Home
ဆောင်းပါး
ကြောင်ခံတွင်းပျက်ရဲ့ နောက်ဆုံးညစာ
DVB
·
February 24, 2024

ချွေးတပ်သားနဲ့ ပေါ်တာ ဆိုတဲ့ ဝေါဟာရကို ကျနော် ငယ်ငယ်လေးကတည်းက ယဉ်ပါးခဲ့တယ်။ ချွေးတပ်နဲ့ ချွေးတပ်သား ဆိုတာက ဖက်ဆစ်လို့ ပြောကြတဲ့ ဂျပန်ခေတ်အသုံး။

မွန်ပြည်နယ်၊ သံဖြူဇရပ်ကနေ ဘုရားသုံးဆူ၊ ထိုင်းနယ်စပ်အထိ အရေးပေါ် မီးရထားလမ်း ဖောက်လုပ်ရာမှာ ဂျပန်တွေက ချွေးတပ်သား ခေါင်းစဉ်နဲ့ မြန်မာအမျိုးသားတွေကို အသုံးချခဲ့တယ်။

မှတ်တမ်းတွေအရ ချွေးတပ်သားအဖြစ် အသုံးချဖို့ မြို့ရွာတချို့မှာ အလစ်ဝင်ဖမ်းတာ ရှိတယ်။ ဂျပန်စကားနားယောင်ကာ ကိုယ်တိုင် ချွေးတပ်သားအဖြစ် လိုက်သွားတာတွေ ရှိတယ်။ ရပ်ထဲရွာထဲက ရွာမနိုင်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ သူကြီးနဲ့ ဒေသအာဏာပိုင်တွေ မကြည်ဖြူတဲ့ လူငယ်တွေကို အဓမ္မချွေးတပ်သားအဖြစ် ထည့်လိုက်တာမျိုးတွေ ရှိတယ်။ ပြီးတော့ ရွာအလိုက် တရွာကို လူဘယ်နှစ်ဦး ချွေးတပ်လိုက်ရမယ်ဆိုတဲ့ အဓမ္မခွဲတမ်းအရ ရွာထဲကအိမ်တွေ မဲနှိုက်ကြ၊ မဲပေါက်တဲ့အိမ် ချွေးတပ်ထဲလိုက်။ မလိုက်နိုင်ရင် လူငှားခေါ်။

မွန်ပြည်နယ်ထဲက မြို့လေးတမြို့မှာ နေထိုင်တဲ့ ကျနော်တို့ ဘိုးဘွားတွေက ကံဆိုးခြင်းများစွာနဲ့ မဲပေါက်လေတော့ ကျနော့်အဘွားတို့ရဲ့ အစ်ကိုအကြီးဆုံးက ချွေးတပ်လိုက်ရတော့တယ်။ ကျနော်တို့ ဇာတိမြေမှာ မဲပေါက်တဲ့အိမ်က ဒီအတိုင်း လူချည်းလိုက်လို့မရ၊ လူငယ်တယောက်၊ နွား ၂ ကောင်နဲ့ လှည်းတစီး။ ကျနော်တို့ အဘိုးကြီးနဲ့ တနယ်တည်းသားတွေက သံဖြူဇရပ် မီးရထားလမ်းဖောက်တဲ့လုပ်ငန်းမှာ လှည်းတွေနဲ့ မြေသယ်၊ ပစ္စည်းသယ် အလုပ် အဓိက လုပ်ကြရတယ်။ အဲဒီ ချွေးတပ်ထဲကို ဘယ်လိုအကြောင်းနဲ့ပဲ ရောက်လာသည်ဖြစ်စေ ဂျပန်က ချွေးတပ်သားတိုင်းကို နေ့တွက်လုပ်ခစရိတ် အနည်းငယ် မပျက်မကွက် ပေးခဲ့တယ်။

