Home
မြန်မာသတင်း
လုပ်ငန်းခွင်၌ ခြေတောက်ဖြတ်ခဲ့ရသည့် မြန်မာအလုပ်သမားကို ထိုင်းအလုပ်ရှင်က အပြည့်ဝ တာဝန် မယူ
DVB
·
June 21, 2024
Photo Crd-Too Lin

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စူဖန်ပူရီခရိုင်၊ စူဖန်ပူရီမြို့ ငါးမွေးမြူရေးကန်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတဦး စက်နဲ့ငါးစာကြိတ်နေစဉ် မတော်တဆခြေချော်ပြီး စက်ထဲဝင်သွားလို့ ခြေတဖက်ဖြတ်လိုက်ရပါတယ်။ 

ဒါပေမဲ့ အလုပ်ရှင်ဖြစ်သူက အပြည့်အဝတာဝန်မယူတာကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပြန်ရဖို့ WAG အလုပ်သားမဟာမိတ်အဖွဲ့က ဆောက်ရွက်ပေးသွားမယ်လို့ အဖွဲ့တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။

“မတော်တဆဖြစ်သွားတာကတော့ မနှစ်ဒီဇင်ဘာကတည်းကပါ။ ကျနော်တို့ကိုတော့ ဒီလ ၁၂ ရက်နေ့မှ အကြောင်းကြားလာပါတယ်။  သူက ငါးစာကြိတ်နေတုန်း ညဘက်ခြေတောက်က မတော်တဆစက်ထဲဝင်သွားတယ်။ ခြေထောက်ထုတ်လို့မရလို့ ဆေးရုံကို စက်ရောလူပါပို့ ဆောင်ပြီး ခြေထောက်ကို ဒူးအောက်နားထိ ဖြတ်လိုက်ရတယ်။ အခုခြေတုနဲ့နေနေရတယ်၊ အလုပ် ကောင်းကောင်းမလုပ်နိုင်လို့ ပိုက်ဆံလည်းမရှိဘူး။ သူဌေးကလည်း တာဝန်မယူလို့  ထမင်းကို အိမ်နီးချင်းတွေကျွေးတာစားရတယ်။”

ခြေဖြတ်လိုက်ရတဲ့အလုပ်သမားမှာ အသက် ၂၂ နှစ်ရွယ်ရှိ ကရင်တိုင်းရင်းသား စောသျှားထက်ဖြစ်ပြီး၊ ဆေးရုံတက်စဉ် ဆေးဖိုးကိုသူဌေးက ကုန်ကျခံပေးပေမဲ့ ဆေးရုံ ဆင်းတော့ သူ့ကို ဘတ် ၃၀၀၀ ပေးပြီး အိမ်ပြန်ခိုင်းတယ်၊ အဲဒီငွေနဲ့ ဘယ်လိုမှ ဘဝမထူထောင်နိုင်ဘူး။  သူက  တပတ်တခါဆေးသွားထည့်ရတယ်၊ အခုခြေတုတဘက်နဲ့ အလုပ်လုပ်တယ်၊ ဒါပေမဲ့ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး။ လုပ်အားခလည်း တဝက်ပဲရတယ် သူဌေးက ဘာမှတာဝန်မယူလို့  ရသင့်ရထိုက်တဲ့ အလုပ်သမားနစ်နာကြေး၊ အခွင့်အရေးတွေရဖို့   WAG အလုပ်သားမဟာမိတ်အဖွဲ့က သက်ဆိုင်ရာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကို တင်ပြတောင်းခံပေးသွားမယ်လို့ ဆိုပါတယ်။

အဆိုပါအလုပ်သမားမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး  CI အစိမ်းရောင် စာအုပ် (မည်သူမည်ဝါဖြစ်ကြောင်းမြန်မာအစိုးရက ထောက်ခံလက်မှတ်) ရှိပေမဲ့ အလုပ်ရှင်က လူမှုဖူလုံရေး ရန်ပုံငွေထည့်ဝင်ပေးဖို့ ပျက်ကွက်ထားတာကြောင့် အစိုးရထံက နစ်နာ ကြေးတွေပြန်ရဖို့ ကြိုးစားတောင်းဆိုပေးရမှာလို့ ဆိုပါတယ်။

ဒါ့အပြင် ချချိန်းဆောင်းခရိုင် ကွိုင်မော်တာစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ MOU အလုပ်သမား ဂျိုးဝါးနီဟာလည်း ပြီးခဲ့တဲ့နှစ်က လွှစက်မူလီပြုတ်ပြီး ဘယ်ခြေတောက်နဲ့ တံ ကောက်ကွေးကိုလာမှန်လို့ ပေါင်တံနဲ့ ခြေဖနောင့်အကြောဆုံးရှုံးခဲ့တယ်။

ထိုင်းသူဌေးက နစ်နာကြေးမပေးလို့ အကူအညီတောင်းထားပြီး   WAG အနေနဲ့ ပြန်လည်တောင်းခံပေးဖို့ ဇွန် ၂၀ မှာ ဆေးရုံကအထောက်အထားတွေ သွားထုတ်လာတယ်လို့  သိရပါတယ်။

မြန်မာနိုင်ငံသားတွေ ထိုင်းမှာအလုပ်လာလုပ်တယ်ဆိုရင် ပရကန်ဆန်ခုံးလို့ ခေါ်တဲ့ လူမှုရေးရန်ပုံငွေ မဖြစ်မနေထည့်ဝင်ထားသင့်တယ်၊ ရပိုင်ခွင့်တွေ လေ့လာထားသင့်တယ်၊ ဒါမှ မတော်တဆတခုခုဖြစ်ရင် နစ်နာကြေးတွေထုတ်ယူနိုင်မယ်လို့  ကိုမုန်တိုင်းက ပြောသွားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024