DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် ပြည်သူတွေကို ဘယ်လို ကူညီမှုတွေ စနစ်တကျလုပ်ဖို့ လိုအပ်နေလဲ
DVB
·
April 6, 2025
ငလျင်ဒဏ်သင့် ပြည်သူတွေကို ဘယ်လို ကူညီမှုတွေ စနစ်တကျလုပ်ဖို့ လိုအပ်နေလဲ
Donate to DVB

ငလျင်ဘေးဒဏ်သင့်ဒေသတွေက ပြည်သူတွေကို စနစ်တကျ အကူအညီပေးဖို့ လိုအပ်နေသလို ပြန်လည်ထူထောင်ရေးအတွက်လည်း စဉ်းစားပြီး ကူညီမှုတွေ လုပ်ဆောင်သင့်တယ်လို့ လူမှုကူညီရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်းက အထိအနာဆုံး ဖြစ်ခဲ့ပြီးတော့ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ အင်းလေး၊ အောင်ပန်း စတဲ့ နေရာတော်တော်များများမှာလည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့သလို အကူအညီတွေလည်း များစွာ လိုအပ်နေပါတယ်။

လက်ရှိမှာတော့ ငလျင်ဘေးဒဏ်သင့်တဲ့သူတွေကို အကူအညီတွေ ပေးနေကြတာတွေ ရှိနေပေမဲ့ တကယ်ထိရောက်တဲ့ အကူအညီမျိုးဖြစ်ဖို့ လိုတယ်လို့လည်း ကျယ်ကျယ်လောင်လောင် ပြောလာကြပါတယ်။

မြေပြင်မှာ ပရဟိတအလုပ်တွေ လုပ်ဆောင်နေတဲ့ ကိုသဇင်က “အဝေးက လာတဲ့သူတွေက စမ်းတဝါးဝါးနဲ့ ဟိုလိုက်ကူညီ၊ ဒီလိုက်ကူညီက မထိရောက်နိုင်ဘူး။ ထိရောက်သင့်သလောက် မထိရောက်နိုင်ဘူးပေါ့နော်။ ဒါကြောင့်မို့ အရေးတကြီးလိုတာက ဒေသကို အခြေပြုတဲ့ ဒေသအကြောင်းကို ကောင်းကောင်းသိတဲ့ ဒေသခံ ရပ်ရေးရွာရေး ဆောင်ရွက်တဲ့သူတွေအနေနဲ့ အမြန်ဆုံး အကူအညီလက်ခံတဲ့ စင်တာတွေ သူတို့ကနေ လုပ်ပြီးတော့ အဲဒီကနေတဆင့် ဖြန့်ဖြူးခြင်း၊ စီစဉ်ဆောင်ရွက်ခြင်းက ပိုကောင်းတယ်ပေါ့နော်။ ဒါပေမဲ့ ဒီမှာ တခု စိုးရိမ်စရာ ကောင်းတာက ဒေသအာဏာပိုင်လို့ ပြောတယ်ဆိုတဲ့ သူတွေထဲမှာ ဒီစစ်အုပ်စုက လူတွေလည်း ပါတာဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ဆီကနေ အကျင့်ပျက် လာဘ်စားတာတွေ၊ ခြစားတာတွေ၊ ဘုံးတာတွေတော့ ရှိနိုင်တာပေါ့နော်။ ဒါကြောင့် စစ်မှန်တဲ့ ဒေသအခြေပြုတဲ့ ပရဟိတအဖွဲ့တွေက ဦးဆောင်ပြီးတော့ အဝေးကလာတဲ့သူတွေက သူတို့နဲ့ ပေါင်းလုပ်သင့်တယ်လို့ ထင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး လမ်းတွေပေါ်က အသက်ရှင်ကျန်ရစ်သူတွေကို ကူညီရေးက နံပါတ် ၁ ဦးစားပေး ဖြစ်သွားပြီလို့ မန္တလေးမြို့က သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ကူညီရှာဖွေပေးနေတဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အခု နံပါတ် ၁ လုပ်ရမယ့် အလုပ်က အိုးမဲ့ အိမ်မဲ့နဲ့ လမ်းတွေပေါ်မှာ တိုက်တွေပေါ်မှာ မနေရဲဘဲနဲ့ လမ်းပေါ်မှာနေတဲ့ အသက်ရှင်လျက်ရှိတဲ့ လူတွေကို ကယ်ဆယ်ရေးဆိုတာက ဒီကယ်ဆယ်ရေး လုပ်ငန်းက နံပါတ် ၁ ဖြစ်သွားပြီ။ Dead Body ဆိုတာက ဆုံးသွားပြီလေနော်။ အမြန်ဖော်လို့ ရတာနဲ့ အနှေးဖော်လို့ရတာပဲရှိတာ။ တချို့ဟာတွေဆိုရင် ကျနော်တို့ Dead Body တွေကို မတတ်သာလို့ လက်ရှောင်လိုက်ရတာ။ ဘာဖြစ်လို့လဲဆိုတော့ အန္တရာယ် အတော်များတဲ့ အောက်ထဲမှာ ရောက်နေတာ၊ ကျနော့်ကလေးတွေကို တူးတာကို ခွင့်မပြုဘူး။ လွယ်လွယ်ကူကူ ဆိုရင်တော့ ကျနော်က တူးခွင့်ပေးတယ်။ လွယ်လွယ်ကူကူတောင်မှ တချို့ဟာတွေက ခဲရာခဲဆစ်တွေ ပါတယ်။ အဲ့တော့ အခါကျတော့ ပထမဆုံး ဖြစ်လာမှာက ဝမ်းပျက် ဝမ်းလျှော ရောဂါတွေ စလာမယ်၊ ပြီးတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ပါလာမယ်၊ ပြီးတော့ ကိုယ်လက် ယားယံတာတွေက ဖြစ်လာမယ်ပေါ့နော်။”

ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် လတ်တလောလိုအပ်တဲ့ အလှူမျိုးသာမက ရေရှည်ကိုကြည့်တဲ့ အကူအညီတွေကိုလည်း ပေးဖို့လိုအပ်သလို ပြန်လည်ထူထောင်ရေးအတွက်လည်း စဉ်းစားပြီး ကူညီမှုတွေ လုပ်ဆောင်သင့်တယ်လို့လည်း လူမှုကူညီရေး ဆောင်ရွက်သူတွေက ဆိုကြပါတယ်။

ပရဟိတအဖွဲ့ဝင် ကိုသဇင်က “ကျနော်တို့ မြန်မာပရဟိတအဖွဲ့တွေကလည်း မိရိုးဖလာလှူတယ်၊ တန်းတယ်၊ ပြန်တယ်၊ မှတ်တမ်းတင်တယ်၊ ဒီအဆင့်ကနေ ကျနော်တို့ တက်ဖို့ လိုပါပြီပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီငလျင်ရဲ့ နောက်ဆက်တွဲ လုပ်ငန်းတွေကို ကူညီတဲ့နေရာမှာ ကျနော်တို့က လူအုပ်ကြီးကို ဆန်ဝေ၊ ဆီဝေတာထက်စာရင် ရေရှည် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်အဆင်ပြေဖို့ ဘယ်လိုကူရမလဲပေါ့နော်။ ပြီးတော့ ထိခိုက်နာကျင်သူတွေရဲ့ စိတ်ဒဏ်ရာတွေ၊ လူဒဏ်ရာတွေ သက်သာအောင် ဘယ်လိုကူရမလဲဆိုတဲ့ အဆင့်ထိကို ကျနော်တို့က မြင်အောင် ကြည့်ပြီးတော့ ကူဖို့လိုသလို အလှူရှင်ကလည်း ဒီလိုနေရာမျိုးတွေမှာ လှူသင့်တယ်ပေါ့နော်။ ဒါပေမဲ့ တခုတော့ရှိတယ်၊ စစ်အုပ်စုက ကြီးစိုး အုပ်စိုးနေသရွေ့ကတော့ ပြန်လည်ထူထောင်ရေး efforts တွေ အကုန်လုံးက ဘယ်လိုမှ အောင်မြင်စရာ မရှိဘူးပေါ့နော်။ ပြန်လည်ထူထောင်ရေးလို့ ပြောလိုက်ရင် စစ်အုပ်စုကို တော်လှန်ရေးဘက်ကနေ အပြီးတိုင်ဖယ်ရှားရေးကလည်း ပြန်လည် ထူထောင်ရေးအတွက် factor တခုလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံပေါင်း ၂၄ နိုင်ငံက မြန်မာနိုင်ငံ ငလျင်အတွက် လှူဒါန်းထားတဲ့အလှူငွေ ဒေါ်လာသန်းချီ ရရှိထားတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူတွေကို တယောက် ၁၀ သိန်းကျပ် ထောက်ပံ့ပေးသွားမယ်လို့ ဧပြီ ၅ ရက်က နေပြည်တော် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ ဧပြီ ၆ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီအထိ စုစုပေါင်း သေဆုံးသူ ၄,၂၁၂ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၆,၅၈၈ ယောက်နဲ့ ပျောက်ဆုံးနေသူ ၄၄၈ ယောက် ရှိသွားပြီလည်း ဖြစ်ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013