ချွေးတပ်စခန်းမှာ မသေထမင်း မသေဟင်း ကျွေးပြီး ရက်ရက်စက်စက် မတန်တဆ အလုပ်တွေ ခိုင်းခဲ့တာကြောင့် ချွေးတပ်သားတွေ သောက်သောက်လဲ သေဆုံးခဲ့တယ်။ ကျနော်တို့ အဘိုးကြီးနဲ့ မိတ်ဆွေတစု ချွေးတပ်ထဲကနေ ထွက်ပြေးလွတ်မြောက်ကာ ရွာကို ပြန်ရောက်ခဲ့တယ်။ ခန္ဓာကိုယ် တောင့်တင်းသန်မာတဲ့ ရွာသားတစု ချွေးတပ်ကနေ ပြန်လာတော့ လူရုပ်မပေါ်။ ၆ လလောက် ဆေးကုပြီး ဘာအလုပ်မှမလုပ်ဘဲ အနားယူလိုက်မှ မူလရုပ်သွင် ပြန်ထွက်လာတယ်လို့ ကျနော့်အဘွားက အိပ်ရာဝင်ပုံပြင်အဖြစ် မကြာခဏ ဆိုသလို ပြောပြခဲ့ဖူးတယ်။

ချွေးတပ် ဆိုတဲ့ စကားနဲ့ သေမင်းတမန် ရထားလမ်းအကြောင်း  ညအိပ်ရာဝင်တဲ့အခါ အဘွား ပြောပြလို့ မကြာခဏ ကြားနေရတဲ့အချိန်မှာပဲ ပေါ်တာ ဆိုတာကို ထပ်ကြားရပြန်တယ်။ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်ကာလ၊ ကျနော် မူလတန်းကျောင်းသားအရွယ်မှာ ပေါ်တာ ဆိုတဲ့ စကားလုံးကို နားနဲ့ဆတ်ဆတ် ကြားရရုံတင်မက စစ်သား ဆိုတာ ကြောက်စရာကောင်းမှန်း လက်တွေ့သိခဲ့ရတယ်။

အဲဒီကာလတုန်းက ကရင်ပြည်နယ်အတွင်း ကေအဲန်ယူနဲ့ စစ်တပ် တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ ကျနော်တို့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ စစ်တပ်က ပေါ်တာဆွဲတော့တာပါပဲ။ ပထမ မြို့ပေါ်က ကားဂိတ်၊ သ‌င်္ဘောဆိပ်၊ ဘူတာရုံနဲ့ ရုပ်ရှင်ရုံတို့မှာ စစ်တပ်က လူငယ်အမျိုးသားတွေကို အလစ်ဝင်ဆွဲတယ်။ နေ့စဉ်ရက်ဆက် ဆွဲနေခြင်းတော့ မဟုတ်။ ရှေ့တန်းမှာ တိုက်ပွဲပြင်းထန်နေတဲ့ အချိန်မျိုး၊ အထုပ်သယ်၊ ရိက္ခာသယ်နဲ့ စစ်လက်နက် ပစ္စည်းတွေ သယ်ဖို့ လူလိုတဲ့အချိန်မျိုးကျမှ ပေါ်တာဆွဲတာမျိုး။

နည်းနည်းကြာလာတော့ လူငယ်တွေလည်း ခရီးတွေ ဘာတွေ မသွား၊ ကြက်ပျောက် ငှက်ပျောက်မို့ ပေါ်တာ အရနည်းလာ။ ဒါနဲ့ ညဘက်တွေမှာ ရွာတွေထဲအထိ စစ်သားတွေ ပေါ်တာရှာလာတာကြောင့် စစ်ဖိနပ်သံကြားရင် ကျနော်တို့ ကလေးတွေပါ ကြောက်ကြရတယ်။ ရွာတွေက လူငယ်နဲ့ လူလတ်ပိုင်းတွေက စစ်သားတွေ မြို့ပေါ် ခြေရှုပ်လာတဲ့အချိန်ဆို အိမ်မှာ ညမအိပ်ရဲဖြစ်ကာ ဘုန်းကြီးကျောင်းနဲ့ တောင်ပေါ်က ဘုရားကြာဖူးပေါ် တက်အိပ်ကြရတယ်။

