Home
မေးမြန်းခန်း
“အမှန်တရားက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရှိတယ်၊ သမ္မတဦးထင်ကျော် နဲ့ ရှိတယ်” ဒေါက်တာဆာဆာ
DVB
·
March 9, 2025

ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်မှုတွေအကြားမှာ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေဟာ တော်လှန်ရေးအတွက် အကူအညီတွေ ဆက်လက်ရရှိရေးနဲ့ တရားဝင်အသိအမှတ်ပြု အစိုးရ ဖြစ်လာရေးတို့အတွက် ရုန်းကန်နေရပါတယ်။

အမေရိကန်အစိုးရဘက်က အကူအညီတွေ ရက်ပေါင်း ၉၀ ယာယီရပ်နားထားပြီးနောက် မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေအကူအညီရရှိရေးကို ပုံစံပြောင်းစဉ်းစားရတဲ့ အခြေအနေလည်း ဖြစ်လာပါတယ်။ နိုင်ငံတကာက အစဉ်တစိုက် ရည်ညွှန်းနေတဲ့ တွေ့ဆုံဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးတို့ဟာလည်း အရာမထင်တဲ့ အခြေအနေမှာပဲ ရှိနေခဲ့တာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကို DVB က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ EU-ရုရှား-မြန်မာ နျူကလီးယားပြဿနာ ဆက်စပ်မှုဟာ စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံပြီးချိန်မှာ ထိပ်တန်းသတင်းဖြစ်လာပါတယ်။ EU ရဲ့ မြန်မာ့အရေးပေါ် သဘောထားနဲ့ လတ်တလောအခြေအနေအပေါ် ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ။ “အောက်တိုဘာလမှာ ဒီနိုင်ငံမရောက်ခင်မှာ ဥရောပဌာနချုပ်ရှိတဲ့ ဘရပ်ဆဲလ်မြို့မှာ ဥရောပခေါင်းဆောင်တွေနဲ့ ကျနော်တို့တွေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်မှာ အီးယူကထားတဲ့ မူဝါဒတွေကတော့ ကြီးကြီးကျယ်ကျယ် အပြောင်းအလဲမရှိတာကိုတော့ ကျနော်တို့တွေ့ရတယ်။ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှုက ဘုံရန်သူကိုအခြေခံပြီးမှ စည်းလုံးညီညွတ်မှုရှိပေမဲ့လည်း မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုအနေနဲ့ သွားရမယ့်ခရီးစဉ်မှာ ဘုံအနာဂတ်အပေါ်မှာ အခြေခံတဲ့ သဘောတူညီချက်မျိုးကတော့ ဥရောပယူနီယံတို့က တွေ့ချင်တာ တောင်းဆိုတော့ သူတို့ ကြာလှပြီပေါ့နော်။ ကျနော်တို့အနေနဲ့ပြောမယ်ဆိုရင်တော့ စစ်ကောင်စီက ဒါ Plan ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီမိုကရေစီဘက်က အင်အားစုတွေဘက်က ရနိုင်မယ့် Plan က ဘယ်မှာလဲဆိုတဲ့ ဥစ္စာပေါ့။ ဒါကလည်း ကျနော်တို့ Road Map ရှိပြီးသားဖြစ်တယ်။ အဲ့ဒါကိုလည်း သူတို့နဲ့ ဆွေးနွေးတာတွေ အများကြီးရှိပြီးသားဖြစ်တယ်။ နောက်တခုက ရုရှားနဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မော်စကိုမှာ သွားတွေ့တာကို ကြည့်မယ်ဆိုရင်လည်း အဓိကက သူတို့က နျူကလီးယားအကြောင်းတွေ ပြောတာဟာ တကမ္ဘာလုးရဲ့ လုံခြုံရေးကို ထိခိုက်တယ်ဆိုတာ၊ မြောက်ကိုရီးယားက နျူကလီးယားနိုင်ငံတနိုင်ငံလို ဖြစ်လာတာဟာလည်း အစတုန်းကတော့ ခုနကလိုပဲ စတင်တယ်။ ဒါကြောင့်မို့ သူတို့ဆွေးနွေးချက်တွေကို ကြည့်တဲ့အခါမှာ နျူကလီးယား Research တွေ ပါလာတဲ့အခါကျတော့ ဒါနဲ့ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုမှာက US Department of Justice က ဇန်နဝါရီ ၈ ရက် ၂၀၂၅ မှာ ထုတ်ပြန်ထားတာက ဂျပန်နိုင်ငံသား အယ်ဘီဆာဝါက မြန်မာပြည်မှာ ထွက်တဲ့ နျူကလီးယား ဆက်စပ်ကုန်တွေကို သူက အရောင်းအဝယ်လုပ်တာကို တွေ့ရတယ်။ အယ်ဘီဆာဝါကိုယ်တိုင်က အမေရိကန်ရဲ့ အချုပ်ထဲမှာရှိနေတဲ့အခြေအနေဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီလက်ထဲမှာ ယူရေနီယံလို့ခေါ်တဲ့ နျူကလီးယားနဲ့ပတ်သက်တဲ့ သတ္တုတွေကို သူတို့လက်ထဲမှာ ဒီလိုထည့်နေတာကိုကလည်း ကမ္ဘာ့လုံခြုံရေးအတွက် အန္တရာယ်အကြီးကြီးရှိတယ်ဆိုတာကိုတော့ အီးယူပဲဖြစ်ဖြစ်၊ အမေရိကန်ပဲဖြစ်ဖြစ်၊ ခုနက အယ်ဘီဆာဝါရဲ့အမှုကိုကြည့်ပြီးမှလည်း သူတို့နားလည်ပြီးသားလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ကျနော်တို့အိမ်နီးနားချင်း၊ အာဆီယံ အကုန်လုံးကလည်း အကြမ်းဖက်စစ်အာဏာရှင်လက်ထဲမှာ ခုဏကလို နျူကလီးယာနဲ့ ဆက်စပ်တာတွေရှိမှာကိုတော့ အားလုံးက စိုးကိုစိုးရိမ်ဖို့ အရေးကြီးတယ်။ ဆိုတော့ အကြမ်းဖက်စစ်အာဏာရှင်တွေက ရုရှားနဲ့ပူးပေါင်းတယ်ဆိုတာ တဖက်က ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီအင်အားစုတွေက သူတို့အကြားမှာ ပူးပေါင်းဆောင်ရွက်မှုအားနည်းတယ်လို့ ကျနော်မြင်တယ်။ မြန်မာနိုင်ငံအပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေက စည်းလုံးညီညွတ်မှုအားကောင်းဖို့ လိုတယ်။ ယူကရိန်းအပေါ်မှာလည်း ဒီ Free World နိုင်ငံတွေရဲ့ ပေါင်းစပ်မှုအားကောင်းဖို့ လိုတယ်။ ဒါတွေဟာ ဖြစ်သင့်သလောက်မဖြစ်တဲ့အခါကျတော့ ခုက အာဏာရှင်တွေရဲ့အောက်က ပေါင်းစပ်မှုအားကောင်းလာပြီးတော့မှ ဒီမိုကရေစီနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအားက နည်းနည်းကျသွားသလို ကျနော် မြင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာရင် ဥရောပနိုင်ငံတွေပဲဖြစ်ဖြစ်၊ အမေရိကန်ပြည်ထောင်စု၊ အာဆီယံ အကုန်လုံးလိုလိုက ပူးပေါင်းဆောင်ရွက်မှုက တဖက်က မြန်မာနိုင်ငံဘက်ကရှိဖို့ လိုသလို ပြည်တွင်းထဲမှာလည်း ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားက ကောင်းဖို့လိုတယ်။ ပြည်တွင်းက ပူးပေါင်းဆောင်ရွက်မှုအားနဲ့ ပြည်ပက ပူးပေါင်းဆောင်ရွက်မှုအား ၂ ခုစလုံးက သွင်းနိုင်မှ ဒီအရာတွေက ဖြေရှင်းနိုင်မှာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် ဒီအရာတွေကလည်း ဥရောပယူနီယံတခုတည်းနဲ့ ဆိုင်တဲ့ ပြဿနာမဟုတ်ဘူး။ တကမ္ဘာလုံးနဲ့ပတ်သက်နေတဲ့ ပြဿနာဖြစ်တယ်လို့ ကျနော် သုံးသပ်ပါတယ်။”

မေး။ ဒေသတွင်း အာဆီ​ယံအဖွဲ့ရဲ့ မြန်မာ့အရေးချဉ်းကပ်မှုဟာ မျှော်မှန်းထားသလို ထိရောက်မှုမရှိခဲ့ပါဘူး။ အားသာချက် အားနည်းချက်တွေကို ဘယ်လိုမြင်မိပါသလဲ။

ဖြေ။ အာဆီယံဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နဲ့အကြားမှာတောင်မှ သူတို့က ချိတ်ဆက်ပေးနိုင်သလား၊ ဒါလည်း မေးခွန်းထုတ်စရာရှိတာပေ့ါ။ သူတို့က ဒါတွေကို သံခင်းတမန်ခင်းမှာ ဟုတ်ပြီ၊ အမေရိကန်အနေနဲ့ ဝင်ရောက်စွက်ဖက်တယ်ဆိုတာ မရှိပေမဲ့လည်း တရုတ်အနေနဲ့ကတော့ အခုက ထင်သာမြင်သာရှိနေတာပေါ့။ တရုတ်ဘက်က ပြောတာကလည်း မြန်မာပြည် ဒီမိုကရေစီဖြစ်လာမှာကို သူတို့က အရမ်းစိုးရိမ်နေသလား။ ဥပမာ တချို့အာဆီယံတွေကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်လာမှာကို စိုးရိမ်တဲ့ အာဆီယံအဖွဲ့ဝင်တွေ ရှိနေသလားဆိုတာ ကျနော်တို့က စဉ်းစားရတဲ့အချိန်တွေကလည်း အများကြီးရှိခဲ့တယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်လာတယ်ဆိုရင်တော့ အဲ့ဒီ ဒီမိုကရေစီရဲ့ အရှိန်အဟုန်က အာဆီယံ တချို့အဖွဲ့ဝင်နိုင်ငံတွေရဲ့ State မှာလည်း ဖြစ်သွားနိုင်တဲ့ အနေအထားလည်း ကျနော်တို့ တွေ့ရတဲ့အခါမှာ ဒါတွေဟာလည်း အင်ဒို-ပစိဖိတ်လုံခြုံရေးနဲ့ အိန္ဒိယသမုဒ္ဒရာလုံခြုံရေးက ဒီမိုကရေစီက အဓိကဖြစ်တယ်။ တရုတ်လည်း တည်ငြိမ်အေးချမ်းရေးလိုတယ်၊ မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီမဖြစ်မချင်း တည်ငြိမ်အေးချမ်းရေး ကမရှိဘူး။ ဒါရှင်းရှင်းလေးပဲ။ တည်ငြိမ်အေးချမ်းရေးမရှိတာ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်မပေးလို့ပဲ။ တည်ငြိမ်အေးချမ်းရေးနဲ့ ပြောမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီဖြစ်လာရေးကသာ ဖြစ်တယ်။ ဆိုတော့ အကုန်လုံးက အဲ့ဒါကို မဟာဗျူဟာ ထားပြီးမှ သွားမယ့်အစားပေါ့နော် အခုက ကျနော်တို့က စစ်ကောင်စီက ဖန်တီးထားတဲ့ ပြဿနာတွေကိုပဲ လိုက်ဖြေရှင်းပေးနေရတယ်။ ပြဿနာရဲ့အစကို မဖယ်ရှားဘဲနဲ့ ဖြစ်သွားတဲ့ နောက်ဆက်တွဲကိုပဲ ဖြေရှင်းနေရင်တော့ ဘယ်လိုနဲ့မှ ဒီပြဿနာဖြေရှင်းလို့ရမှာမဟုတ်ဘူး။ ဒီပြဿနာဖန်တီးသူ စစ်ကောင်စီကို