Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် သဖန်းပင် ဆေးဖက်ဝင်
DVB
·
April 3, 2024

တော်လှန်မုန်တိုင်းက အာဏာရှင်ကို ပတ်ဝိုင်းနေပြီ။ တော်လှန်လှိုင်းတွေကြား ဖက်ဆစ်‌တပ်သားတွေ  ခြေဦးတည့်ရာ ပြေးထွက် ဆောက်တည်ရာမဲ့ကြပြီ။ သို့သော် အာဏာဘီလူးရဲ့ ယုတ်မာမှု အရှိန်မ‌သေသေးတဲ့အတွက် အဆုံးသတ်နိုင်ဖို့ ဝိုင်းဝန်းလို့ အားတင်း ရှေ့ဆက်ကြရဦးမှာပဲ။ ဒါ့ကြောင့် တော်လှန်ခရီးလမ်း ဆုံးခန်းတိုင် လျှောက်နိုင်ဖို့ ကျန်းမာရေးကို အစဥ်တစိုက် ဂရုစိုက်ပါလို့ အလေးအနက် တိုက်တွန်းပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် သဖန်းပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ မျှဝေတင်ပြသွားမှာ ဖြစ်ပါတယ်။

သဖန်းပင်ကို သိပ္ပံလို Ficus carica လို့ခေါ်ပြီး အင်္ဂလိပ်လို The fig tree လို့ ခေါ်ပါတယ်။ ဆေးဖက်ဆိုင်ရာမှာ သဖန်းခေါက်၊ သဖန်းသီး၊ သဖန်းရွက်တို့ကို သုံးစွဲကြပါတယ်။

သဖန်းသီးမှာ အမျှင်ဓာတ်၊ သံဓာတ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ ဗီတာမင်အေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါတယ်။

သဖန်းရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးဖြစ်တဲ့ polyphenol ကြွယ်ဝပါတယ်။

သဖန်းပင်မှာ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ် အပါအဝင် အရေးပါတဲ့ သတ္တုဓာတ် အမျိုးမျိုးပါဝင်ပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ အစာချေဖျက်ခြင်းကို ကူညီပေးခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ နှလုံးကို ကာကွယ်ပေးခြင်း၊ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးခြင်း၊ မျိုးပွားမှုဆိုင်ရာ ပြဿနာများကို ပျောက်ကင်းစေပြီး အဆစ်အမြစ်များကို သန်မာစေခြင်း စတဲ့ အစွမ်းအာနိသင်များ ပါဝင်ပါတယ်။

သဖန်းသီးမှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့အတွက် သဘာဝဝမ်းနုတ်ဆေးအဖြစ် လုပ်ဆောင်တဲ့အပြင် အူလမ်းကြောင်း ဘက်တီးရီးယားတွေကို အကူအညီပေးပြီး အူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ သဖန်းသီးမှည့်ခြောက် နှစ်လုံး သုံးလုံး စားပေးတာက ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

သဖန်းသီးမှည့်မှာ polyphenol ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ ကြွယ်ဝတဲ့အတွက် ဆဲလ်နဲ့ တစ်ရှူးတွေ ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

သဖန်းသီးမှာ ပိုတက်စီယမ် ကြွယ်ဝတဲ့ သဘာဝအစားအစာ ဖြစ်တဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရောဂါရှိသူများ သဖန်းသီး လေးငါးလုံး နေ့စဥ် စားသောက်ပေးနိုင်ပါတယ်။

သဖန်းသီးမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖရပ် အပါအဝင် အရိုးအထောက်အကူပြု သတ္တုဓာတ်တွေ ပါဝင်တဲ့အတွက် အရိုးအတွင်း ကယ်လ်စီယမ် ထိန်းသိမ်းရာမှာ ကူညီပေးပြီး အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

သဖန်းသီးဟာ သဘာဝအမျှင်ဓာတ် ကြွယ်ဝတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီး ဆာလောင်မှုနဲ့ အစာစားလိုစိတ်ကို ‌လျော့ပါးစေတဲ့အတွက် ကိုယ်အလေးချိန် ထိန်းညှိရာမှာ အထောက်အကူ ဖြစ်စေရုံသာမက သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

သဖန်းသီးမှာ သံဓာတ်ပါဝင်မှု မြင့်မားတာကြောင့် အမျိုးသမီးတွေအတွက် မျိုးဥထွက်ခြင်း လုပ်ငန်းစဉ်ကို ကူညီပေးပြီး သဖန်းသီးမှာ ဇင့်၊ မဂ္ဂနီဆီယမ်နဲ့ အမိုင်နိုအက်စစ်ဓာတ်တွေ ပါဝင်တာကြောင့် အမျိုးသားများ သဖန်းသီးကို အစားအသောက်တွေမှာ ထည့်စားခြင်းက သုက်ပိုးထုတ်လုပ်ခြင်းနဲ့ libido နဲ့ လိင်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို မြှင့်တင်ပေးပါတယ်။

သဖန်းသီးမှာ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ရှားပေးပြီး နှလုံးမှဖိအားတွေကို သက်သာစေတဲ့အတွက် နှလုံးကျန်းမာရေးကို သိသိသာသာ တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သဖန်းသီးဟာ ဓာတ်တိုးပစ္စည်းတွေကို လျှော့ချပေးရုံသာမက သွေးထဲက Triglycerides နဲ့ မကောင်းတဲ့အဆီတွေကို လျှော့ချပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတခုလည်း ဖြစ်တာကြောင့် နှလုံးကို သန်မာစေပြီး တနေ့ကို သဖန်းသီး လေးငါးလုံးခန့် ပုံမှန်စားပေးခြင်းက အသက်ရှည်ဆေးအဖြစ် အကူအညီပေးပါတယ်။

