Home
ဆောင်းပါး
တိုင်းပြည်အနာဂတ်ကို ကာကွယ်ပေးပါ
DVB
·
March 19, 2024

လတ်တလောကာလအတွင်း မြန်မာပြည်သူများအတွက် ပူပန်သောကများစေသော သတင်းများအနက် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကလည်း ထိပ်ဆုံးနေရာက ပါဝင်နေသည်။ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်ကာ ယနေ့အချိန်အထိ ပူပန်သောကပွားနေရသော အကြောင်းအရာတရပ်လည်း ဖြစ်သည်။ အားလုံးသိပြီးကြတဲ့အတိုင်း နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ကာ ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် အတိအလင်း ချိုးဖောက်ထားသော အကြမ်းဖက် စစ်ကောင်စီသည် စစ်ရေးအခြေအနေတွင် အင်အားချည့်နဲ့လာခဲ့သည်။ သို့ဖြစ်ရာ ၎င်းတွင် ရှိပြီးသား စစ်အင်အားအရေအတွက်နှင့် မလုံလောက်တော့ပြီဖြစ်၍ တိုင်းပြည်တွင် ရှိရှိသမျှသော လူငယ်လူရွယ်များကို စစ်အင်အားအဖြစ် အတင်းအဓမ္မ စုဆောင်းဖို့ ပြင်ဆင်လာခြင်း ဖြစ်သည်။ သေတွင်းထဲသို့ အစုအပြုံလိုက် တွန်းချလိုက်ခြင်းလည်း ဖြစ်သည်။ ဘေးကြပ်နံကြပ် ကြုံတွေ့နေရပြီဖြစ်တဲ့ စစ်ကောင်စီရဲ့ ယင်းလုပ်ရပ်မှာ ဒီတကြိမ်မှာတော့ လူငယ်ထုအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေခဲ့ပါသည်။ ယခင်က ဆန္ဒပြပွဲများတွင် မပါဝင်လျှင်၊ တော်လှန်ရေးနှင့် မပတ်သက်လျှင် ကိုယ့်နည်းနဲ့ကိုယ် နေထိုင်လို့ ရသေးသည်။ ဒီဥပဒေ ထွက်လာကတည်းက ပြည်တွင်းရှိ ဘယ်လူငယ်မဆို နေလို့ထိုင်လို့ မရတော့။ စစ်မှုထမ်းဥပဒေဆိုတဲ့ အရိပ်မည်းကြီးက နေ့စဥ်နှင့်အမျှ ခြိမ်းခြောက်နေလေပြီ။

စစ်မှုထမ်းဆင့်ခေါ်သည့် အလုပ်များကို သင်္ကြန်ပြီးလျှင် စတင်တော့မည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။ တကယ်တော့ စစ်မှုထမ်းဥပ‌ဒေ အာဏာတည်သည် ဆိုသော ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာပင် ဖမ်းဆီးမှုတွေ ရှိလာနေသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း အပါအဝင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း နေရာအချို့တွင် စာရင်းကောက်ယူမှုများ ခပ်စိပ်စိပ်နဲ့ ခပ်မြန်မြန် လုပ်ဆောင်လာနေသည်။ စစ်မှုထမ်းကြဖို့ စည်းရုံးမှုများကိုလည်း နည်းအမျိုးမျိုးနှင့် ကြိုးပမ်းလျက်ရှိသည်။ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ စစ်မှုထမ်းဥပဒေသတင်း ထွက်လာပြီးကတည်းက ဖမ်းဆီးခံရသူ အရေအတွက်မှာ ရာကျော်ရှိလာပြီဖြစ်သည်။ တချို့မှာလည်း သတင်းအစအနပင် မရတော့ဘဲ ပျောက်ဆုံးလူငယ်များ ဖြစ်သွားကြသည်။ စစ်မှုထမ်းဥပဒေ၏ သက်ရောက်မှုက ကြီးမားလှသည်။

အဲဒီစစ်မှုထမ်းဥပဒေ ထောင်ချောက်ကနေ ရှောင်ရှားဖို့ တချို့လူငယ်များက တော်လှန်ရေးတပ်ဖွဲ့များဆီ မိမိသဘောဆန္ဒဖြင့် ဝင်ရောက်သွားကြသည်။ တိုင်းပြည်အချင်းချင်း ဖြစ်တာမဟုတ်၊ ကိုယ့်ပြည်သူအချင်းချင်း သတ်ဖြတ်ရအောင် ဖန်တီးပေးသည်မို့ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို လူငယ်အများစုက ဆန့်ကျင်ကြသည်။ အကြမ်းဖက်သမားတွေအတွက် တိုက်ပေးပြီး အသက်ရော၊ ဂုဏ်သိက္ခာပါ အဆုံးမခံနိုင်။ ပြည်သူတွေကို ကာကွယ်မယ့် ပြည်သူ့ကာကွယ်ရေးတပ်သားပဲ လုပ်မယ်ဆိုပြီး တော်လှန်ရေးတပ်များထဲသို့ ဝင်ရောက်ခဲ့ကြသည်။ တချို့ကလည်း ရရာလမ်းကြောင်းများဖြင့် တိုင်းပြည်ပြင်ပသို့ ထွက်ခွာကြသည်။ သို့သော် ယင်းကိစ္စက ထင်သလောက် မလွယ်ကူ။ ယုတ်မာကောက်ကျစ်သည့် နေရာမှာ ဉာဏ်နီဉာဏ်နက်များသော စစ်ကောင်စီက ထိုနည်းလမ်းကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်သည်။ ဒါ့ကြောင့် နိုင်ငံခြားထွက်မည့် လူငယ်များကို အကြောင်းအမျိုးမျိုးပြကာ ထွက်ခွာခွင့်မပေး။ သို့ဖြင့် ကမောက်ကမ ဖြစ်ကြရပြန်သည်။ တချို့လူငယ်များကတော့ ချက်ချင်းလက်ငင်း တောထဲမသွားချင်။ မြို့ထက်စာရင် တောထဲမှာ လုံခြုံမှုရှိတာ မှန်ပေမဲ့ အနေဆင်းရဲ၊ အစားဆင်းရဲသည်။ စကစရဲ့ စစ်ကြောင်းရန် စိုးရိမ်ရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ ကိုယ်တိုင်ပင် ရပ်တည်နိုင်ဖို့ အတော်လေး ကြိုးစားရုန်းကန်နေရသည် မဟုတ်လား။ ပြီးတော့ ယခုမှရောက်လာသူ မြို့‌ပြကလူတွေမို့ ရေပေါ်ဆီတွေ၊ အချောင်သမားတွေဆိုကာ ယခင်သမိုင်းအတွေ့အကြုံများလို ဖြစ်သွားမှာကိုလည်း စိုးရိမ်ကြသေးသည်။ ထိုအကြောင်းရင်းများကြောင့် လတ်တလော အခြေအနေကို စောင့်ကြည့်နေကြသည့် အုပ်စုများလည်း ရှိသည်။ အားလုံးနီးပါးကတော့ စစ်ကောင်စီဘက် ပူးပေါင်းမယ့်သူတွေ မဟုတ်ကြပါ။

လူငယ်များအတွက် တကယ့်ကို ထွက်ပေါက်ပိတ် အနေအထားနှင့် ကြုံတွေ့နေရသည်။ NUG နှင့် တချို့လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များက ဒီအခြေအနေကို ဖြေရှင်းပေးမည် ဆိုသော်လည်း တကယ်လက်တွေ့မှာတော့ အတော်လေး ခက်ခဲနေပါသည်။ လူငယ်လူရွယ် သန်းနဲ့ချီ လူသတ်ကွင်းများဆီ ပို့ခံရတော့မည့် အခြေအနေကို မည်သို့ကာကွယ်နိုင်မည်နည်း။ တော်တော်ခေါင်းခြောက်စရာကိစ္စ ဖြစ်သည်။ Gordian Knot (ဂေါ်ဒီယန်ကြိုးထုံး) လိုပင် ဖြေရှင်းသင့်က ဖြေရှင်းရတော့မည့် အခြေအနေပင် ဖြစ်သည်။ သာမန်အရပ်သားကစ ခေါင်းဆောင်ကောင်းအလယ် အကြမ်းဖက်သမားတွေအဆုံး လူငယ်ဆိုတာ တိုင်းပြည်အနာဂတ်၊ တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုကာ ပြောဆိုကြသည်။ ယခု ထိုလူငယ်‌တွေ သန်းနဲ့ချီ သေတွင်းပို့ခံရဖို့ နီးကပ်လာနေပြီ ဖြစ်သည်။

