DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်နှင့် စစ်ကောင်စီဝန်ကြီးတွေ့ဆုံဆွေးနွေး 
DVB
·
April 10, 2025
ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်နှင့် စစ်ကောင်စီဝန်ကြီးတွေ့ဆုံဆွေးနွေး 
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်ဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ဧပြီ ၉ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီပံ့ပိုးပေးနိုင်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် အသက်အိုးအိမ် စည်းစိမ် ပျက်စီးဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းမိကြောင်းနဲ့ စာနာထောက်ထား မိကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလော စစ်အုပ်စုနဲ့ ဂျူလီဘစ်ရှော့ပ်တို့ တွေ့ဆုံမှုကနေ ဘယ်လိုဆက်လက်ပြီးတော့ လုပ်ဆောင်ကြမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ပ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီ ၅ ရက်မှာ ခန့်အပ်ခဲ့တာ ဖြစ်ပြီး တနှစ်တာ ကာလအတွင်း မြန်မာအရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေ များများစားစား မြင်တွေ့ရတာ မရှိသလို  သိသာထင်ရှားတဲ့ ရလဒ်လည်းမတွေ့ရပါဘူး။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာတော့ သူ့ကို တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ အကျိုးစီးပွား ဆက်နွှယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပေမဲ့ ဂျူလီဘစ်ရှော့ပ်ကတော့ ငြင်းဆိုထားတာပါ။

ဂျူလီဘစ်ရှော့ပ်ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုနဲ့ပေါင်းပြီး စီးပွားရေးလုပ်နေတဲ့ တရုတ် အစိုးရပိုင် Shenghe Resources ကုမ္ပဏီနဲ့  China Communications Construction Company တို့နဲ့  အကျိုးစီးပွားဆက်နွှယ်နေတာကြောင့် ကုလသမဂ္ဂ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပေးဖို့ Justice For Myanmar အဖွဲ့ အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၂၉၀ စုပေါင်း လက်မှတ်ထိုး တောင်းဆိုထားခဲ့ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘစ်ရှော့ပ်ကတော့ “ကျမ ဒါမှမဟုတ် ကုလသမဂ္ဂဆိုင်ရာ ကျမရဲ့ ကတိကဝတ်တွေနဲ့ ကွဲလွဲနေတဲ့ ကိစ္စတွေမှာ ဘယ်အခါမှ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး” လို့ AP သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် အီးမေးလ်ကတဆင့် တုံ့ပြန်ထားခဲ့သလို  သူ့အနေနဲ့ ကုလသမဂ္ဂနဲ့ “အပြည့်အ၀ လိုက်လျောညီထွေ” ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရက်ကလည်း အထူးကိုယ်စားလှယ်ဟာ ကုလသမဂ္ဂ ပဋိညာဉ်၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုက်နာ လုပ်ဆောင်တဲ့အပြင် သူ့ရဲ့ ပြင်ပလှုပ်ရှားဆောင်ရွက်မှာတွေကိုလည်း အဖွဲ့အစည်းဆီ အသိပေးကြောင်း ပြောထား ပါတယ်။

Justice For Myanmar အဖွဲ့ကတော့ သေကျေပျက်စီးမှုများတဲ့ ငလျင်ကြီး မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဦးဆောင်မှုပိုင်းက ပိုပြီးတော့ အရေးတကြီးဖြစ်လာနေပေမဲ့ ကုလသမဂ္ဂဟာ ဂျုလီဘစ်ရှော့ပ်ရဲ့ ဖြောင့်မတ်တည်ကြည်မှုနဲ့ ပတ်သက်လို့ မြန်မာအရပ်ဘက်အဖွဲ့အစည်းရဲ့ ပိုမိုနက်ရှိုင်းစွာ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာနေတာကို နားထောင်ဖို့ ခုအချိန်အထိ ငြင်းဆိုထားဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေကို ဂရုပြုနားထောင်ရမှာဖြစ်ပြီး ချက်ချင်း အရေးယူ ဆောင်ရွက်ရမယ်လို့ ပြောထားသလို မြန်မာနိုင်ငံက တရုတ်နောက်ခံကုမ္ပဏီတွေနဲ့ ကော်ပိုရိတ် ဆက်နွှယ်မှုရှိတဲ့ စီးပွားရေးအဆွယ်တော်တယောက်ကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ရရှိဖို့ မထိုက်တန်ဘူးလို့ လည်း ထုတ်ပြန်ထားပါတယ်။

Source: ABC News/ Ministry of Foreign Affairs Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013