DVB Logo
Home
မြန်မာသတင်း
ထိုင်းဦးဆောင်သည့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲ ပြည်သူ့ဆန္ဒ ထင်ဟပ်မှုမရှိ
DVB
·
December 22, 2024
ထိုင်းဦးဆောင်သည့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲ ပြည်သူ့ဆန္ဒ ထင်ဟပ်မှုမရှိ
Donate to DVB

ထိုင်းဦးဆောင်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲဟာ ပြည်သူ့ဆန္ဒနဲ့ ထင်ဟပ်မှုမရှိတဲ့အတွက် သိသာတဲ့ နိုင်ငံရေးအရွေ့တွေ ဖြစ်လာဖို့မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ 

ဒီဇင်ဘာ ၁၉နဲ့ ၂၀ ရက်နေ့တွေတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံနဲ့လာအိုနိုင်ငံတို့ ဦးဆောင်ပြီး ကျင်းပခဲ့တာပါ။ 

ဆွေးနွေးပွဲကိုတက်ရောက်ဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကိုဖိတ်ကြားခဲ့ပြီး အစည်းအဝေးပထမရက်မှာ ပါဝင်ဆွေးနွေးခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးဒုတိယရက်မှာတော့ ကျန်တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေပဲ သီးခြားအစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့၊ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ရေးနဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေတွေ့ဆုံဆွေးနွေးရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က  “ကျနော်တို့ စဉ်းစားတဲ့အခါကြတော့ အကြမ်းဖက်စစ်ကောင်စီကို မြန်မာဆိုတဲ့ကိုယ်စားလှယ်လို့ မေးခွန်းထုတ်စရာမျိုး အများတွေမှာ ဖြစ်လာတာပေါ့။ တကယ်လို့သာ မြန်မာနိုင်ငံရဲ့ပြဿနာအခြေခံဇစ်မြစ်ကို ကြည့်လိုက်ရင် စစ်ကောင်စီကြောင့်ဖြစ်နေတဲ့ဟာ ကျနော်တို့ သက်ဆိုင်တဲ့သူတွေ အားလုံးပါဝင်ပြီးတော့ ဆွေးနွေးရမယ်ဆိုတာ ဆုံးဖြတ်ချက်တွေလည်းတွေ့တယ်၊ မြန်မာပြည်သူလူထုဆန္ဒနဲ့ ထင်ဟပ်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့ဆိုရင် သက်ဆိုင်ရာ State Holder တွေအကုန်လုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုင်ပင်ဖို့လိုအပ်တယ်ဆိုတာ ကျနော်တို့ထပ်လောင်း ပြောကြားချင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကျင်းပဖို့ အစီအစဉ်ဟာ အောက်တိုဘာ ၈ ရက်ကနေ ၁၀ ရက်အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာပြုလုပ်ခဲ့တဲ့ ၄၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကနေ ဖြစ်ပေါ်လာခဲ့တာပါ။ အဲ့ဒီကတည်းက အာဆီယံခေါင်းဆောင်တွေဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ စကားဝိုင်းမှာ ဆွေးနွေးဖို့၊ ရွေးကောက်ပွဲပြန်ကျင်းပဖို့ စတဲ့မူတွေကို အကြမ်းအားဖြင့် လက်ခံထားခဲ့ကြတာဖြစ်ပါတယ်။ 

မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို တော်လှန်ရေးမှာ ဦးဆောင်နေတဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ NUG တို့ကို ဖိတ်ခေါ်တာမျိုးမလုပ်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးမှာ အရေးပါတဲ့ နိုင်ငံရေးပါတီတွေကိုတော့ ဖိတ်ခေါ်တာမျိုးရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) မှ ဦးထွန်းကြည်က “အခု အာဆီယံလုပ်လာတဲ့ပုံစံက သူက ကျနော်တို့အင်အားစုတွေပေါ့ NUG၊ NUCC၊ CRPH၊ NLD ပေါ့၊ နောက်တခါ တော်လှန်ရေးအင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတယ်ပေါ့နော်။ သူက ဒါတွေကို အလေးထားသလားဆိုတော့ တကယ့်တကယ်ကြတော့ သူက အသုံးချဖို့ သက်သက်ပေါ့နော်။ ကျနော် သိရသလောက်ကတော့ NLD အရံ CEC အဆင့်ရှိတဲ့သူတချို့နဲ့ NLD ပါတီရဲ့ ဗဟိုကော်မတီဝင်ပေါ့၊ နောက်တခါ လွှတ်တော်ကိုယ်စားလှယ်တချို့ကို ဖိတ်ခေါ်တယ်ပေါ့နော်။ ဖိတ်ခေါ်တယ်ဆိုတာ နိုင်ငံရေးဆန္ဒကြောင့် မဟုတ်ဘူးဗျ။ သူကနားထောင်တာ၊ ရွေးကောက်ပွဲကို ခင်ဗျားတို့က ဘယ်လိုသဘောထားလဲ။ ဘာကြောင့် မှတ်ပုံမတင်တာလဲ။ ဒါက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မေးနေတာဗျ။ ဒါကြီးက တဖက်သတ်ဆန်တယ်ဗျ၊ မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စပေါ့နော်။ နိုင်ငံတကာရာဇဝတ်ကောင်ကို အဲ့ဒါကိုကိုယ်စားပြုပြီးတော့ ဖိတ်တယ်။ ဒီဘက်မှာကြတော့ သူကနားထောင်တယ်။ ခင်ဗျားတို့ သဘောထားတွေကဘယ်လိုရှိတာလဲ၊ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ဘယ်လိုသဘောထားတာလဲ။ ခင်ဗျားတို့ ဘာများအကြံပြုချင်လဲ တိုက်တွန်းချင်လဲပေါ့။ ဒါတွေကို သူက ရှင်းရှင်းပြောရရင်နားထောင်တာဗျ” လို့ ပြောပါတယ်။

ကိုရင်အေး (Save Myanmar-USA) က “စစ်ကောင်စီကို ဖိအားမပေးနိုင်ဘဲနဲ့ စကားပြောဖို့ အတင်းတွန်းတယ်ဆိုတာကတော့ အဓိပ္ပာယ်မရှိဘူး။ ပြောရရင် ၆ ထောင်ဆိုပေမဲ့ ၆ ထောင်မကပါဘူးနော်၊ အပြစ်မဲ့ပြည်သူတွေ အသတ်ခံနေရတာ။ အခုသူတို့တောင်းတဲ့ ဒေါ်စုအပါအဝင် မဖမ်းသင့်ဘဲ မတရားဖမ်းထားတဲ့ကိစ္စတွေ၊ မီးတွေရှို့လို့ အိမ်တွေသိန်းနဲ့ချီပြီး ပျက်စီးပြီး အိုးမဲ့အိမ့်မဲ့ဖြစ်နေတဲ့ကိစ္စတွေ၊ ဒီရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ကောင်ကို ရပ်တန့်သွားဖို့ ပြတ်ပြတ်သားသား ထထိရောက်ရောက် နိုင်ငံတကာကနေ ဖိအားပေးမှုမလုပ်နိုင်ဘဲနဲ့ စစ်ကောင်စီရာဇဝတ်သားအလိုကျ သူ့ရဲ့ထွက်ပေါက်ရဖို့အတွက်ကိုပဲ ဝိုင်းပြီးတွန်းနေတယ်ဆိုတာကတော့ လက်တွေ့ ပြည်သူတွေခံစားနေရတဲ့ ပကတိအဖြစ်အပျက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၈ ရက်ကနေ ၁၁ ရက်အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာကျင်းပနေတဲ့ ၄၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို ဦးစားပေးဆွေးနွေးမှုတွေရှိခဲ့ပြီး မြန်မာ့အရေးဟာ ရှုပ်ထွေးလွန်းတာကြောင့် ပြဿနာတွေ ချက်ချင်းပြေလည်ဖို့ မမျှော်လင့်သင့်ဘူးလို့ အာဆီယံအတွင်းရေးမှူးချုပ် ကောက်ကင်မ်ဟွန်က ပြောဆိုထားပါတယ်။ 

မြန်မာ့အရေးကို ဦးစားပေးဆွေးနွေးနေပေမဲ့ အာဆီယံဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာအောင် မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ အာဆီယံဒေသတွင်း သတင်းစာတွေက ဝေဖန်ထားပါတယ်။ 

ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်လိုက်နာဖို့ စစ်ကောင်စီဘက်က ပျက်ကွက်နေပေမယ့် အလုပ်မဖြစ်တဲ့ ဒီမူ ၅ ချက်ကိုပဲ ဆက်လက်ကိုင်စွဲနေကြတာကို နိုင်ငံတကာသတင်းမီဒီယာတွေက ဆက်တိုက်ဝေဖန်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ မြင်သာတဲ့ပြောင်းလဲမှုမျိုးကို အာဆီယံခေါင်းဆောင်တွေက မပြုလုပ်နိုင်သေးတာလည်း ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013