DVB Logo
Home
Lead Story
ယဉ်ကျေးမှုတိုက်ပွဲရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ “စနိုးဝှိုက်”
DVB
·
March 23, 2025
ယဉ်ကျေးမှုတိုက်ပွဲရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ “စနိုးဝှိုက်”
Donate to DVB

ဂန္ထဝင်ဇာတ်လမ်းတပုဒ်ဟာ ဘယ်လိုလုပ်ပြီး ၂၀၂၅ ရဲ့ အငြင်းပွားစရာအကောင်းဆုံးရုပ်ရှင် ဖြစ်လာခဲ့ပါသလဲ။ သရုပ်ဆောင်ရွေးတာကနေ နိုင်ငံရေး၊ တီထွင်ဖန်တီးမှုဆိုင်ရာ ဆုံးဖြတ်ချက်အထိ အပြောအဆို မလွတ်ခဲ့ပါဘူး။ နတ်သမီးပုံပြင်ထဲက မင်းသမီးလေးဟာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး တိုက်ပွဲတွေထဲမှာ မိုးကြိုးသွားတလက် ဖြစ်လာခဲ့ပါတယ်။

၁၉၃၇ တုန်းက ရိုက်ကူးခဲ့တဲ့ ဂန္ထဝင် အန်နီမေးရှင်းဇာတ်ကားကို ဒစ္စနေကပဲ တကယ့်လူတွေနဲ့ သရုပ်ဆောင်ထားတဲ့ live-action ဗားရှင်း ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ဆန်းသစ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ အငြင်းပွားစရာတွေက လူရွေးပွဲကတည်းက စခဲ့ပါတယ်။ ကိုလံဘီယာ နွယ်ဖွား လက်တီနိုသရုပ်ဆောင် ရေချယ်ဇက်ဂါလာကို စနိုးဝှိုက်ဇာတ်ကောင် အနေနဲ့ ရွေးကတည်းက ဂယက်တွေ စခဲ့တာပါ။ ဒီကားဟာ မတူကွဲပြားမှုတွေ၊ သာတူညီမျှမှုတွေ အလေးပေးတဲ့ နိုးထရေးလှုပ်ရှားမှု (Wokeness) အရမ်းလွှမ်းမိုးတယ် ဆိုပြီးတော့လည်း  anti-woke သမားတွေက ဝေဖန်ခဲ့ကြပါတယ်။

Remake ဆိုပြီး ပြန်ရိုက်မယ်ဆိုရင် မူရင်းရုပ်ရှင်ကို အနည်းနဲ့အများတော့ မွမ်းမံလေ့ရှိကြပါတယ်။ မူရင်းကားဟာ ဒစ္စနေးရဲ့ အနာဂတ် အန်နီမေးရှင်းရုပ်ရှင်တွေအတွက် စံနှုန်းမြင့်မြင့်မားမား သတ်မှတ်ပေးနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာပါ။ ဒ့ါအပြင် Someday My Prince Will Come ဆိုတဲ့ ဇာတ်ဝင်တေးဟာ သူတို့ရဲ့ဘဝကို ပြည့်စုံစေမယ့် မင်းသားလေး အလာကို မျှော်နေကြတဲ့ မိန်းကလေးတွေရဲ့ လာနိုးငယ်မျှော် ဘဝကို ဖော်ကျူးတာဖြစ်ပါတယ်။ အဆိပ်သင့် ပန်းသီးကို ကိုက်မိပြီးမှ မင်းသားလေးက အနမ်းနဲ့ မကယ်တင်မီအထိ မူရင်းဇာတ်လမ်းထဲက စနိုးဝှိုက်ဟာ လူပုလေးတွေအတွက် တံမြက်စည်းလှည်းပေးရင်း ပျော်ပျော်ပါးပါးနေခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကောင်နေရာ အရွေးခံခဲ့ရတဲ့ ဇက်ဂလာက မူလ ဇာတ်လမ်းဟောင်းဟာ “စနိုးဝှိုက်နဲ့ သူ့ကို လိုက်ချောင်းတဲ့ လူတယောက်အကြောင်း အချစ်ဇာတ်လမ်းကို အဓိကဖိုးကပ်စ်ထားတာ” ပဲလို့ နောက်ပြောင် ပြောဆိုခဲ့ပါတယ်။ တကယ်တမ်းတော့ မူလရုပ်ရှင်မှာ မင်းသားလေးက စနိုးဝှိုက်ကို မြင်မြင်ချင်း ချစ်မိသွားပြီးတော့ “တနံတလျား လိုက်လံရှာဖွေခဲ့တယ်” လို့ သရုပ်ဖော်ထားတာပါ။ ဒီလို ဂန္ထဝင်ဇာတ်ကို အခုလို မှတ်ချက်ပေးခဲ့တဲ့အတွက် ဇက်ဂလာဟာ အချစ်ဆိုတာကို မယုံကြည်တဲ့ “anti-love” သမားလို့ လူမှုကွန်ရက်ပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