သဖန်းသီးမှာ ဖောလစ်အက်စစ်လို မရှိမဖြစ် အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်စဉ်အတွင်း အဖိုးတန်အကျိုးကျေးဇူးများ ရရှိပြီး သန္ဓေသားဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး အားနည်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အမျှင်ဓာတ် မြင့်မားစွာ ပါဝင်မှုဟာ ကျန်းမာတဲ့ အစာခြေစနစ်ကို ထိန်းသိမ်းရာမှာ အထောက်အကူပြုပြီး ကိုယ်ဝန်ဆောင်နဲ့ ဆက်စပ်တဲ့ အစာခြေပြဿနာတွေကို သက်သာစေပါတယ်။ သဖန်းသီးမှာ ပါဝင်တဲ့ သဘာဝသံဓာတ်ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးလိုအပ်မှုကို ထောက်ပံ့ပေးနိုင်တဲ့အတွက် သဖန်းသီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကောင်းမွန်တဲ့အာဟာရ ဖြစ်ပါတယ်။

သဖန်းသီးဟာ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ် စတဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတာကြောင့် အရေပြား ရေဓာတ်ကို ထိန်းသိမ်းပေးပြီး အရေပြား ခြောက်သွေ့ခြင်း၊ အရေပြားပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ သဖန်းသီး စားပေးခြင်းက အသားအရေကို ကြည်လင် တောက်ပစေပါတယ်။

သဖန်းသီးမှာ ပါဝင်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ ဘိုင်အိုတင် (biotin) စတဲ့ အာဟာရဓာတ်တွေက ဆံကေသာကို သန်စွမ်းစေပြီး ဦးရေပြားကို ကျန်းမာသန်စွမ်းစေတဲ့အပြင် ဆံပင်ပျက်စီးတာနဲ့ အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို လျှော့ချပေးနိုင်ပါတယ်။ သဖန်းသီးဟာ သဘာဝအစိုဓာတ်ကို ပေးစွမ်းပြီး ခြောက်သွေ့မှုကို ကာကွယ်ပေးတဲ့အတွက် ဆံသားတခုလုံး ရေဓာတ်ကို မြှင့်တင်ပေးခြင်းကြောင့် အစားအစာမှာ သဖန်းသီး ပါဝင်စားသောက်ပေးခြင်းဟာ ဆံသားကို တောက်ပြောင်ပြီး ခံနိုင်ရည်ရှိတဲ့ ဆံကေသာဖြစ်စေဖို့ အာဟာရဓာတ် ဖြည့်စွက်ပေးပါတယ်။

သဖန်းပင် အစိတ်အပိုင်း အသီးသီးမှာ မတူညီတဲ့ ဇီဝဗေဒဆိုင်ရာ အစိတ်အပိုင်းတွေ ပါဝင်ပြီး ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ သဖန်းသီးကို အစားအစာမှာ ထည့်သွင်းစားသောက်ခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

သဖန်းရွက်မှာ ပါဝင်တဲ့ ဇီဝဓာတ်ပေါင်းတွေက အင်ဆူလင် အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်အဆင့်ကို ထိန်းညှိပေးကာ ဆီးချိုရောဂါကို ထိန်းသိမ်းနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ သဖန်းရွက်ပြုတ်ရည် ရေနွေးကြမ်း ပန်းကန်တခွက်ကို သွေးတွင်း သကြားပမာဏ အနိမ့်အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

အစားအစာမှာ သဖန်းသီး ထည့်စားပေးခြင်းက ဦးနှောက်ဆဲလ်တွေကို ကာကွယ်ပေးပြီး အယ်လ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်တဲ့ မှတ်ဉာဏ်အားနည်း ချို့ယွင်းခြင်းတွေကို ဟန့်တားပေးနိုင်ပါတယ်။

သဖန်းသီးကို တော်သင့်ရုံ စားသုံးပါက ပြဿနာမရှိပေမဲ့ အလွန်အကျူး စားသောက်ခြင်းက ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်။

သဖန်းသီးမှည့်မှာ ဝမ်းနုတ်ဆေးအာနိသင် ရှိတဲ့အတွက် အသင့်အတင့်သာ စားသုံးသင့်ပါတယ်။

သဖန်းသီးနဲ့ ဓာတ်မတည့်သူတွေ သဖန်းပင်ထွက် ပစ္စည်းများကို လုံးဝရှောင်ကြဥ်ပါ။ သဖန်းသီးမှာ ဗီတာမင်ကေလည်း ကြွယ်ဝတာကြောင့် သွေးကျဲဆေးသောက်နေရသူတွေ သဖန်းသီး အစားအစာတွေကို နေ့စဥ် ဆက်တိုက် မစားသုံးသင့်ပါ။

သဖန်းသီးမှာ oxalates မြင့်မားစွာ ပါဝင်တာကြောင့် သည်းခြေ၊ ဆီးနဲ့ ကျောက်ကပ် အားနည်းသူများ၊ ကျောက်တည်ရောဂါအခံရှိသူတွေ ရှောင်ကြဥ်ပါ။

နွေဦးပြည်သူတွေ သဖန်းပင်ရဲ့ ကျန်းမာရေး အကျိုးအာနိသင်တွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ပန်းတိုင်မှာ အတူအကွ ပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024