ဖယ်ရှားပြီးမှ ပြဿနာကိုဖြေရှင်းရမှာဖြစ်တယ်။ မဟုတ်ဘဲနဲ့ သူတို့ဖန်တီးထားတဲ့ ပြဿနာအမှိုက်တွေကို ကောက်နေလို့ကတော့ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ ပြောချင်တာက မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာရေးသည် အာဆီယံအတွက် Win ပဲ။ တရုတ်အတွက်လည်း ဒါဟာကောင်းကျိုးပဲ။ အမေရိကန်ပြည်ထောင်စုအတွက်လည်း ကောင်းကျိုးပဲဆိုတော့ အဲ့ဒီ ပန်းတိုင်ကိုသွားရမယ့်အစား အခုက အာဆီယံထဲမှာလည်း ပူးပေါင်းဆောင်ရွက်မှုက တော်တော်နည်းတယ်လို့ထင်တယ်။ ဆိုတော့ အာဆီယံ Plus၊ Plus၊ Plus က အများကြီးလိုသေးတယ်လို့ သုံးသပ်ပါတယ်။”

မေး။ အာဂျင်တီးနား ဖမ်းဝရမ်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ နာမည်တွေ ပါလာတဲ့အပေါ် အမြင်သဘောထား ကွဲပြားမှုအမျိုးမျိုးရှိခဲ့ပါတယ်၊ ဝန်ကြီးအနေနဲ့ ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ။ အာဂျင်တီးနားရဲ့ တရားစီရင်ရေးကနေ တရားရုံးမှာပါလာတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့ တကယ်တမ်းဆို မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုကို လုပ်လာခဲ့တာ ဘယ်သူလဲ။ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရိုဟင်ဂျာတွေ မတိုင်ခင်ကတည်းက ချင်းတွေ၊ ကချင်တွေ၊ ကရင်တွေ၊ ကရင်နီတွေ ကျနော်တို့တိုင်းရင်းသားတွေကို ပိုပြီးသတ်ဖြတ်နိုင်တဲ့သူတွေကို သူရဘွဲ့တွေပေးတယ်။ အဲ့ဒါကို ကျနော်တို့ ရင်ဆိုင်နေရတယ်။ ကိုယ့်ပြည်သူကို သတ်ဖြတ်တဲ့သူကို ရာထူးတိုးပေးတယ်ဆိုတာ ကမ္ဘာမှာ ဘယ်လိုစစ်တပ်မျိုးက ရှိသလဲ။ ကိုယ့်ပြည်သူကိုသတ် နေအိမ်ဘဝကို ဖျက်ဆီးပြီးမှ ဗိုလ်ချုပ်ရာထူးကို ပေးတယ်၊ ဗိုလ်မှူးရာထူးတွေ ပေးတယ်ဆိုတာကတော့ ကျနော် သိသလောက် မင်းအောင်လှိုင်ကိုယ်တိုင်က ကိုးကန့်ပြည်သူလူထုကို တိုက်ခိုက်ပြီးတော့မှ အခုနေရာကို ရောက်တယ်လို့ ကျနော် သိထားပါတယ်။ ဒီရိုဟင်ဂျာအရေးနဲ့ပတ်သက်ရင်လည်း တကယ့်တရားခံ တကယ်ကျူးလွန်သူက ဘယ်လိုအမှုပဲ ဖြစ်လာစေကာမူ နောက်ဆုံးမှာတော့ တရားရုံးမှာ ဖြေရှင်းရမှာပေါ့။ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်က အမှုရင်ဆိုင်ခဲ့မယ်ဆိုရင်လည်း သူတို့မှာ ဘာအပြစ်မှ မရှိတာကိုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သက်သေအထောက်အထား ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်က Independent ဖြစ်နေတယ်။ စစ်တပ်ကို ဘယ်သူမှ တာဝန်ခံလို့ မရသလို အမိန့်ပေးကွပ်ကဲခွင့်က သမ္မတမှာမရှိဘူး။ ကာကွယ်ရေးဦးစီးချုပ် သူ့လက်ထဲမှာရှိတယ်။ တရားရင်ဆိုင်ဖို့ကို ကျနော် လုံးဝမကြောက်ဘူး။ ဥပမာ ကျနော်ကိုယ်တိုင်လည်း တရားအစွဲခံရတယ်ဆို ကျနော် သွားရမှာပဲ။ ရင်ဆိုင်မှာပဲ။ ကျနော့်မှာ အပြစ်မရှိကြောင်းကို ကျနော်က သက်သေအထောက်အထားနဲ့ ဖြစ်နိုင်ရမှာပေါ့။ သွားနိုင်ရမှာပေါ့။ မြန်မာနိုင်ငံမှာ တော်လှန်ရေးက တနေ့ကျ ပြီးသွားမှာပဲ။ ပြီးသွားတဲ့အခါမှာလည်း ကျနော်ကိုယ်တိုင်လည်း တရားစွဲခံရနိုင်တယ်။ ဆိုပါစို့၊ အဲဒီမှာပါတယ် ရှိလာနိုင်တယ်။ အပြစ်ကင်းကြောင်းကို ကျနော်က ဥပဒေလမ်းကြောင်းနဲ့ ပြောရမှာပဲ။ ဆိုတော့ ပြောချင်တာက အမှန်တရားက ကျနော်တို့နဲ့အတူရှိတယ်။ အမှန်တရားကနိုင်မှာပဲ။ အမှန်တရားက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရှိတယ်၊ သမ္မတဦးထင်ကျော် နဲ့ ရှိတယ်။ အမှန်တရားက မြန်မာပြည်သူနဲ့ ရှိနေသရွေ့ ဘယ်တရားရုံးမှ ကျနော်တို့က ရင်ဆိုင်ဖို့ကိုတော့ ဘာမှ ကိစ္စမရှိဘူးပေါ့နော်။ ခုနကလို ဝန်လေးစရာလည်းမရှိသလို ဒါဟာ အောင်ပွဲခံရေးပဲ ဖြစ်သွားမှာပေါ့နော်။”

မေး။ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ကိစ္စရပ်ကိုလည်း နိုင်ငံတကာ တိုက်တွန်းချက်တွေမှာ အစဉ်တစိုက် တွေ့ခဲ့ရပါတယ်။ တွေ့ဆုံဆွေးနွေးရေးဆိုတာကို ဘယ်လို နားလည်ထားပါသလဲ။

ဖြေ။ “နောက်ဆုံးမှာတော့ မှန်တယ်။ စားပွဲပေါ်မှာပဲ နိုင်ငံရေးကတော့ ဖြေရှင်းရမှာပဲ။ ဒါက သီအိုရီက ရှိပြီးသားပဲ။ ကျနော်တို့မတိုင်ခင်ကတည်းက ကမ္ဘာမှာရှိတဲ့စစ်ပွဲက အကုန်လုံး နောက်ဆုံးမှာတော့ စားပွဲပေါ်မှာပဲ ဖြေရှင်းရမယ် ဆိုတာကတော့ ဓမ္မတာတခုပဲ ဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေးကို ကျနော်တို့ ငြင်းနေတာ မဟုတ်ဘူး။ ဥပမာ NUG နဲ့ K3C ကြေညာချက်ကိုလည်း ထုတ်ပြန်ပြီးသား ဖြစ်တယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုတောင်မှ မရှိဘဲနဲ့ အာမခံချက်တွေမရှိဘဲနဲ့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး စစ်တပ် ဆိုတာ ပြည်သူအောက်မှာ ရှိရမယ်ဆိုတာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုတွေ ဖော်ဆောင်ရမယ်ဆိုတဲ့ အဓိကအချက်။ အဲဒီ ၃ ချက်မှာ ပြောမယ်ဆိုရင်တော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးပေါ့။ စစ်တပ်ဟာ နိုင်ငံရေးက ထွက်ရမယ်။ ဥပမာ ဒီမိုကရေစီနိုင်ငံမှာ ဘယ်စစ်တပ်က ပါလို့လဲ။ နိုင်ငံရေးမှာ မပါရဘူးဆိုတာက ဒီမိုကရေစီရဲ့ စံချိန်စံနှုန်းပဲ ဆိုတော့ သမိုင်းမှာရှိတယ်။ ဒီစစ်အာဏာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ မရှိတာ မဟုတ်ဘူးနော်။ မြန်မာနိုင်ငံသမိုင်းတလျှောက်မှာ တွေ့ဆုံဆွေးနွေးရေးဆိုတာက အမြဲတမ်းရှိလာခဲ့တယ်။ အခုလည်းကြည့်မယ်ဆိုရင် စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ တရုတ်ရဲ့ စေ့စပ်မှုနဲ့ တွေ့ဆုံနေတာပဲ။ မတွေ့ဆုံတာ မဟုတ်ဘူး။ နိုင်ငံရေးရလဒ်ဘာထွက်သလဲ၊ ဘာတခုမှမထွက်ဘူး။ တွေ့ဆုံဆွေးနွေးရေးလို့ ပြောမယ်ဆိုရင်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတဦးဝင်းမြင့်တို့ နိုင်ငံရေးအကျဉ်းသားတွေတောင်မှ၊ ဥပမာ ဇလန်စကီးကိုကြည့်မယ်ဆိုရင် ဇလန်စကီးက အချုပ်ထဲမှာ မရှိဘူး။ အပြင်ကိုသွားပြီးမှ သူက တွေ့ဆုံဆွေးနွေးရေး ဆိုတာဟာလည်း သူတို့က ပြောနေတာပေါ့။ ဒါပေမဲ့ ကျနော်တို့မှာ သမ္မတဦးဝင်းမြင့်က အချုပ်ထဲမှာ၊ လူထုခေါင်းဆောင်ကြီးကလည်း အချုပ်ထဲမှာ။ တကယ်တမ်း ပြောမယ်ဆို သူတို့ရဲ့ ကျန်းမာရေးတောင် ကျနော် မသိဘူး။ သူတို့ သေသလား ရှင်သလားဆိုတာတောင်မှလေ ကာယကံရှင်တွေကိုယ်တိုင်က နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် မပြောဘဲနဲ့တော့ ကျနော်တို့ စစ်ကောင်စီကို မယုံနိုင်ဘူး။ အရမ်းဝေးသေးတယ်။ ဒါပေမဲ့ မူအားဖြင့်ကြည့်မယ်ဆိုရင် ကျနော်တို့ဟာ တွေ့ဆုံဆွေးနွေးရေးလို့ မပြောခင်မှာ အများကြီး လုပ်စရာတွေ ရှိသေးတယ်။ ဒုတိယတပိုင်းက ဒီမိုကရေစီအင်အားစုတွေအကြားမှာတော့ ယုံကြည်မှုကို အမြန်ဆုံးတည်ဆောက်ပြီးမှ အသွင်ပြောင်းလဲရေးကို သွားနိုင်ဖို့ရာအတွက် တွေ့ဆုံပြီးမှ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဆိုတာ ကျနော်တို့ ဘယ်လို သွားရမလဲဆိုတာတွေဟာ စစ်ရေးအရတော့ ပူးပေါင်းဆောင်ရွက်နိုင်ပေမဲ့ နိုင်ငံရေးအရ ကျနော်တို့မှာရှိတဲ့ ခေါင်းဆောင်ကြီးတွေ ပြောနေသလို ဒီထက်မက ပိုပြီးအသေးစိတ်ကျကျ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးပြီး သွားရမယ်။ ဥပမာဆိုပါစို့၊ ကျနော်တို့ ပြောနေတာ Bottom Up ဖက်ဒရယ်လစ်ဇင်၊ အဲဒီအထိရောက်ဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်မှာလည်း ကျနော်တို့ လုပ်နိုင်ဖို့က အင်မတန်မှ အရေးကြီးတယ်။ အဲ့ဒါအတွက်ကို နိုင်ငံတကာမှာ တွေ့ဆုံတိုင်းမှာလည်း အဲဒီလို တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကျနော်တို့မှာ လုံခြုံတဲ့ပတ်ဝန်းကျင် လိုတယ်။ အဲဒီပတ်ဝန်းကျင်ကို မပေးနိုင်ဘဲနဲ့ အပေါ်မှာ စကစက ဗုံးကြဲနေတဲ့အချိန်မှာ အောက်မှာ ဒါတွေကို ဆွေးနွေးနေလို့ မရဘူးပေါ့။ ချက်ချင်း အာဆီယံဘုံသဘောတူညီချက် ၅ ချက်အရပေါ့၊ သူတို့က အကြမ်းဖက်ခြင်းကို ချက်ချင်းရပ်တန့်ရမယ်။ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးမယ်၊ တခုပြီးတခုလုပ်မှာဆိုတော့ ဒီဘက်မှာ ဗုံးကြဲရင်းနဲ့ ပြည်သူလူထုကို နေ့တိုင်း သတ်ဖြတ်ပြီးမှ တဖက်က ဒါကိုလုပ်မယ်ဆို ဒါက ဘယ်လိုမှ လက်တွေ့လည်း မဆန်နိုင်သလို သူတို့အချိန်ကို ဆွဲတဲ့အပိုင်းကို ဖြစ်သွားတယ်။ ဒါကြောင့်မို့ ကျနော်တို့က တွေ့ဆုံဆွေးနွေးရေးနဲ့ ပြောမယ်ဆို အများကြီး စဉ်းစားစရာ လိုတယ်၊ ပြောစရာ လိုတယ်၊ အများကြီးလည်း လုပ်စရာ လိုသေးတယ်။”

မေး။ တော်လှန်ရေးအချိန် ကြာလာတာနဲ့အမျှ မြေပြင်ပြည်သူရဲ့ ဘဝရှင်သန်ရပ်တည်နိုင်ရေးဟာ စိန်ခေါ်ချက် ကြီးလာပါတယ်။ ဝန်ကြီးတို့ဘက်က ကြိုးစားအားထုတ်မှုနဲ့ ပြည်သူတွေကို ပြောချင်တာရှိရင် ပြောပေးစေချင်ပါတယ်။

ဖြေ။ “မိုင် ၁၀၀ သွားရတဲ့ခရီးဆိုရင်တော့ ပန်းတိုင်ရောက်တယ်ဆိုတာက မိုင် ၁၀၀ ကို ပြီးတဲ့အခါမှ ပန်းတိုင်ကို ရောက်တယ်။ မိုင် ၉၀ ပဲရောက်ပြီးမှ မိုင် ၁၀၀ မပြည့်ဘူးဆို အဲဒီမိုင် ၉၀ သွားခဲ့တဲ့ဟာ အလကားဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့ ဒါကို ကျနော်တို့ သတိထားဖို့လိုတယ်။ စစ်ကောင်စီ ဆိုတာကလည်း သူတို့မှာ အသက်ပြန်သွင်းနေတဲ့ မွေးစားထားတဲ့ဟာတွေ အများကြီးရှိတယ်။ ဒီဥစ္စာက သေခြင်း ရှင်ခြင်း ဖြစ်တယ်။ ဒီတော်လှန်ရေးတွေက ဈေးကြီးတယ်။ ကျနော်ကိုယ်တိုင်လည်း အိမ်၊ စည်းစိမ် အကုန်လုံးကို စွန့်ခွာပြီးမှ တော်လှန်ရေးကို လုပ်ခဲ့တယ်။ ကျနော်ဆိုရင် ကျနော့်အမေ စစ်ပြေးရင်းနဲ့မှ သေသွားတယ်။ ကျနော့်အမေတောင်မှ ကျနော် Good Bye မပြောခဲ့ဘူး။ အခုထက်ထိ ညတိုင်းမှာ အမေက စိတ်မှာပေါ်လာရင် ကျနော် မအိပ်နိုင်ဘူး။ တဖက်ကပေါ့နော် ကျနော်ကိုယ်တိုင်တောင်မှ အဲဒီလောက်ဖြစ်ရင် ပြည်သူလူထုက ဘယ်လောက်အထိ ဆိုတာ စဉ်းစားတယ်။ ဒါပေမဲ့ ကျနော် ပြောချင်တာက ဒီတော်လှန်ရေးက နောက်ဆုံးသောတော်လှန်ရေးဖြစ်ဖို့ လိုတယ်ဆိုတာပဲ။ ကျနော်တို့ သားစဉ်မြေးဆက်တွေ လွတ်လပ်တဲ့ အနာဂတ်မှာနေဖို့ အရေးကြီးတယ်။ ဒီလို အာဏာရှင်စနစ်အောက်မှာ ဘယ်သူမှ မြန်မာနိုင်ငံသူနိုင်ငံသားတွေ မနေရတော့ဘူး။ ကျနော်တို့ နေတာတောင်ပြီးပြီ ကျနော်တို့ နေတာ တော်ပြီ။ ဆိုတော့ ဒါဆိုရင် တော်လှန်ရေး အောင်မြင်တယ် ဆိုတာ ဘာလဲ။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးပဲ။ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်တဲ့နေ့ မရောက်မချင်း ဆက်သွားဖို့လိုတယ်။ အဲဒီနေ့ဟာ ဒီနှစ်လည်း ဖြစ်နိုင်တယ်၊ နောက်နှစ်လည်း ဖြစ်နိုင်တယ်၊ ကျနော်တို့ဟာ ဘယ်လောက် စည်းလုံးညီညွတ်သလဲ ဆိုတဲ့အပေါ်မှာလည်း အများကြီး အခြေခံတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024