DVB Logo
Home
မြန်မာသတင်း
ကယန်းအမျိုးသားတက္ကသိုလ် စတင်ဖွင့်လှစ်
DVB
·
August 6, 2024
ကယန်းအမျိုးသားတက္ကသိုလ် စတင်ဖွင့်လှစ်
1 / 7
Donate to DVB

ကယန်းဒေသမှာ ကယန်းအမျိုးသား ပညာရေးကော်မတီက စီမံတဲ့ ကယန်းအမျိုးသားတက္ကသိုလ်ကို သြဂုတ် ၆ ရက် မနက်ပိုင်းမှာ အခမ်းအနားပြုလုပ်ပြီး စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဒီပညာရေးအစီအစဉ်ဟာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တာမရှိဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာလို့ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ လည်းဖြစ် ကယန်းအမျိုးသား ပညာရေးကော်မတီရဲ့ နာယကကြီးလည်းဖြစ်တဲ့ ဦးသန်းစိုးနိုင်က အမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“ကယန်းပြည်သူလူထုတရပ်လုံးအပြင် တခြားတိုင်းရင်းသား ပညာရေး မိတ်ဖက်အဖွဲ့အစည်းများ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များတို့နဲ့ ပူးပေါင်းပြီး ဖော်ဆောင်နေတဲ့ ပညာရေး အစီအစဉ်များသည် လက်ရှိစစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်မှု မရှိဘဲ တိုင်းရင်းသားလူမျိုးစုတို့ရဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တနည်းအားဖြင့် လူသားတိုင်း လုပ်ဆောင်ပိုင်ခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။”

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ကယန်းပြည်သစ်ပါတီက ကယန်းဒေသတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကယန်းအမျိုးသားပညာရေးကော်မတီကို ဖွဲ့စည်းပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကယန်းအမျိုးသားပညာရေးကော်မတီဟာ ကယန်းဒေသတွင်း လက်ရှိ အခြေခံပညာ ကျောင်းပေါင်း ၁၄၅ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၁၃,၀၀၀ ခန့် ပညာသင်ကြားနေသလို ဆရာ၊ ဆရာမ အယောက် ၁,၀၀၀ နဲ့ လည်ပတ်နေတယ်လို့ ဆိုပါတယ်။

ခုလို အခြေခံပညာကျောင်း ပြီးမြောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အဆင့်မြင့်ပညာရေးနဲ့ နိုင်ငံတကာပညာရေးကို လက်လှမ်းမီစေဖို့ ရည်ရွယ်ပြီး ကယန်းအမျိုးသားတက္ကသိုလ်ကို ဖွင့်လှစ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကယန်းအမျိုးသားပညာရေးကော်မတီရဲ့ အကြံပေး ဒေါက်တာသိန်းလွင်က “ဒီ ကယန်းအမျိုးသားတက္ကသိုလ်ဟာ ကယန်းဒေသမှာ နေထိုင်တဲ့ သူတွေသာ မကဘဲနဲ့ ကျနော်တို့ ပြည်ထောင်စုတခုလုံးမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ လာရောက်လေ့လာသင်ယူနိုင်တဲ့ တက္ကသိုလ်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာ ကျောင်းသားတွေ လာရောက်လေ့လာ သင်ယူနိုင်တဲ့ တက္ကသိုလ်လည်း ဖြစ်ပါတယ်” လို့ ဖွင့်ပွဲအမှာစကားမှာ ပြောဆိုခဲ့ပါတယ်။

အဆိုပါ ဖွင့်လှစ်လိုက်တဲ့ ကယန်းအမျိုးသားတက္ကသိုလ်မှာ ဆရာအတတ်သင်ပညာရပ်၊ စိုက်ပျိုးရေးပညာရပ်၊ ကျန်းမာရေးပညာရပ်၊ ဖွံ့ဖြိုးရေးနှင့် လူမှုသိပ္ပံပညာရပ်၊ ကွန်ပျူတာပညာရပ်၊ ကယန်းစာပေနဲ့ ဘာသာစကားပညာရပ် စတဲ့ ပညာရပ် ၆ ခုကို ထည့်သွင်း သင်ကြားသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သဘာဝသိပ္ပံပညာရပ်၊ စီးပွားရေးပညာရပ်၊ ဥပဒေပညာရပ်နဲ့ မြို့ပြတည်ဆောက်ရေး ပညာရပ်တွေကိုလည်း တို့ချဲ့ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

ကယန်းအမျိုးသားတက္ကသိုလ်ဟာ မိတ်ဖက်တိုင်းရင်းသားတက္ကသိုလ်တွေ၊ ပြည်ထောင်စုတက္ကသိုလ်တွေ၊ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013