Home
ဆောင်းပါး
အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီခေတ် နေဝင်ချိန်တန်ပြီလား
DVB
·
March 25, 2024

ပြီးခဲ့တဲ့ကာလ ရာစုနှစ်ရဲ့ လေးပုံတပုံမှာ တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံကို ပြောင်းလဲခဲ့ပါတယ်။ ဒီအဖြစ်က မဖြစ်နိုင်စရာလို့ ဆိုနိုင်သလို ထူးခြားခဲ့ပါတယ်။

၁၉၉၈ ခုနှစ်တုန်းက နိုင်ငံက ချောက်ကမ်းပါးထဲ ကျလုနီးပါး ဖြစ်ခဲ့ပါတယ်။ ငွေကြေး အကျပ်အတည်းနဲ့ ဆန္ဒပြပွဲတွေကြောင့် ပျက်စီးမှု ကြီးမားနေပြီး၊ ဒီအဖြစ်ပျက်တွေကြောင့်ပဲ ၃၂ နှစ်ကြာ အာဏာရခဲ့တဲ့ ဆူဟာတို အာဏာရှင်စနစ် အဆုံးသတ်ခဲ့ရပါတယ်။ တိုင်းရင်းသားနဲ့ ဘာသာရေး အကြမ်းဖက်မှုတွေလည်း ကျွန်းဆွယ်တခုလုံးမှာ ဖြစ်ပွားခဲ့ပြီး စစ်တပ်က အကြမ်းဖက် ဖြိုခွဲလေးမလား၊ ဘော်လကန်နိုင်ငံ ပြိုကွဲခန်းဆိုက်မလားဆိုပြီး စိုးရိမ်နေခဲ့ကြရပါတယ်။

အဲဒီနောက်တော့ ရန်ပေါင်းစုံကို ကျော်ဖြတ်ပြီး နိုင်ငံရဲ့ ရန်ပတ်လည်ဝိုင်းနေတဲ့ ထိပ်သီးအာဏာပိုင်တွေက လူထုတွေ တောင်းဆိုချက်ကို လိုက်လျောခဲ့ရပါတယ်။ နိုင်ငံရေးကဏ္ဍကနေ စစ်တပ်က ဆုတ်ခွာခဲ့ရပြီး ပြုပြင်ပြောင်းလဲမှုတွေလည်း စတင် ဖြစ်ပေါ်လာခဲ့ပါတယ်။ ပွင့်လင်းတဲ့ ခေတ်သစ်တခု အစပျိုးခဲ့ပြီး ပြိုင်ဆိုင်မှုအားကောင်းတဲ့ ရွေးကောက်ပွဲတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အဂတိလိုက်စားမှုနဲ့ အုပ်ချုပ်ရေးကဏ္ဍ ယိုယွင်းမှုတွေကတော့ ဆက်ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ ကမ္ဘာ့မှာ လူဦးရေ စတုတ္ထမြောက် အများဆုံး နိုင်ငံတခုက ရှားရှားပါးပါး တောက်ပတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လစ်ဘရယ်နိုင်ငံတခုအဖြစ် ပေါ်ထွန်းလာခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ တိမ်မဲတွေ အုံ့ဆိုင်းလာပြန်ပါပြီ။ အင်ဒိုနီးရှား လူထုတွေက ထွက်ခွာရတော့မယ့် သမ္မတ ဂျိုကိုဝီဒိုဒိုအစား သမ္မတအသစ်အတွက် ဗုဒ္ဓဟူးနေ့မှာ မဲပေးကြရတော့မှာပါ။ ဒါပေမဲ့ ဘယ်သူနိုင်မလဲ မျှော်လင့်ထားရသူတွေက ဒီမိုကရေစီ ဆန့်ကျင်ရေးလမ်းကို လျှောက်ကြမယ့် အနေအထားဖြစ်နေပါတယ်။ မစ္စတာ ဂျိုကိုချန်ထားရစ်တဲ့ နိုင်ငံ၊ အင်ဒိုနီးရှားလူထုတွေ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် ခြိမ်းခြောက်မှု ဖြစ်ပေါ်လာနေပါတယ်။

