Home
ဆောင်းပါး
နိုင်ငံရေးပြဿနာတွေ ပိုမိုရှုပ်ထွေးလာနေတဲ့ တောင်အာရှဒေသ
DVB
·
August 20, 2024

ကျောင်းသားတွေ ဦးဆောင်တဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ဦးဆောင်တဲ့ အစိုးရ ပြုတ်ကျခဲ့ပါတယ်။

အဲဒီဆန္ဒပြမှုတွေကို အစ္စလာမ္မစ် အဖွဲ့အစည်းတွေက ကျောထောက်နောက်ခံပေး ကမကထ ပြုခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါအပြင် ရှိတ်ခ်ဟာစီနာရဲ့ ဘယ်ဘာသာရေးနဲ့မှ ဆက်နွှယ်ခြင်းမရှိတဲ့ အဝါမီလိဂ်ပါတီကို အားပေးထောက်ခံတယ်လို့ ယူဆရသူတွေ၊ အထူးသဖြင့် ဟိန္ဒူလူနည်းစုတွေကိုလည်း အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေသလို ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နယ်စပ်မှာလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။ သီရိလင်္ကာမှာလည်း ပြီးခဲ့တဲ့ ၂ နှစ်က အစိုးရ ဖြုတ်ချခံခဲ့ရပါတယ်။ ဒါတွေဟာ ဒေသတွင်း အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယက လုံးဝမလိုချင်တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။

တောင်အာရှဒေသတခွင်မှာ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးအခြေအနေတွေ ဖြစ်ပေါ်လာရေးအတွက် ဒီမိုကရေစီစနစ် အင်အားကောင်းလာဖို့ လိုပါတယ်။ အိန္ဒိယကလွဲလို့ ဒေသတွင်းနိုင်ငံတွေမှာ အာဏာရှင်စနစ် အရိုးစွဲနေတာကြောင့် ဒီမိုကရေစီစနစ် အင်အားကောင်းလာဖို့ ဆိုတာဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ရှိတ်ခ်ဟာစီနာဟာလည်း သူ့ရဲ့ ၁၅ နှစ်ကျော်ကြာတဲ့ ဝန်ကြီးချုပ်သက်တမ်းအတွင်း အာဏာရှင် ဆန်လာခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဒီမိုကရေစီစနစ်ကို တောင်းဆိုခြင်းဟာ ချောမွေ့တဲ့ နိုင်ငံရေးအပြောင်းအလဲထက် အကြမ်းဖက်မှုနဲ့ နိုင်ငံရေး ပဋိပက္ခတွေဘက်ကို ဦးတည်ဖို့သာ အလားအလာ ပိုများနေခဲ့ပါတယ်။

ရှိတ်ခ်ဟာစီနာရဲ့ အဖြစ်အပျက်ကို ကြည့်ရင် အာဏာရှင်ခေါင်းဆောင်တွေဟာ ပြည်သူ့အုံကြွမှုဒဏ်ကို မခံနိုင်ကြပါဘူး။ ၂၀၂၂ ခုနှစ်က သီရိလင်္ကာမှာဖြစ်ခဲ့တဲ့ နိုင်ငံရေးပြဿနာကို ကြည့်ရင်လည်း ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တဲ့ ရာဂျာပါ့က်ဆာ ညီအစ်ကိုတွေ ဖန်တီးထားတဲ့ အာဏာရှင်မျိုးဆက်ကို စီးပွားရေးကပ်စိုက်မှုနဲ့ ကြုံလာရတဲ့ လူထုက အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းဖို့ အဲဒီအချိန်က သမ္မတဖြစ်နေတဲ့ ဂိုတာဘာယာ ရာဂျာပါ့က်ဆာက အမိန့်ပေးခဲ့ပေမဲ့လည်း ဆန္ဒပြသူတွေက ပိုပြီး သန်မာခဲ့ကြပါတယ်။ ရှိတ်ခ်ဟာစီနာလိုပဲ သူလည်း အရှုံးပေးပြီး နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပါတယ်။ မတူတာက သူက တရားဝင်နုတ်ထွက်ခြင်းတောင် မပြုလုပ်ခဲ့ပါဘူး။ ရှိတ်ခ်ဟာစီနာရဲ့ ဝန်ကြီးချုပ်ရုံးဝင်းကို ဘင်္ဂလားဒေ့ရှ်က ဆန္ဒပြသူတွေက ဝင်ရောက်ဖျက်ဆီးခဲ့ကြသလိုပဲ အဲဒီတုန်းကလည်း သီရိလင်္ကာက ဆန္ဒပြသူတွေဟာ သမ္မတနန်းတော်ထဲ ဝင်ရောက်ခဲ့ကြပါတယ်။

