
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် ငလျင်ဗဟိုချက်တည်ရာ ရေခါးအင်းဒေသမှာ မြေကြီးအက်ကွဲကြောင်းတွေ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်တွေ ပြိုကျပျက်စီးသလို လူတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အင်အားပြင်းငလျင်ကြောင့် ရေခါးအင်းဒေသရှိ ရေခါးအင်းရွာနဲ့ ကျောက်တာကျေးရွာမှာ တိုက်တာနေအိမ်တိုင်းလိုလို ထိခိုက်ခဲ့ပြီး နေအိမ်အလုံး ၂၀ ကတော့ နေလို့မရအောင် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ရေခါးအင်းကျေးရွာ ရေခါးကျောင်းဆရာတော်က “အေး ကဲ ခုတောင်လှုပ်ပြန်ပြီ။ သူတို့က ၁၂ ခွဲ ၁၂ ကျော်ကျော်ဆိုတော့ နားနေတဲ့အချိန်၊ နားနေရင်း မတ်တတ် မှေးကနဲ အိပ်ပျော်သွားတော့ မှန်ကွဲသံတွေကြားတော့ ဒီထဲကနေ ကုန်းရုန်းပြီးတော့ အတင်း ထွက်ပြေးခဲ့တာပေါ့။ ဒီဘက်မှာလည်း လဲလိုက်၊ ထလိုက်နဲ့ ဒီအပေါက်ဝရောက်မှ ဒါလည်း ပြုတ်ကျတော့တာပေါ့။ အဲ့လိုဖြစ်သွားတာ။ ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းကတည်းက ပြောဖူးတယ်လေ။ ဒီအင်းကြီးရဲ့ တောင်ဘက်မှာ မီးတောင်ဆိုပြီးတော့ အဲ့တုန်းကတောင်မှ ရွာတောင်ရွှေ့ရမလို အဲ့ခေတ်တုန်းက ကြားရတယ်။ နောက်တော့ မီးတောင်က မီးသေတောင်၊ ငလျင်ကြောချက်မ ဆိုတာတွေ ပြောသံကြားဖူးတယ်။ ကိုယ်ကတော့ ဗဟုသုတမသိဘူးလေ။ သိတာတော့ မသိဘူးပေါ့။ ငလျင်လှုပ်တာတွေ ဘာတွေကလည်း ဒီဘက်မှာ ပြင်းပြင်းထန်ထန်တွေ ရှိတာဆိုတော့ ဖြစ်နိုင်တာတော့ ဖြစ်နိုင်တာပေါ့။ ဒီတကြိမ်လှုပ်တာတော့ မကြုံခဲ့ဖူးဘူး၊ တသက်မှာပေါ့။ ဘုန်းဘုန်းတို့တသက်မှာတော့ ဒါ အကြီးဆုံးပေါ့။ ငလျင်လေးတွေ လှုပ်တာကတော့ များပါတယ်။ ဒီလိုကြီးတာမျိုးတော့ မကြုံဖူးဘူး။”
အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ရေခါးအင်းကျေးရွာဟာ ပရိဘောဂလုပ်ငန်း၊ ယက်ကန်းလုပ်ငန်းတို့နဲ့ အသက်မွေးကြတာ ဖြစ်ပါတယ်။
အဲဒီရွာထဲမှာ ငလျင်ကြောင့် အသက်သေဆုံးသူ မရှိပေမဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိသလို နေအိမ်တိုင်းလို ပျက်စီးဆုံးရှုံးမှုကတော့ ရှိနေပါတယ်။
ရေခါးအင်းမြောက်ဘက်မှာ ရေခါးအင်းရွာရှိသလို အင်းတောင်ဘက်မှာလည်း ကျောက်တာကျေးရွာ ရှိပါတယ်။
အိမ်ခြေများတဲ့ ကျောက်တာကျေးရွာကတော့ ပရိဘောဂနဲ့ ယက်ကန်းလုပ်ငန်းအပြင် ကျောက်ပြင်၊ ကျောက်ငရုတ်ဆုံ လုပ်ငန်းတွေနဲ့ အသက်မွေးကြတာ ဖြစ်ပါတယ်။
ရေခါးအင်းကျေးရွာထက် စည်ပင်တောင်သာတဲ့ ရွာကြီးဖြစ်ပြီး အဲဒီကျေးရွာမှာတော့ နေအိမ် အလုံး ၂၀ ပြိုကျပျက်စီးခဲ့ပြီး လူတယောက် တိုက်အိမ်ပိလို့ ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေ ပြန်လည်ပြုပြင်နိုင်ဖို့ကတော့ အချိန်ကြာနိုင်တယ်လို့ ကျောက်တာကျေးရွာသားတယောက်က ပြောပါတယ်။
“လှုပ်တဲ့အချိန်ကတော့ လှေစီးနေသလိုပဲ။ အကုန်လုံးကို လမ်းလည်းလျှောက်လို့မရဘူး။ လုံးထွေးနေတာ။ ကိုယ့်အိမ်ထဲက ထွက်ဖို့တောင် အခြေအနေ၊ ကျနော်တို့မိသားစု ၃ ယောက်ထဲ ရှိတာတောင်မှ အပြင်ထွက်ဖို့ကို တော်တော်ကို ခက်ခဲတယ်၊ လုံးထွေးနေတာပေါ့၊ လမ်းလျှောက်ဖို့ကိုလေ။ ရွာပြန်ပြီးပြုပြင်နိုင်မယ့် အခြေအနေကတော့ ခက်ခဲမှာဗျ၊ ကြာမှပေါ့နော်။ အခုကတော့ ပြုပြင်ဖို့တော့ မလွယ်တော့ဘူး။ လူနေဖို့လောက်တော့ လုပ်ရမှာပေါ့။ ဖြည်းဖြည်းချင်းတော့ ပြုပြင်ရမှာပေါ့။ လမ်းအခြေအနေတောင်မှ ကွန်ကရစ်လမ်းတွေ ပျက်သွားတာ ပြုပြင်ရတာပေါ့။ အဲလိုတော့ရှိပါတယ်။”
စစ်ကိုင်းငလျင်ရဲ့ ဗဟိုချက်ဒေသမှာ အရပ်ခေါ် ကျောက်စိမ်းကုန်းလို့ ခေါ်ကြတဲ့ မီးသေတောင်တလုံးလည်း ရှိနေပြီး ရှေးယခင်ကလည်း ငလျင် မကြာခဏ လှုပ်တတ်ပေမဲ့ ပြီးခဲ့တဲ့ မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကတော့ အပြင်းထန်ဆုံးပဲလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ငလျင်ကြီးပြီးတဲ့နောက် ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နေဆဲဖြစ်ပြီး ပြင်းအားပိုပြီးပြင်းထန်တာ မရှိပေမဲ့ မိုးခြိမ်းသလို အသံကြီးနဲ့ ငလျင်တွေကတော့ ဆက်တိုက်လှုပ်ခတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟန်န