ဇက်ဂလာဟာ Trailer အတွက် ကျေးဇူးတင်စကား မျှဝေချိန်မှာလည်း “ပါလက်စတိုင်း လွတ်မြောက်ပါစေ” ဆိုတာပါ တွဲတင်ခဲ့တဲ့အတွက် ပိုရှုပ်ထွေးကုန်ပါတယ်။ ဒါ့အပြင် အမေရိကန် ရွေးကောက်ပွဲကာလမှာလည်း “ထရမ့်ပ်မဲဆန္ဒရှင်တွေနဲ့ ထရမ့်ပ်ကိုယ်တိုင်က ငြိမ်းချမ်းရေးကို ဘယ်တော့မှ နားမလည်ဘူး” လို့ မှတ်ချက်ပေးခဲ့တဲ့အတွက်ပါ  ထရမ့်ပ်ထောက်ခံသူတွေ၊ ကွန်ဆာဗေးတစ်တွေရဲ့ အပြင်းအထန်ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဇက်ဂလာဟာ ဒီကိစ္စအတွက် ပြန်တောင်းပန်ခဲ့ရပါတယ်။

အဲဒီအချိန်မှာ မိထွေးဘုရင်မကြီးနေရာက သရုပ်ဆောင်တဲ့ ဂဲလ် ဂဒေါ့က အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးကို ထောက်ခံကြောင်း ပို့စ်တွေ တင်ခဲ့ပြန်တဲ့အတွက် သူပါတဲ့ဇာတ်ကားတွေ သပိတ်မှောက်ဖို့ တောင်းဆိုတဲ့အသံကလည်း ထွက်လာပြန်ပါတယ်။

ဒီမှာတင် ဇာတ်လမ်းက မဆုံးသေးပါဘူး။ စနိုးဝှိုက် ဆိုတာက လူပုလေး ၇ ယောက် ဂူထဲမှာ အတူနေကြတဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ဇာတ်လမ်း ဖြစ်တယ်ဆိုတဲ့ လူပုသရုပ်ဆောင်တဦးဖြစ်တဲ့ ပီတာ ဒင်းကလေ့ဂျ်ရဲ့ မှတ်ချက်ကလည်း သက်ရောက်မှုကြီးခဲ့ပါတယ်။ ဒါကြောင့် ဒစ္စနေက  ဒီလိုမျိုး ပုံသေကားကျ သတ်မှတ်တာမျိုး (stereotype) လုပ်တာမျိုးတွေကို အားဖြည့်ရာ မရောက်စေဖို့ ဒီဇာတ်ကောင် ၇ ယောက်ကို မတူညီတဲ့ ချဉ်းကပ်ပုံနဲ့ ကိုင်တွယ်မယ်လို့ ထုတ်ပြန်ခဲ့ပြန်ပါတယ်။

