
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အနီး ဗဟိုပြုပြီး အင်အားရစ်ချ်တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု မတ် ၃ ရက်မနက်က လှုပ်ခတ်သွားတယ်လို့ မိုးဇလ ဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁၀ နာရီ၊ ၃ မိနစ်၊ ၁၃ စက္ကန့် အချိန်လောက်က ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၂၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာ နိုင်ငံပြည်တွင်း တိုက်ကြီးမြို့ရဲ့ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားတာလို့ ဆိုပါတယ်။
ဒီငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ရဲ့ ကျောက်တံတား၊ ဒဂုံဆိပ်ကမ်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ စတဲ့မြို့နယ်တွေမှာနေထိုင်တဲ့ ဒေသခံ သိသိသာသာ ခံစားခဲ့ရသလို ဧရာဝတီတိုင်းထဲက ရေကြည်မြို့နယ်မှာပါ ငလျင်ဒဏ် ခံစားခဲ့ရပါတယ်။
ငလျင်လှုပ်ခတ်မှုဟာ တချို့မြို့နယ်တွေမှာ တချက်တည်းလှုပ်သွားပေမဲ့ တချို့မြို့နယ်တွေမှာ နှစ်ကြိမ်လှုပ်ခတ်သွားတယ်လို့ မြောက်ဒဂုံမြို့နယ်နေထိုင်သူတယောက်က ပြောပါတယ်။
“၁၀ နာရီစွန်းစွန်းလောက်က အောက်ထပ်မှာ ရှိနေတုန်း ဝုန်းခနဲ ၂ ခါ ဆောင့်သွားတာ။ တအိမ်လုံး ယိမ်းသွားတာပဲ။ ခေါင်းမူးတာတော့ ရှိတယ်။”
မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက် အပျက်အစီးသတင်းတွေကတော့ မကြားသိရသေးပါဘူး။ ငလျင်လှုပ်ခတ်ချိန်မှာ ဘေးအန္တရာယ်ကင်းစေဖို့ နည်းလမ်းတွေကို ရန်ကုန်မြို့က ကယ်ဆယ်ရေးအသင်းဝင်တယောက်က ပြောပြပါတယ်။
“ငလျင်လှုပ်ရင် နံပါတ်တစ်က ပြုတ်ကျလွယ်တဲ့ ပစ္စည်းတွေနားမှာ မနေနဲ့။ ဥပမာ- ဘီဒိုပေါ်မှာ ပစ္စည်းအလေးပင် တင်ထားတာမျိုးဆို မနေသင့်ဘူး။ နံပါတ်နှစ်က တြိဂံပုံစံရှိတဲ့နေရာမျိုးကို ရှာပြီးနေရတယ်။ ပြိုကျတာ၊ ကိုယ်ပေါ်ပြုတ်ကျတဲ့ဘေးကနေ လွတ်တယ်။ လှေကားအောက်လိုမျိုး နေရာတွေပါ။ စားပွဲခုံအောက်မှာတော့ မနေသင့်ဘူး။ ငလျင်လှုပ်ရင် လမ်းမတွေဆို မပြေးဘဲ ရောက်တဲ့နေရာမှာ ထိုင်ချလိုက်ပါ။”
ပြီးခဲ့တဲ့ မတ် ၁ ရက် ညနေ ၃ နာရီ၊ ၂၆ မိနစ်၊ ၅၉ စက္ကန့်ကလည်း မန္တလေးတိုင်း၊ ညောင်ဦးမြေငလျင်စခန်းရဲ့ တောင်ဘက် ၆၁ မိုင်ခန့်ကွာဝေးတဲ့ မင်းဘူးမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာက မြေပြင်အနက် ၁၂၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်သွားပါသေးတယ်။