မဲအများစုနဲ့ လွှမ်းမိုးထားတာကတော့ အသက် ၇၂ နှစ်အရွယ် စစ်တပ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီယန်တိုပါပဲ။ သူက အရင်ဆူဟာတိုလက်ထက်တုန်းက လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်လို့ သတင်းတွေ ရှိနေပါတယ်။ ဆူဟာတိုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူတွေကို ပြန်ပေးဆွဲ ဖမ်းဆီး၊ နှိပ်စက်တယ်လို့ စွပ်စွဲကြပါတယ်။ လူတဒါဇင်ကျော်လောက်က ပျောက်ဆုံးနေဆဲပါ။ သေဆုံးသွားပြီလို့လည်း ယုံကြည်ရပါတယ်။ ဒါပေမဲ့  မစ္စတာ ပရာဘိုဝိုကို တရားဝင် စွဲချက် တင်ခဲ့ခြင်း မရှိပါဘူး။

အဲဒီအချိန်ကစလို့ သူက သမ္မတအဖြစ် မှန်းလာတာပါ။ မစ္စတာ ပရာဘိုဝိုက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခေတ်ကာလတွေကို ဝေဖန်လေ့ရှိပြီး အရင်တုန်းက ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ကျင့်သုံးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။ သူက သမ္မတအပေါ် အထိန်းအထေလုပ်ထားတဲ့ အာဏာတွေကို ရုပ်သိမ်းလိုပြီး သမ္မတကို တိုက်ရိုက် ရွေးကောက်ပွဲတွေကိုလည်း ဖျက်သိမ်းချင်တဲ့သူပါ။ ဝေဖန်သူ အများစုကတော့ သူ့အနေနဲ့ အင်ဒိုနီးရှားကို အာဏာရှင် ပုံစံ ပြန်ပြောင်းလေမလား စိုးရိမ်ကြပါတယ်။

အဲဒါအပြင် အလားတူ စိတ်အနှောင့်အယှက် ဖြစ်ရတာက မစ္စတာ ပရာဘိုဝိုကို သမ္မတ ဂျိုကိုက ကြက်ဥတိုက် အားဖြည့် ပေးနေတာပါပဲ။ သမ္မတဂျိုကိုက နိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုရဲ့ သင်္ကေတဖြစ်နေလို့ပါ။ ဒါပေမဲ့လည်း သူက နိုင်ငံရဲ့ အင်စတီကျူးရှင်း စနစ်ယန္တရားတွေကို သူအာဏာရှိစဉ် ကာလအတွင်း တမင်ချိနဲ့အောင်၊ ဥပဒေအတိုင်းအုပ်ချုပ်ရေး (rule of law) ကို ချိနဲ့အောင် လုပ်သလိုတော့ ဖြစ်နေပါတယ်။ ဒါပေမဲ့ အများဆုံး အာဏာယူနိုင်တဲ့ သက်တန်း နှစ်ခု (၅ နှစ် ၂ ကြိမ်) အပြီး သမ္မတနေရာက သူဆင်းရတော့ သူ့ကို လူထုထောက်ခံမှု စစ်တမ်းတွေက ၈၀ ရာခိုင်နှုန်းအထိ ထောက်ခံနေကြပါတယ်။ အဓိကကတော့ တိုင်းပြည်စီးပွားရေး တိုးတက်နေလို့ ထောက်ခံနေကြတာပါ။