လူပုလေးတွေနေရာမှာ CGI နဲ့ ဖန်တီးထားတဲ့ မှော်သတ္တဝါလေးတွေအဖြစ် အစားထိုးခဲ့ပါတယ်။ အဲဒီအခါမှာလည်း လူပုသရုပ်ဆောင်အချို့ရဲ့ ဒေါသနဲ့ ကြုံခဲ့ရပြန်ပါတယ်။ ဒစ္စနေဟာ သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ခိုးယူလိုက်တယ်၊ ဖျက်ဆီးလိုက်တယ်လို့ စွပ်စွဲခံရပြန်ပါတယ်။ ဒစ္စနေဟာ နိုင်ငံရေးအရ မှန်ကန်မှုရှိအောင် (politically correct) ဖြစ်အောင် အရမ်းကြိုးစားရင်းနဲ့ လူပုသရုပ်ဆောင်တွေရဲ့ အလုပ်အကိုင်တွေကို ဖယ်ရှားလိုက်ပြီလို့ ဝေဖန်ခဲ့ကြပါတယ်။

ဘေးပတ်လည်မှာ ဒီလိုပြဿနာတွေ ဝိုင်းနေတဲ့ ဒီရုပ်ရှင်ကိုယ်တိုင်ကလည်း ကောင်းပါ့မလားလို့ ဝေဖန်ခံနေရပါတယ်။ အစောပိုင်း trailer တွေမှာ CGI က မစွံဘူးလို့ အပြစ်ပြောခံရပါတယ်။ ဇာတ်ဝင်တေး Waiting On a Wish ကလည်း အရမ်းယေဘုယျဆန်ပြီးတော့ ဆွဲဆောင်မှုမရှိဘူးလို့ ပြောကြပြန်ပါတယ်။ စနိုးဝှိုက်ရုပ်ရှင် trailer ဟာ ယူကျုဘ်မှာ dislike အချိုး အများဆုံး ဗီဒီယိုတခုပါ ဖြစ်လာခဲ့ပါတယ်။ ဖေဖော်ဝါရီလအထိ Like တသိန်း ရထားပေမဲ့ dislike က တသန်းခွဲတောင် ရထားပါတယ်။ ကွန်ဆာဗေးတစ် မီဒီယာတွေကဆိုရင် “go woke, go broke” ဆိုပြီးတော့ နိုးထမှုတွေ အရမ်းများနေတဲ့ ဒီကားဟာ ငွေကြေးအရ အရှုံးပေါ်မယ်လို့ပါ ဝေဖန်ထားကြပါတယ်။

ဒီဇာတ်ကားဟာ ငွေကြေးအရ အောင်မြင်မှုရခြင်း၊ မရခြင်းထက်ကို ယဉ်ကျေးမှုတိုက်ပွဲတွေကြောင့် ပိုအမှတ်ရနေမှာကတော့ သေချာပါတယ်။ ပိုသဘောကွဲလွဲလာတဲ့ ကမ္ဘာမှာ အစွန်းနှစ်ဖက် ယဉ်ကျေးမှုတိုက်ပွဲတွေရဲ့ သားကောင်ဖြစ်နေတဲ့ စနိုးဝှိုက်ဇာတ်ကားဟာ ဆူညံသံတွေ ဝေဖန်မှုတွေကို ကျော်လွှားပြီးတော့ နတ်သမီးပုံပြင်တပုဒ်ရဲ့ အစဉ်အလာအတိုင်း ပျော်ရွှင်စရာ ဇာတ်သိမ်းနဲ့ အဆုံးသတ်နိုင်မလား ဆိုတာကိုတော့ မတ်လ ၂၁ ရက်နေ့ ရုံစတင်ပြီး မကြာမီမှာပဲ သိကြရမှာ ဖြစ်ပါတယ်။

စိုင်းခေတ်နွေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013