DVB Logo
Home
မြန်မာသတင်း
ပလတ်စတစ် ညစ်ညမ်းမှုပြဿနာ လျှော့ချရန် ကရင်နီလူငယ်များ Eco Brick အုတ်ခဲ အသုံးပြု
DVB
·
March 14, 2025
ပလတ်စတစ် ညစ်ညမ်းမှုပြဿနာ လျှော့ချရန် ကရင်နီလူငယ်များ Eco Brick အုတ်ခဲ အသုံးပြု
Donate to DVB

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေထဲက တခုဖြစ်တဲ့ ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာကို လျှော့ချနိုင်ဖို့ ကရင်နီလူမှုသိပ္ပံကောလိပ်မှာ   Eco brick  အုတ်ခဲ လုပ်တဲ့ နည်းလမ်းလေးတခုကို အသုံးပြုနေပါတယ်။

ပလတ်စတစ် အမှိုက်တွေဟာ လွယ်လွယ်နဲ့ မဆွေးမြေ့နိုင်တာကြောင့် ကမ္ဘာကြီးမှာ ပလတ်စတစ် ညစ်ညမ်းမှုဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေထဲက တခု ဖြစ်လာပါတယ်။

ကရင်နီလူမှုသိပ္ပံကောလိပ်မှာတော့ သဘာဝပတ်ဝန်းကျင်အတွက် ပလတ်စတစ်အမှိုက်တွေကို မီးရှို့တာ၊ စွန့်ပစ်တာမျိုးတွေ မလုပ်ဘဲ Eco brick ဆိုတဲ့ နည်းလမ်းကို လုပ်ဆောင်ကြဖို့ အလေ့အကျင့်ကောင်းတွေ မွေးမြူပေးနေပါတယ်။ Eco Brick ဆိုတာကတော့ အသုံးပြုပြီးသား ပလတ်စတစ်တွေကို ရေသန့်ဘူးထဲ သိပ်ထည့်ပြီး အုတ်ခဲ အစားထိုးသုံးတာပါ။

ကရင်နီလူမှုသိပ္ပံကောလိပ်  Assistant Program Coordinator မဂျူးက “ကျမတို့က သင်တန်းသားတွေ ခေါ်ယူပြီးတဲ့ နောက်မှာဆိုရင် ကျမတို့ orientation ကာလကတည်းကပေါ့နော် စစ မိတ်ဆက်တဲ့ ကာလကတည်းကိုက ကျမတို့ ဒီအမှိုက်နဲ့ ပတ်သက်ပြီးတော့ အချိန်ကို မဖြစ်မနေ ထည့်တယ်ပေါ့နော်။ ပြီးရင် ဒီအမှိုက်နဲ့ ပတ်သက်ပြီးတော့ ကျောင်းသူကျောင်းသားသစ်တွေနဲ့ မိတ်ဆက်တာတွေ၊ အမှိုက်ဆိုတဲ့ အမျိုးအစားတွေ ဘာတွေ ရှိလဲဆိုတာမျိုးတွေ အပြန်အလှန် မေးခွန်းမေးခြင်းနဲ့ ပြီးရင် brainstorming လုပ်တာတွေ၊ အဲ့လိုမျိုးတွေ လုပ်တယ်ပေါ့နော်။ ပြီးတော့ bricks ဆိုလည်း အမှိုက်ထိန်းသိမ်းတဲ့ နေရာမှာ အရမ်းကြီး အသုံးဝင်တဲ့ နည်းလမ်းတခုဖြစ်တယ်ပေါ့နော်။ Eco-bricks ကဆိုရင် ကျမတို့ ကျောင်းမှာ မဖြစ်မနေ လိုက်လုပ်ရတဲ့ နည်းလမ်းတခု ဖြစ်တယ်”လို့ ပြောပါတယ်။