သမ္မတဂျိုကို လက်ထက်မှာ လူထုတွေရဲ့ ဘဝတိုးတက်လာခဲ့ပြီး၊ လူမှုရေး အထောက်အပံ့တွေလည်း ကျယ်ပြန့်လာခဲ့ပါတယ်။ လေဆိပ်၊ အဝေးပြေးလမ်းမတွေ၊ ဆိပ်ကမ်းတွေနဲ့ တခြားလိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ စီးပွားရေးက တနှစ်ကို ၅ ရာခိုင်နှုန်း တိုးတက်နေခဲ့ပြီး၊ သမ္မတဂျိုကို လက်ထက်မှာပဲ အင်ဒိုနီးရှားရဲ့ ကြွယ်ဝလှတဲ့ နီကယ်သိုက်ကြီးကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လျှပ်စစ်ကားတွေထုတ်ဖို့ လိုအပ်တဲ့ သတ္တုဖြစ်ပြီး Tesla တို့၊ တရုတ်ရဲ့ BYD တို့လို ကားကုမ္ပဏီတွေလည်း နိုင်ငံတွင်း လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။

မဲဆန္ဒရှင်တွေက ဒီထက်တော့ ပိုလိုချင်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်နေတာက တချိန်တုန်းက လစ်ဘရယ် ဒီမိုကရေစီ အားကောင်းဦးဆောင်ခဲ့တဲ့ နိုင်ငံတွေမှာ ဖြစ်နေတဲ့ ပုံမျိုးပါ။ ကမ္ဘာကြီးကိုယ်၌ ဒီမိုကရေစီ ဆုတ်ယုတ်လာပုံမျိုး ကြုံနေရတာပါ။ သာဓကအားဖြင့် အိန္ဒိယမှာ နာရိန္ဒြာမိုဒီနဲ့ အမေရိကန်ပြည်ထောင်စုမှာ ထရမ့်တို့ ရေပန်းစားနေ တာမျိုးပါ။ ဒီမိုကရေစီက ချက်ချင်းကြီး အသက်ငင်နေရတာမျိုးတော့ မဟုတ်ပါဘူး။ အမှောင်ပိတ် ဖုံးသွားတာမျိုးလည်း မဟုတ်ပါဘူး။ မျက်စေ့ရှေ့မှောက်မှာတင် တဖြည်းဖြည်းနဲ့ ထိပ်သီးခေါင်းဆောင်လူစုတွေက နိုင်ငံရေးအရ လိုအပ်ချက်တွေ အကြောင်းပြပြီး၊ ဒီမိုကရေစီ တန်ဖိုးထားမှုနဲ့ အင်စတိကျူးရှင်းတွေကို အားနည်းချည့်နဲ့လာအောင် လုပ်လာတာမျိုးပါ။ လူထုကလည်း မသိမသာ သဘောတူလိုက်ပါပြီးတော့ မေ့မြောနေရတာမျိုးပါ။

၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ မစ္စတာဂျိုကို ကို ရှုံးနိမ့်ပြီးတော့ မစ္စတာ ပရာဘိုဝိုက ၂၀၁၉ ခုနှစ်မှာလည်း ထပ်ပြိုင်ပါသေးတယ်။ သူ့ ရွေးကောက်ပွဲ မဲဆွယ်ပုံက ထရမ့်နဲ့ တူလှပါတယ်။ သူက အမျိုးသားရေးဝါဒနဲ့ လူပြိန်းကြိုက် ကြွေးကြော်ဆွဲဆောင်ပါတယ်။ သဘောထားတင်းမာတဲ့ အစ္စလမ်အယူကို ပြောပါတယ်။ သူက အင်ဒိုနီးရှားကို ချုပ်ကိုင်ထားတဲ့ စီးပွားရေး လက်ဝါးကြီးအုပ်စုထဲ ပါနေပြီး အရင်အာဏာရှင် ဆူဟာတိုရဲ့ သမက်တဦး ဖြစ်နေသေလို အငြင်းထွက်ဖွယ် ဘာသာရေး ယုံကြည်ချက်တွေရှိနေပေမဲ့ သူက ဒီလို လူများကြိုက် လိုက်လုပ်နေတာပါ။ သူက တိုင်းပြည်က ထိပ်သီးရေပေါ်ဆီအုပ်စုတွေကို စိန်ခေါ်ပါတယ်။ “အင်ဒိုနီးရှားကို တဖန်ပြန်လည်ကြီးမြတ်ကြပါစို့” ဆိုတာမျိုး ကြွေးကြော်ခဲ့ပါတယ်။ နောက်တော့ သူ မဲရှုံးသွားတော့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ဖို့ သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းစည်းရုံးပါသေးတယ်။ ရွေးကောက်ပွဲနောက်ပိုင်း အဓိကရုဏ်းတွေမှာ လူအချို့ သေကျေခဲ့ကြပါသေးတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲပြီးလို့ ၆ လအကြာမှာ မစ္စတာဂျိုကိုက မစ္စတာ ပရာဘိုဝိုကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်ခဲ့ပါတယ်။ အကြောင်းကတော့ ဗိုလ်ချုပ်ကြီးဟောင်းရဲ့ လက်ယာစွန်း ဂျာရင်ဒရာပါတီ (Gerindra Party) ကို အစိုးရ ညွန့်ပေါင်းအဖွဲ့ထဲ ခေါ်သွင်းချင်လို့ပါပဲ။ တဘက်မှာလည်း သမ္မတရဲ့ စီးပွားရေးအာဂျင်ဒါကို လွှတ်တော်ထဲမှာ အတိုက်အခံ လုပ်နေသူတွေ မရှိရလေအောင် လုပ်တဲ့ဗျူဟာတခု ဖြစ်နိုင်ပါတယ်။ မစ္စတာပရာဘိုဝိုရဲ့ စန်းပြန်ထလာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက သမ္မတဂျိုကိုက သူ့ရဲ့သား အသက် ၃၆ နှစ်အရွယ် ဂီဘရန် ရာကာဘူမင်းရာကာ၊ သူက မြို့ငယ်လေးတခုမှာ မြို့တော်ဝန် လုပ်နေသူကို ပထမဦးဆုံးအကြိမ် အဖြစ် မစ္စတာပရာဘိုဝိုနဲ့တွဲပြီး ဒု-သမ္မတလောင်းအဖြစ် ပြိုင်ဖို့ စာရင်းသွင်းစေခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဥပဒေအရ အသက် ၄၀ မပြည့်သေးသူကို ဒုသမ္မတ မဖြစ်ဖို့ တားမြစ်ထားပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံခုံရုံးက လက်ရှိ မြို့တော်ဝန်တာဝန်လည်း ယူနေတော့ မစ္စတာဂီဘရန်ကို ကင်းလွတ်ခွင့်ရှိတယ် ကြေညာပေးခဲ့ပါတယ်။ အံ့ဩစရာ မဟုတ်တာက ဖွဲ့စည်းပုံခုံရုံးရဲ့ အကြီး အဓိကတရားသူကြီးကလည်း မစ္စတာဂျိုကိုရဲ့ ယောက်ဖပါပဲ။

ဒါကို ဆွေမျိုးသားချင်း ကောင်းစားရေး တင်ပေးတယ်၊ ဝင်ရောက်စွက်ဖက်တယ်လို့ မမြင်နိုင်ကြပါဘူး။ အင်ဒိုနီးရှား မဲဆန္ဒရှင်အများက မစ္စတာပရာဘိုဝိုကို အသိအမှတ်ပြု ထောက်ခံလိုက်တာလို့ မြင်ကြပါတယ်။ တချိန်တုန်းက ပြိုင်ဘက်ဖြစ်ပေမဲ့ အခုတော့ သူ့သားကို ပေါင်းစေလိုက်တာမျိုးပါ။ ဒီလိုနဲ့ မစ္စတာ ပရာဘိုဝို- ဂီဘရန် အတွဲက လူထုစစ်တမ်းကောက် ယူမှုတွေမှာ ထူးထူးခြားခြား အောင်မြင်နေခဲ့ပါတယ်။ ခုတော့ မစ္စတာ ပရာဘိုဝိုက သမ္မတဂျိုကိုရဲ့ စီးပွားရေးအာဂျင်ဒါကို ဆက်လက်ဆောင်ရွက်မယ်လို့ ပြောဆိုနေပါပြီ။ မစ္စတာ ပရာဘိုဝိုက အခုတော့ သူ့ကိုယ်သူ ယုံကြည်ကိုးစားရသူ သက်ကြီး နိုင်ငံရေးသမားအဖြစ် ပြန်ပုံဖော်နေပါတယ်။ မဲဆွယ်ပွဲတွေမှာလည်း ခပ်ကဲကဲ ကပြတာမျိုးတွေ လုပ်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်မှုတွေနဲ့ ဆွေးနွေးငြင်းခုံမှုတွေမှာ လူထုသည်းခြေကြိုက် ဟောပြောတတ်တဲ့ သဏ္ဌာန်ကတော့ ဖော်ပြနေပါတယ်။

