗီဇာကင်းလွတ်ခွင့်ပြု အိမ်ပြန်တုံးထုစရာမလို။ မဲဆောက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အထိုင်ကျနေတဲ့ မြန်မာလုပ်သား တယောက်က ကိုဗစ်မတိုင်မီအချိန် အခုလို သင်္ကြန်နားနီးရက်တွေမှာ အမှတ် ၁ တံတား (မြဝတီ-မဲဆောက် အမှတ်-၁ ချစ်ကြည်ရေးတံတား)ပေါ် ဇာတိအလည်ပြတဲ့ မြန်မာ ၅၀၀ ကျော် ပုံမှန် ရှိတယ်လို့ လွမ်းပြတယ်။

“သင်္ကြန်နားနီးတဲ့ ဧပြီ ၅ ရက်ကျော်ကစပြီး ဟိုဘက်ကမ်း ( မြဝတီ) ကူးဖို့ တန်းစီနေတဲ့ မြန်မာတွေ ခဲ နေရော။ မနေ့ (ဧပြီ ၉ရက်) ကပဲ ကျနော်တံတားနားရောက်တာ လူကိုခြောက်ကပ်နေရောပဲ။ ကျနော်ကိုယ်တိုင်လည်း အိမ်မပြန်ရဲဘူး”လို့  ဆောက်လုပ်ရေးလုပ်သားက ဆိုတယ်။

သူသည်လည်း သင်္ကြန်ရောက်တိုင်း ပဲခူးတိုင်းထဲက သူ့ဇာတိရွာဆီ ပြန်နေကျ။ ငွေစလေး တရွှင်ရွှင်နဲ့ မဲဆောက်ပြန်အဖြစ်ရွာထဲကို ရင်ကော့ပြီး ဝင်ရတဲ့အရသာနဲ့ သင်္ကြန်မှာ ရပ်ရွာဓလေ့အတိုင်း ပျော်ရွှင်ရတာ ဘာနဲ့ အစားထိုးလို့ရမှာလဲလို့ သူက ဆိုတယ်။ အခုတော့ သူသည်လည်း ပေါ်တာကြောက်ရ၊ မဲဆောက်ကို ပြန်လာလို့မရမှာ ကြောက်ရနဲ့ အိမ်မပြန်နိုင်ရှာ။

“ကိုယ်ပြန်ဖို့ဆိုတာ အဝေးကြီး။ ကိုယ့်ရွာက လူတွေကိုပဲ ကဲ့ထုတ်နေရတယ်”လို့ သူက ဆက်ပြော တယ်။

သူတို့ဒေသက လူငယ်လေးတွေ စစ်မှုထမ်းရှောင်ဖို့က PDF ထဲ ဝင်နိုင်သူဝင်၊ မဝင်နိုင်သူတွေက  ထိုင်းနိုင်ငံထဲ တရားမဝင် အောက်လမ်းကနေဝင်၊ ထိုင်းရောက်ပြီးကာမှ တရားဝင်ကတ်တခုခု လုပ်၊ ပြီးတော့ အလုပ်အကိုင်ရရှိအောင်ကြိုးစား။ တခြားရွေးစရာလမ်းလည်း မရှိတော့ အန္တရာယ်များပေမဲ့  ဒီလမ်းပဲ ရွေးကြရတာပဲလို့ ဆိုတယ်။

“ကျနော်တို့ရွာနားက တဖွဲ့ဆို စစ်မှုမထမ်းချင်လို့ ထိုင်းထဲဝင်လာမှပဲ အဖမ်းခံရပြီး ဟိုဘက်ကမ်းပြန် သွန်ခံရတာ ဟိုဘက်ကမ်းရောက်တော့ စစ်တပ်ထဲ အပို့ခံလိုက်တယ်”လို့  ပြောပြတယ်။

သူတို့လို ထိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရပြီးနောက် စစ်ကောင်စီထံ ပြန်လွှဲအပ်တာကြောင့် စစ်တပ်ထဲ ရောက်သွားတဲ့လူငယ်တွေက ၅၀၀ နဲ့ အထက် ၁၀၀၀ နားတောင် ကပ်နေပြီလို့ထင်ရ။ ကူကယ်သူမဲ့ မြန်မာလူငယ်တို့ရဲ့ ဘဝများ။ မြဝတီကျားဖြန့်ပြဿနာကြောင့် နယ်စပ်လုံခြုံရေး တင်ကျပ်ထားတဲ့ ထိုင်းထဲ ခိုးဝင်ရတာ အန္တရာယ်များပေမဲ့ မျက်လုံးစုံမှိတ် ကံသည်သာ အမိအဖ။

ကိုကြည်ရဲ့ တူတယောက်ဆိုရင်လည်း စစ်မှုထမ်းအပတ်စဉ်-၁ စခေါ်အပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်မှာ ဘန်ကောက်ကို အောက်လမ်းကနေ ခေါ်လိုက်ရတယ်လို့ဆိုတယ်။ ပထမ ကိုကြည်ရဲ့စိတ်ကူးက တူဖြစ်သူ ဘွဲ့ရပြီးခါမှ ထိုင်းမှာ လာမလုပ်လည်း ဇာတိမှာ ရော်ဘာခြံ ဒါမှမဟုတ် တခုခုလုပ်ပေါ့။ စစ်မှုထမ်းဥပဒေက သူတို့ရဲ့ စိတ်ကူးတွေ ထက်ပိုင်းချိုးချလိုက်တာဆိုတော့ ကိုကြည့်တူလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထိုင်းစက်ရုံလုပ်သား ဘဝ။

“ဇာတိမှာ အမေပဲ ကျန်တော့တာဆိုတော့ တူမကိုတော့ သူ့အဘွားနဲ့ပဲ နေပေါ့။ ဒါပေမဲ့၊ ကျနော်တို့ ဇာတိဘက်မှာ သင်္ကြန်လွန်ရင် အမျိုးသမီးတွေကို စစ်မှုထမ်းစခေါ်တော့မယ်ဆိုပြီး သတင်း ပြန့်နေတော့ အခု တူမလည်း ဘန်ကောက်ရောက်လာရပြီ”လို့ ကိုကြည်က ဆက်ပြောပြတယ်။

ထုံးစံအတိုင်း အောက်လမ်းကနေပဲ ခေါ်ရတယ်။ ထိုင်းနယ်စပ်လမ်းကြောင်းတွေက တင်းကျပ်ထား တော့ ပွဲစားကိုပေးရတဲ့ ဘန်ကောက်အရောက် ဝန်ဆောင်ခက ဈေးကြီးတယ်။ ဘေးမသီရန်မခ ဘန်ကောက် ရောက်လာတာကိုပဲ ကျေးဇူးတင်ရတယ်။

ရှေ့ခရီး ဘယ်လိုဆက်ကြမလဲဆိုတော့ သူတို့တူဝရီးမှ မဟုတ်၊ နိုင်ငံခြားရောက်နေတဲ့ မြန်မာလူ ငယ်များစွာအတွက် တော်လှန်ရေးမအောင်မချင်း အိမ်အပြန်လမ်းဆိုတာ မရှိ။

အခုတော့ ပျော်ရွှင်စွာနဲ့ အိမ်ပြန်သွားကြတဲ့ လာအိုနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေကို မြန် မာတွေငေးကာ ကိုယ်စီအိမ်အလွမ်းဝေဒနာတွေနဲ့ နစ်နေကြတယ်လို့ ကိုကြည်က ဆိုတယ်။ အိမ်ပြန်ချင်ကြတယ်။ အိမ်ဆိုတာ ပြည်ပရောက်မြန်မာတွေအတွက် သိပ်ဝေးလွန်းလှတယ်။

လင်းဆက်ငြိမ်းချမ်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024