ကရင်နီလူမှုသိပ္ပံကောလိပ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူတယောက်ကတော့ မိမိတကိုယ်ရည်စာ အမှိုက်တွေကို ကိုယ်ပိုင်အမှိုက်ဘူးထားပြီး Eco-brick ဘယ်လို လုပ်ကြတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ 

ကရင်နီလူမှုသိပ္ပံကောလိပ်မှ ကျောင်းသူတယောက်က “Eco-bricks ကကျတော့ ကျမတို့ ဘယ်လိုလုပ်လဲဆိုရင် ဒီပလတ်စတစ်အမှိုက်ပဲ ဖြစ်ဖြစ်၊ ကျမတို့ မုန့်သွားဝယ်စားတာပဲ ဖြစ်ဖြစ်၊ ဝယ်စားပြီးလို့မှ ထွက်လာတဲ့ ပလတ်စတစ်အမှိုက်က ဘာမှ ပြန်သုံးလို့ မရဘူးဆိုရင် ကျမတို့က ဆေးကြောတယ်ပေါ့နော်။ ပြီးရင် ကျမတို့ဆီမှာ ရှိတဲ့ အချိုရည်ဘူးခွံတွေ အဲ့လိုမျိုးထဲမှာ ကျမတို့က ဆေးကြောပြီးမှ ထည့်တယ်။ ထည့်ပြီးရင် ကျမတို့ ထည့်တဲ့ အခါမှာဆိုရင်လည်း အရမ်းတွေ ပြည့်ကျပ်လာတဲ့အခါမှာဆိုရင် ကျမတို့က တုတ်နဲ့ တင်းတင်းကျပ်ကျပ်လေး ထိုးထည့်တယ်ပေါ့နော်။ ထိုးထည့်ပြီးမှပဲ ကျမတို့ ဘူးတဘူးလုံး တင်းတင်းကျပ်ကျပ်နဲ့ ညှစ်လိုက်တဲ့အခါမှာလည်း လုံးဝ ပျော့သွားတဲ့ဟာမျိုး မရှိဘဲနဲ့ တင်းကျပ်နေတဲ့ ဘူးမျိုးကိုပဲ ကျမတို့က အဲ့ဒါ အပြည့်အဝ Eco-bricks ဖြစ်တယ်ဆိုတဲ့ဟာမျိုး ပြောတယ်ပေါ့နော်”လို့ ပြောပါတယ်။

ကရင်နီလူမှုသိပ္ပံကောလိပ်မှာတော့ ကျောင်းဘုံ အမှိုက်ဆိုတဲ့ နေရာထားရှိပြီး အမှိုက်ကို အမှိုက်စို၊ အမှိုက်ခြောက်၊ ပလပ်စတစ် ဆိုပြီး သုံးမျိုး ခွဲထားပါသေးတယ်။

ဒီကျောင်းဘုံ အမှိုက်ကထွက်တဲ့ ပလပ်စတစ်အမှိုက်တွေကိုလည်း ကျောင်းသူ၊ ကျောင်းသားတွေရော ဆရာ၊ ဆရာမတွေပါ အတူဝိုင်းပြီး Eco-Brick အဖြစ် လုပ်ခဲ့ကြပါတယ်။ တကိုယ်ရည်အမှိုက်တွေက ထွက်ရှိတဲ့ Eco-Brick တွေနဲ့ ကျောင်းဘုံအမှိုက်က ထွက်တဲ့ Eco-Brick တွေအားလုံးကိုတော့ ကျောင်းဝင်းအတွင်း လမ်းခင်းတဲ့ နေရာမှာ ပြန်လည် အသုံးချခဲ့ကြပါတယ်။

ကမ္ဘာတဝန်းရှိ  ပလတ်စတစ် အမှိုက် စာရင်းအင်းနဲ့ အချက်အလက်အရ ကမ္ဘာလုံးဆိုင်ရာ ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုအတွင်း ၇ ဆကျော် တိုးလာခဲ့ပြီး တနှစ်ကို မက်ထရစ် တန်ချိန် သန်း ၃၆၀ ရှိပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013