အင်ဒိုနီးရှားလွှတ်တော်အမတ် အများစုက အသက် ၄၀ အောက်တွေ ဖြစ်ပါတယ်။ သူတို့က တချိန်တုန်းက မစ္စတာ ပရာဘိုဝိုရဲ့ ဆူဟာတိုခေတ် ရက်စက်မှုတွေကို မေ့နေလောက်ပါပြီ။ အခုတော့ သူတို့ ထိပ်တန်းစဉ်းစားဖို့အရေးက စီးပွားရေးကိစ္စ ဖြစ်နေပြီး၊ လူ့အခွင့်အရေး၊ နိုင်ငံသား လွတ်လပ်ခွင့်တွေ မဟုတ်တော့ပါဘူး။

နိုင်ငံရဲ့ ဒီမိုကရေစီပြယုဂ်သဖွယ် ဖြစ်ခဲ့တဲ့ မစ္စတာဂျိုကိုကတော့ သူ့နိုင်ငံရဲ့ ဒီမိုကရေစီ တန်ဖိုးထားမှုတွေကို သစ္စာဖောက်ခဲ့ပါပြီ။ အရင်တချိန်တုန်းက ဆူရာကာတာ ပျံကျရပ်ကွက်က ပရိဘောဂထုတ်လုပ်သူတဦး ဖြစ်ခဲ့တဲ့ မစ္စတာ ဂျိုကိုက နောက်ပိုင်းမှာ မြို့တော်ဝန် ဖြစ်ခဲ့ပါတယ်။ နောက်တော့ ဂျာကာတာဒေသ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။ သူက နာမည်ပျက်လွန်းတဲ့ အကျင့်ပျက် ခြစားနေတဲ့ စနစ်ကြီးမှာ သူက အသစ်ကျပ်ချွတ်ကြီး သန့်ရှင်းနေတဲ့သူတဦးလို သူ့ဂုဏ်သိက္ခာကို တည်ဆောက်လာခဲ့ပါတယ်။ ရိုးသားတဲ့၊ လူထုက သဘောကျတဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ သမ္မတအဖြစ် ရွေးချယ်ခံရပါတယ်။ အနောက်တိုင်းမီဒီယာတွေကလည်း သူ့ကို “အင်ဒိုနီးရှားနိုင်ငံရဲ့ အိုဘားမား”သဖွယ် ချက်ချင်း တင်စားချီးကျူးခဲ့ကြပါတယ်။

