DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မြန်မာလုပ်သားများအား နေရပ်ပြန်မပို့ရန် ထိုင်းအာဏာပိုင်များကို တောင်းဆို
DVB
·
March 14, 2025
ဖမ်းဆီးခံ မြန်မာလုပ်သားများအား နေရပ်ပြန်မပို့ရန် ထိုင်းအာဏာပိုင်များကို တောင်းဆို
Donate to DVB

ဥပဒေနဲ့ မညီတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးရာမှာ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေကို နေရပ် ပြန်မပို့ဖို့ ထိုင်းလူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆိုနေကြပါတယ်။

ထိုင်းအာဏာပိုင်တွေက ၂၀၂၅ နှစ်စပိုင်းမှာ ကျားဖြန့် နှိမ်နင်းရေး စတင်ပြီးနောက် ဥပဒေနဲ့ မညီတဲ့ နိုင်ငံခြားသားလုပ်သားတွေကို စီမံချက်နဲ့ ဖမ်းဆီးရာမှာ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလကုန်အထိ ၂ လတာအတွင်း မြန်မာနိုင်ငံသား တသောင်းဝန်းကျင် ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတချို့ကို ထိုင်းနိုင်ငံတွင်းက သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံစေပြီးနောက် မြန်မာနိုင်ငံဘက်အခြမ်း ပြန်လည် ပို့ဆောင်ခံရတာတွေရှိပါတယ်။

အခုလို ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းအစိုးရကို ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများကွန်ရက် (Migrant Working Group - MWG) ရဲ့ ညှိနှိုင်းရေးမှူး မစ္စတာ အဒိစွန်က ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။

AAC  အလုပ်သမားအရေး လုပ်ဆောင်သူ ကိုရဲမင်းက “လက်ရှိကလည်း ထိုင်းဘက်ကလည်း တော်တော်များများ တောင်းဆိုကြတယ်။ ထိုင်းလူမျိုး တချို့ တောင်းဆိုတာလည်း ရှိတယ်။ ဒီလိုမျိုး နိုင်ငံက အခြေအနေဆိုးမှာ ပြန်ပို့တာမျိုးတွေ၊ နိုင်ငံရေးကြောင့် တိမ်းရှောင်လာသူတွေကိုလည်း သူတို့ကို သီးသန့်ထားတဲ့နေရာတွေ မရှိလို့ နေထိုင်ခွင့် အထောက်အထားတွေ လုပ်တယ်။ အဲ့လို လုပ်ကိုင် ဆောင်ရွက်ရင်းနဲ့မှ တချို့ မပြည့်စုံလို့ ဖမ်းဆီးခံရသူတွေကို ပြန်ပို့တာကျတော့ အကြမ်းဖက်အုပ်စု မင်းအောင်လှိုင်လက်ထဲ သေတွင်းထဲ ပြန်ပို့သလို ဖြစ်တယ်။ အဲ့တော့ ထိုင်းအာဏာပိုင်တွေဘက်က ဒါတွေကို ဖြေလျှော့ပေးဖို့၊ ဖမ်းဆီးခံရသူတွေကို နေရပ်ပြန်မပို့ဖို့ တောင်းဆိုနေကြတာ ရှိတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံတွင်းကို  နိုင်ငံရေးကြောင့် ထွက်ပြေး တိမ်းရှောင်လာသူတွေနဲ့ CDM ဝန်ထမ်းတွေဟာ နယ်စပ်ဒေသတွေမှာ အထောက်အထားမဲ့ နေထိုင်နေရတာတွေလည်း ရှိနေပါတယ်။

ထိုင်းအစိုးရ ပြုလုပ်ပေးတဲ့ အထောက်အထားတွေ နေထိုင် လုပ်ကိုင်ရင်း အထောက်အထား မစုံလို့ ဖမ်းဆီးခံရတဲ့အခါ နေရပ်ပြန်ပို့တာဟာ မြန်မာစစ်တပ်အတွက် စစ်သားစုဆောင်းရာမှာ ကူညီပေးရာ ရောက်တယ်လို့လည်း ထိုင်းလူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြ ပါတယ်။

အထူးသဖြင့် ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးခံရသူတွေက ရနောင်း-ကော့သောင်း၊ ထိုင်းမြောက်ပိုင်းမှာ ဖမ်းဆီးခံရသူတွေက မဲဆောက်-မြဝတီစတဲ့ နယ်စပ်ဂိတ်တွေကနေ ပြန်ပို့ခံရပြီး စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းတာတွေလည်း ခံရနေပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ  ဦးမိုးကြိုးက “တရားမဝင် နိုင်ငံခြားသား မြန်မာလုပ်သားတွေကို ပေါ်တာဆွဲသလိုမျိုး ကားပေါ်ကို ကြမ်းကြမ်းရှရှ တင်တယ်။ ဈေးဆိုင်တွေထဲ၊ အိမ်ခန်းတွေထဲ အတင်းဝင်ရောက်တယ်။ ဖမ်းဆီးတယ်။ စာသင်ကျောင်းတွေပါမကျန် ဖမ်းဆီးတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး အဆိုးတကာ့ အဆိုးဆုံးက မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့အခါမှာ စစ်သား စုဆောင်းရေးထဲ ပါသွားတယ်။ ဒါတွေဟာ ထိုင်းအစိုးရကလည်း လုပ်သလို မလုပ်သလိုလို တဖက်တလမ်းက စစ်သားစုဆောင်းပေးနေတာပဲလို့ သဘောပိုက်တယ်။ ဒါကြောင့် Migrant working groups ဆိုတဲ့ နိုင်ငံခြားသား လုပ်သား စီမံခန့်ခွဲရေးနဲ့ နိုင်ငံခြားလုပ်သား လုပ်ထုံးလုပ်နည်း  အပြောင်းအလဲတွေမှာ ဩဇာတိက္ကမ ကြီးမားတဲ့ အဖွဲ့အစည်းက ပြောတာကို ချွင်းချက်မရှိ ထောက်ခံသလို ထိုင်းအစိုးရရဲ့ နိုင်ငံခြားသား မှတ်ပုံတင်တဲ့ လုပ်ငန်းတွေကလည်း ဒီထက် မြန်ဆန်အောင် လုပ်ရမယ်။ ကုန်ကျစရိတ်ကလည်း သက်သာအောင် လုပ်ရမယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံအစိုးရအနေနဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့ရင် အသက်အန္တရာယ်ရှိတဲ့အတွက် မြန်မာအလုပ်သမားတွေကို ကာကွယ်ပေးဖို့ မစ္စတာ အဒိစွန်က ထိုင်းအာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

မတ် ၁၃ ရက်ညကလည်း ထိုင်းရောက်မြန်မာအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) အလုပ်သမားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူတွနဲ့ တွေ့ဆုံပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကြုံနေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပါတယ်။

 ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013