Responsibility to protect ဆိုသည့် နိုင်ငံတကာမူတခု ရှိသည်။ အစိုးရများက ၎င်းတို့၏ တိုင်းသူပြည်သားတွေအပေါ် ကြီးလေးသော ပြစ်မှုများရန်မှ အကာအကွယ်ပေးရမည် ဟူသည့် သဘောတရားဟု ယေဘုယျ နားလည်နိုင်သည်။ တကယ်တော့ အစိုးရမှမဟုတ် သာမန် နေ့စဥ် လူနေမှုဘဝတွင်ပင် မတရားသဖြင့် ပြစ်မှုကျူးလွန်ခံနေရသော အကာအကွယ်မဲ့သူများကို တာဝန်သိ စိတ်ဓာတ်ရှိ တခြားသူများက ကာကွယ်တတ်ကြသည် မဟုတ်လော။ ကာကွယ်သင့်သည်၊ ကာကွယ်ပေးရမည့်တာဝန် ရှိသည်မဟုတ်လော။ အားနည်းသော အပြစ်မဲ့သူများကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း လောကနီတိအရ ဘာသာရေးအရလည်း သင်ကြားထားကြသည် မဟုတ်ပါလား။

ယခု မြန်မာပြည်တွင်လည်း နိုင်ငံ့အနာဂတ် လူငယ်သန်းချီကို လတ်တလောတွင် အလျှင်အမြန် အကာအကွယ်ပေးဖို့ လိုအပ်နေသည်။ စစ်ကောင်စီ၏ တရားလက်လွတ် ဖမ်းဆီးကာ စစ်ပွဲထဲသို့ အတင်းအကျပ် ပို့ဆောင်နေမှုများကို အရေးတကြီး အကာအကွယ်ပေးရန် လိုအပ်နေပါသည်။ ဘယ်သူတွေက ကာကွယ်ပေးမည်လဲ။ ဘယ်ကဲ့သို့ ကာကွယ်ပေးမည်လဲ။ NUG အပါအဝင် ERO များက အကာအကွယ် ပေးသင့်ပါသည်။ ပေးရမည့်တာဝန်လည်း ရှိပါသည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တကယ်စင်စစ် တည်ဆောက်ကြမယ်ဆိုလျှင် ဗမာပြည်အလယ်ပိုင်းက မြန်မာလူငယ်များ၏ အရေးကိစ္စသည်လည်း တောင်ပေါ်ဒေသက တိုင်းရင်းသား ERO များ၏ အရေးကိစ္စဖြစ်သည် မဟုတ်ပါလော။ တတိုင်းပြည်လုံးရှိ ERO များအားလုံး ဟန်ချီညီညီ စစ်ရေးလုပ်ခြင်းဖြင့် အကာအကွယ်ပေးနိုင်သည်။ ၁၀၂၇ စစ်ဆင်ရေး တခုတည်းမှာပင် စစ်ကောင်စီတပ် အတော်လေး ချေမှုန်းခံလိုက်ရသည်။ ဤသည်နှင့်အတူ မဖြစ်နိုင်ဘူးဟု ထင်ထားသော စစ်ရေးအောင်မြင်မှုတွေပင် ရရှိခဲ့သည် မဟုတ်ပါလော။ ယခုလည်း စစ်ကောင်စီ၏ အတိအလင်း ပေါ်တာဆွဲတော့မည့် ဧပြီလမတိုင်မီ တတိုင်းပြည်လုံးရှိ ERO များ၊ PDF များသာ တချီတည်း ရုန်းလိုက်ပါက လူငယ်များ၏ ကံကြမ္မာကိုသာမက တိုင်းပြည်၏ ကံကြမ္မာကိုပါ ကယ်တင်လိုက်နိုင်မည်မှာ မုချမလွဲနိုင်။ တကယ်တိုက်ကြဖို့သာ အရေးကြီးပေတော့သည်။

နွေဦးဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024