ဒါပေမဲ့ သမ္မတနန်းတော်က သူထွက်ခွာချိန်မှာတော့ အင်ဒိုနီးရှားဒီမိုကရေစီက ဆူဟာတို အာဏာရှင်စနစ် ဇာတ်သိမ်းပြီးချိန်ကစလို့ ပြောရင်၊ ပိုလို့ချိနဲ့ ပြိုလွယ်ကွဲလွယ် ဖြစ်နေပါပြီ။ သူက နိုင်ငံရဲ့ သီးခြားလွတ်လပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ချိနဲ့အားပျော့စေပြီး၊ ရာဇဝတ်မှု ဥပဒေ အကြီးအကျယ် ပြင်ဆင်ပြောင်းလဲတဲ့ ဥပဒေကို လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီ ဥပဒေသစ်မှာ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်ကို ကန့်သတ်ချုပ်ချယ်ထားပြီး၊ လက်မထပ်ဘဲ လိင်ဆက်ဆံတဲ့ကိစ္စတွေကို ရာဇဝတ်မှု သတ်မှတ်ထားပါတယ်။ သူ့ကို ဝေဖန်သူတွေနဲ့ အတိုက်အခံတွေကို စိတ်ကြိုက်အရေးယူဖို့ အတိအကျ သတ်မှတ်ဖော်ပြမထားတဲ့ အာဏာတွေကိုလည်း အစိုးရကို ပေးထားပါတယ်။ သူက ကျေးဇူးခံ ကျေးဇူးစားစနစ်ကို စလို့ ကျင့်သုံးခဲ့ပါတယ်။ အပြိုင် နိုင်ငံရေးပါတီတွေရဲ့ အတွင်းရေးတွေကို ဝင်ရှုပ်လေ့ရှိတယ်လို့ သူ့ ကို ဝေဖန်ကြပြီး စစ်တပ်ကိုလည်း အရပ်ဘက်ရေးရာတွေမှာ ပိုလို့ ပါဝင်ခွင့်ပြုနေတယ်လို့ ဆိုကြပါတယ်။

ဒီကိစ္စ အများစုကတော့ အင်ဒိုနီးရှားနိုင်ငံရေး သဘောသဘာဝအပေါ် ပြစ်တင်စရာပါပဲ။ “Game of Thrones” ရုပ်ရှင် ဇာတ်လမ်းတွဲနဲ့တောင် တူနေပါပြီ။ အပေး အယူ လုပ်ကြတာ၊ မျိုးရိုးစဉ်ဆက် အာဏာအပ်နှင်း ဆက်ခံစေတာ၊ အာဏာ အောက်ခြေထုကို စဉ်ဆက်မပြတ် တည်ဆောက် ထိန်းသိမ်းနေဖို့ လုပ်နေကြရတဲ့ ကိစ္စမျိုးပါ။

မစ္စတာဂျိုကိုက ၁၉၄၅ ခုနှစ်ကတည်းက တွက်ရင် ထိပ်သီးရေပေါ်ဆီ နိုင်ငံရေး၊ စစ်ရေးအုပ်စုထဲက မဟုတ်တဲ့ ပထမဦးဆုံး သမ္မတဖြစ်ပါတယ်။ ကျောထောက် နောက်ခံ အဲသလိုကွန်ရက်တွေ မရှိလှဘဲ မစ္စတာဂျိုကိုက အာဏာပွဲစားတွေကို သိမ်းသွင်း၊ ဆွဲဆောင်ပြီး နေရာယူလာနိုင်တာပါ။ ပြိုင်ဘက်တွေကိုလည်း ကျော်လွှားတက်လာပြီး၊ သူ့အာဂျင်ဒါ ရည်ရွယ်ချက်တွေကို ရှင်သန်စေနိုင်ခဲ့ပါတယ်။ ဘောနီယိုကျွန်းမှာ နိုင်ငံမြို့တော်သစ် တည်ဆောက်တာမျိုး သမိုင်းတွေစေမယ့် စီမံကိန်းကြီးမျိုးကိုလည်း လုပ်ခဲ့ပါသေးတယ်။