အာဏာရှင်စနစ် ပြိုလဲတဲ့အခါမှာ နေရာဝင်ယူတာကတော့ များသောအားဖြင့် အရပ်သားယောင် ဆောင်ထားတဲ့ စစ်တပ်သာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်လည်း အလားတူပါပဲ။ ၁၉၇၁ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတာ အနည်းဆုံး အကြိမ်ပေါင်း နှစ်ဒါဇင် ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမခေါင်းဆောင် ရှိတ်ခ်မူဂျီဘာရာမန် လုပ်ကြံခံရပြီးတဲ့ နောက်မှာလည်း စစ်တပ်က တိုင်းပြည်ကို အချိန်အတော်ကြာ အုပ်ချုပ်ခဲ့ပါတယ်။

ပထမခေါင်းဆောင် ရာမန်ရဲ့ သမီးဖြစ်သူ ရှိတ်ခ်ဟာစီနာဟာ မကြာသေးခင်ကာလအထိ စစ်တပ်နဲ့ အစ္စလာမ္မစ်အဖွဲ့တွေကို ကောင်းကောင်း ထိန်းထားနိုင်ခဲ့ပါတယ်။ သို့သော် စစ်တပ်ခေါင်းဆောင်က ရှိတ်ခ်ဟာစီနာရဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းမှုတွေကို မလိုက်နာတော့ဘဲ သူ့ကို အိန္ဒိယကိုထွက်ပြေးဖို့ ကူညီပေးလိုက်ပါတယ်။ အဲဒီနောက် ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ အတွေ့အကြုံမရှိတဲ့ အရပ်သား အကြံပေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ယာယီအစိုးရကို ဖွဲ့စည်းလိုက်ပါတယ်။

တောင်အာရှနိုင်ငံအချို့မှာ ဒီမိုကရေစီစနစ် ပြောင်းလဲရေးဟာ ကောင်းမွန်စွာ တိုးတက်လျက် ရှိပါတယ်။ စိတ်သဘောထား ပြည့်ဝကောင်းမွန်တဲ့ ဘူတန်ဘုရင်ဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကို ဘုရင်စနစ်ကနေ လွှတ်တော်နဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ အစိုးရစနစ်ကို ပြောင်းလဲနေပါတယ်။ အခုနှစ် အစောပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စတုတ္ထအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီတခုက အနိုင်ရသွားခဲ့ပါတယ်။

နိုင်ငံရေးမှာ စစ်တပ်က စိုးမိုးခြယ်လှယ်နေသရွေ့ ရွေးကောက်ပွဲတွေ လုပ်နေလဲ ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်ဖို့ အာမ မခံနိုင်ပါဘူး။ အခုနှစ် အစောပိုင်းမှာ ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့ ပါကစ္စတန်ကို ကြည့်ရင်လည်း စစ်တပ်က သဘောကျထောက်ခံတဲ့ Shehbaz Sharif ပဲ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ Shehbaz Sharif ရဲ့ အစိုးရဟာလည်း နိုင်ငံကို နောက်ကွယ်ကနေ တကယ်တမ်းကြိုးကိုင်နေတဲ့ စစ်တပ်ခေါင်းဆောင်ရဲ့ အရုပ်တွေသာ ဖြစ်နေပါတယ်။ အဲဒါကြောင့် စစ်တပ်ရဲ့ လွှမ်းမိုးမှုတွေကို ဖယ်ရှားပြီး တရားဥပဒေစိုးမိုးရေးကို မဖော်ဆောင်နိုင်သေးသမျှတော့ ဒီမိုကရေစီစနစ်ဟာ အကန့်အသတ်နဲ့သာ ရှိနေပြီး နောက်ကြောင်းပြန်လှည့်တာတွေ ဖြစ်လာနိုင်ပါတယ်။

အဲဒီအဖြစ်ကို မြန်မာနိုင်ငံက ပြဿနာတွေနဲ့အတူ လက်တွေ့ရင်ဆိုင်လိုက်ရပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတယ်လို့ ကြေညာပြီးတဲ့ ၁၉၄၈ ခုနှစ်ကနေစလို့ မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့အာဏာကို ချုပ်ကိုင်ထားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တဲ့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးခဲ့တာကြောင့် ပြည်သူတွေဟာ ဒီမိုကရေစီစနစ် ထွန်းကားလာမယ့် အနာဂတ်ကို မျှော်လင့်နိုင်ခဲ့ကြပါတယ်။ သို့သော်လည်း  ၆ နှစ်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာပြန်သိမ်းလိုက်ပါတော့တယ်။ ဒီတခေါက်မှာတော့ တော်လှန်ရေးဘက်က လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းကာ ပြင်းပြင်းထန်ထန် အင်အားကောင်းကောင်းနဲ့ တော်လှန်ခဲ့ကြပါတယ်။ အချို့တော်လှန်ရေးအဖွဲ့တွေက အမေရိကန်အစိုးရရဲ့ အသက်အန္တရာယ် မဖြစ်စေ‌သော ကူညီထောက်ပံ့မှုတွေ ရရှိခဲ့ကြသလို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်တဲ့ လွတ်မြောက်နယ်မြေတွေကိုလည်း တိုးချဲ့နိုင်ခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ပိုမိုအင်အားသုံး တိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက်မှုတွေနဲ့ ပိုမိုဆိုးရွားလာနေတဲ့ လူသားချင်းမစာနာသော ပဋိပက္ခတွေဟာ မြန်မာ့နယ်စပ်ဒေသတွေက မတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွားလာစေပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ လာရောက်ခိုလှုံနေတဲ့ ချင်းတိုင်းရင်းသား စုစုပေါင်း ၃၂,၀၀၀ ကျော် ရှိပြီဖြစ်ပါတယ်။ တခြားထောင်ပေါင်းများစွာသော ချင်းတိုင်းရင်းသားတွေကလည်း မဏိပူရပြည်နယ်ထဲကို ထွက်ပြေးခိုလှုံခဲ့ကြတာကြောင့် မဏိပူရပြည်နယ်မှာ တိုင်းရင်းသား ပဋိပက္ခတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံက ချင်းလူမျိုးတွေသာ မကပါဘူး၊ ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်လာခဲ့ကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ သန်းနဲ့ချီပြီးတော့လည်း အိန္ဒိယမှာ ရှိနေပါတယ်။ အစ္စလာမ္မစ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟိန္ဒူတွေ အမြောက်အမြား ထွက်ပြေးလာနေကြောင့်လည်း အရေအတွက်က ပိုမိုများပြားလာနေပါတယ်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်ခြင်းဟာ နိုင်ငံလုံခြုံရေးအတွက် ပြဿနာအစ ဖြစ်ပါတယ်။ မဲလ်ဒိဗ်စ်မှာ လူထုက မဲပေးရွေးကောက်တင်မြှောက်ခဲ့တဲ့ သမ္မတကို ၂၀၁၂ ခုနှစ်မှာ အစွန်းရောက် အစ္စလာမ္မစ် အင်အားစုတွေက သေနတ်ထောက်ပြီး နုတ်ထွက်ခိုင်းချိန်က စခဲ့တဲ့ နိုင်ငံရေးပြဿနာတွေရဲ့ အကျိုးဆက်အဖြစ် တရုတ်ဟာ အိန္ဒိယရဲ့ ရေပိုင်နက်ထဲမှာ ခြေကုပ်ရယူသွားနိုင်ခဲ့ပါတယ်။ အခုနှစ်မှာပဲ တရုတ်ဟာ မဲလ်ဒိဗ်စ်နဲ့ စစ်ဘက်ဆိုင်ရာ သဘောတူညီမှု စာချုပ်တွေ ချုပ်ဆိုပြီး မဲလ်ဒိဗ်စ်ဆိပ်ကမ်းမှာ တရုတ်အစိုးရရဲ့ ပင်လယ်ရေနက် သုတေသန သင်္ဘောအကြီးကြီးကို လာရောက်ဆိုက်ကပ်ထားခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစွန်းရောက် အစ္စလာမ္မစ်အဖွဲ့တွေကလည်း သူတို့ရဲ့ ခြေကုပ်စခန်းတွေကို မဲလ်ဒိဗ်စ် ကျွန်းစုတွေပေါ်မှာ တိုးချဲ့ပြီး အိုက်စစ် (Isis) နဲ့ အယ်လ်ကိုင်းဒါး အဖွဲ့ဝင်တွေကိုလည်း စုဆောင်း အင်အားဖြည့်လျက် ရှိနေပါတယ်။