ဒီလို အိပ်မက်ကြီးကြီးမားမား ရှိတာကို မဲဆန္ဒရှင်တွေက သဘောကျကြပါတယ်။ ဒါပေမဲ့ မစ္စတာ ပရာဘိုဝိုနဲ့ဆိုရင် ဒီကိစ္စတွေက အာမ မခံနိုင်လှပါဘူး။ အင်ဒိုနီးရှားသမ္မတဖြစ်ရတာ အာဏာအလွန်ကြီးပါတယ်။ မစ္စတာ ပရာဘိုဝိုက အာဏာဆက်မြဲဖို့ ကြိုးစားမယ်ဆိုရင်တော့ သူ့ရဲ့နာမည်ကျော် အလွဲလုပ်တတ်တာတွေ၊ စိတ်မရှည် ဒေါသထွက်တတ်တာတွေနဲ့တော့ ဒုက္ခပါပဲ။ သူနောက်ဆုံး နိုင်ခဲ့ရင် ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ မစ္စတာဂျိုကိုရဲ့ အစိုးရ လုပ်ထုံးလုပ်နည်းတွေကို တည်တည်ငြိမ်ငြိမ် ဆက်ခံလုပ်ခဲ့တယ် ဆိုရင်တောင်မှ ဒီမိုကရေစီက ဆက်လက်ကျဆင်းနေပါလိမ့်မယ်။ အကျကို မစ္စတာ ပရာဘိုဝိုက ပိုမြန်စေပါလိမ့်မယ်။

လူမျိုးစုံ နေထိုင်ကြတဲ့ တခြားဒီမိုကရေစီနိုင်ငံကြီးတွေမှာလည်း အလားတူ ခြိမ်းခြောက်မှု ရှိနေပါတယ်။ အိန္ဒိယလို နိုင်ငံမျိုးပါ။ ဆောက်လုပ်ရေး စီမံကိန်းကြီးတွေကြောင့် မစ္စတာမိုဒီအပေါ် လူထုထောက်ခံမှု မြင့်လာစေတယ်၊ တဘက်မှာတော့ သူက ဒီမိုကရေစီအခွင့်အရေးတွေကို ပြန်ရုပ်သိမ်းနေပါတယ်။ ဘရာဇီးမှာတော့ စစ်အာဏာရှင်အတိတ်က ရက်စက်ကြမ်းကြုတ်မှုတွေ အပေါ် လူတွေအမှတ်မရကြတော့တဲ့နောက် စစ်ဝါဒက ခေါင်းထောင်လာနေပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ ဒေါ်နယ်ထရမ့်ပါ။ သူ သမ္မတဖြစ်လာဖို့ များနေပါတယ်။

မစ္စတာ ပရာဘိုဝိုက အောင်မြင်မယ်လို့ မထင်ထားနိုင်ပါဘူး။ သူက ဗဟိုဂျားဗားကျွန်းရဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပရာနိုဝိုနဲ့ ယှဉ်ပြိုင်ရဖို့ ရှိသလို ဂျာကာတာမြို့ရဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ တက္ကသိုလ်တခုရဲ့ ပါချုပ်ဟောင်း အဲနက်စ်ဘတ်စ်ဝီဒင်နဲ့လည်း ပြိုင်ရမှာပါ။ ဒါပေမဲ့  မစ္စတာ ပရာဘိုဝိုက လူထုဆန္ဒစစ် တမ်းတွေအရ ရှေ့ပြေးနေပါတယ်။ ၅၀ ရာခိုင်နှုန်းဝန်းကျင် ရှိနေပါတယ်။ ဗုဒ္ဓဟူးနေ့မှာ သူက အများစုအသာမဲ မရခင်ရင်တော့ ဇွန်လမှာ မဲအများဆုံးကိုယ်စားလှယ် ၂ ဦးတို့ ဒုတိယအကြိမ် ထပ်ပြိုင်ရမှာပါ။

ခုချိန်ကစပြီး နောက်ပိုင်းမှာ ကိစ္စများစွာ ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖို့ တစုံတရာတော့ မျှော်လင့်ချက်ထားနေရဦးမှာပါပဲ။

(အခု ဆောင်းပါးက အင်ဒိုနီးရှားရွေးကောက်ပွဲမတိုင်ခင် တရက်မှာ ဖော်ပြထားခဲ့တာဖြစ်ပြီး အခုချိန်မှာ မစ္စတာပရာဘိုဝီက အပြတ်အသတ် သမ္မတအဖြစ်နိုင်သွားပါပြီ။)

အောင်သူငြိမ်း

Ref: LaForge, Gordon. (Feb. 12, 2024). The Sun Is Setting on Indonesia’s Democratic Era. New York Times.

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024