နိုင်ငံလုံခြုံရေးကို ထိခိုက်စေတဲ့အထဲမှာ စီးပွားရေး အကျပ်အတည်းတွေလည်း ပါပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း ပါကစ္စတန်ဟာ ပြည်တွင်းစီးပွားရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကူအညီကို အကြိမ်ကြိမ် ယူခဲ့ရပါတယ်။ ရှိတ်ခ်ဟာစီနာ အစိုးရ ပြုတ်ကျခဲ့ရတာဟာလည်း တချိန်က ကောင်းမွန်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားအရန်ငွေတွေဟာ လျင်မြန်စွာ လျော့နည်းလာနေပါတယ်။ ဒီအခြေအနေတွေ အားလုံးဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် မကောင်းလှပါဘူး။ နိုင်ငံရေးမတည်ငြိမ်မှု ပြဿနာတွေ ရှိနေသမျှ ကာလပတ်လုံး အာရှတိုက်တောင်ပိုင်း နိုင်ငံတွေမှာ  ခိုင်မာပြီး အရှည်တည်တံ့မယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလည်း ရှိမလာနိုင်ပါဘူး။ အိန္ဒိယနဲ့ ယဉ်ကျေးမှုဆင်တူပြီး ယှက်နွှယ်ဆက်စပ်တဲ့ အတိတ်သမိုင်းရှိနေတဲ့ နီပေါနိုင်ငံမှာလည်း နိုင်ငံရေးတည်ငြိမ်အောင် ထိန်းသိမ်းဖို့နဲ့ ဒီမိုကရေစီစနစ် စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်ဖို့ ခက်ခဲနေတာကို တွေ့မြင်ရပါတယ်။ ၁၆ နှစ်တာ ကာလအတွင်း ၁၄ ကြိမ်မြောက်အဖြစ် ဝန်ကြီးချုပ် ၄ ကြိမ် ဖြစ်ခဲ့သူ ကေပီရှာမာအိုလီ ဦးဆောင်တဲ့ အစိုးရက အာဏာလွှဲပြောင်းရယူခဲ့ပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ နှစ်ပိုင်းတွေမှာ နိုင်ငံကို စစ်ခင်းခဲ့လို့ ထောင်ကျနေခဲ့တဲ့ ကေပီရှာမာအိုလီဟာ တရုတ်လက်ဝေခံ ကွန်မြူနစ်ပါတီ အဖွဲ့ဝင်ဖြစ်ပြီး ၅ နှစ်တာကာလအတွင်း ၅ ကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ဒီပြဿနာတွေ အားလုံးဟာ အာရှတိုက်တောင်ပိုင်းမှာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယအတွက် ခက်ခဲတဲ့ အခြေအနေတခု ပေါ်ပေါက်လာစေပါတယ်။ အိန္ဒိယဟာ နိုင်ငံရေးနဲ့ စီးပွားရေး မိတ်ဖက်တွေကို ဒေသတွင်းမှာသာမကဘဲ တိုးချဲ့ရှာဖွေနေသော်လည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကနေ ရိုက်ခတ်လာမယ့် ပြဿနာတွေကို အနည်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့တော့ လိုမှာဖြစ်ပါတယ်။

ဗရာမာချယ်လေနီ

ဘာသာပြန်- ဥဿာဆန်း 

(ဘန်ကောက်ပို့စ် သတင်းစာမှာ  Brahma Chellaney ရေးသားထားသော “The deepening political turmoil in South Asia” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024