နောက်တော့ ဂျပန်ခေတ် ချွေးတပ်ဆွဲသလိုမျိုး တရွာကို ပေါ်တာ ဘယ်နှစ်ယောက် ပေးရမယ်လို့ စစ်တပ်နဲ့ ဒေသအာဏာပိုင်တွေက ခွဲတမ်းချပေးလိုက်တာကြောင့် ကိုယ့်ရွာခွဲတမ်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းကြရတော့တယ်။

အဲဒီမှာ ပေါ်တာအငှားလိုက်တဲ့ ဈေးကွက် ထွက်ပေါ်လာတယ်။ မိုက်တိမိုက်ကန်းနဲ့ စွန့်စားရဲပြီး လူရည်လည်တဲ့ လူငယ်တချို့က ပေါ်တာအငှားလိုက်ကြတယ်။ ရွာသားတွေက ပေါ်တာပေါက်ဈေးအတိုင်း တအိမ် ဘယ်လောက်ဆိုပြီး ခွဲတမ်းချ ငွေထည့်ဝင်ကြရ၊ ပေါ်တာကြေးလို့ ခေါ်တယ်။ ပေါ်တာကြေးကို ဆယ်စုနှစ်နဲ့ချီ ရှစ်လေးလုံးအရေးတော်ပုံ မတိုင်ခင်အထိ ကျနော်တို့ပြည်သူတွေ ပေးဆောင်ရတယ်။

အဲဒီခေတ် ပေါ်တာအငှားဈေးကွက်က တယောက်ကို ကျပ် ၃,၀၀၀ အထိ ဈေးပေါက်ခဲ့ဖူးတယ်။ လူရည်လည်တဲ့ ပေါ်တာအငှားလိုက်သူတချို့က အိတ်ကပ်ထဲ ငွေ ၇၀၀ လောက် ထည့်သွားပြီး ရှေ့တန်းမသွားခင် ခဏထားတဲ့ နေရာမှာ ကင်းတာဝန်ကျ စစ်သားတွေကို ငွေ သုံးလေးရာ လာဘ်ထိုးကာ ထွက်ပြေးကြ။ ပေါ်တာလိုက်သွားပြီး ရွာပြန်ရောက်လာရင် ထွက်ပြေးလို့ပဲ ပြန်ရောက်ရောက်၊ ဘယ်လိုအကြောင်းကြောင့်ပဲ ပြန်ရောက်ရောက် ဖမ်းဆီးစစ်ဆေးတာမျိုး လုံးဝမရှိတာကြောင့် အေးဆေး။ နောက်တခေါက် ပေါ်တာထပ်ခေါ်ရင် ဆက်လိုက်။ တချို့လည်း ရှေ့တန်းအထိ ပါသွားပြီး သေတဲ့လူသေ။

တကယ်တော့ ပေါ်တာ ဆိုတာကို အခကြေးငွေပေးပြီး ငှားရမယ်လို့ စစ်ဥပဒေမှာ ပြဋ္ဌာန်းထားပေမဲ့ အစွယ်ထွက်နေပြီဖြစ်တဲ့ စစ်တပ်က တပြားမှ မပေးရုံတင်မက ပြည်သူကိုပါ ပေါ်တာကြေး ထည့်ဝင်ခိုင်းတဲ့အထိ ကလိမ်ကျခဲ့ ဒုက္ခပေးခဲ့ကြတယ်။

အခု စစ်အာဏာရှင်မဖြစ်ဘဲ အသက်ငင်နေတဲ့ မင်းအောင်လှိုင် လက်ထက်ကျတော့ ပေါ်တာ ဆိုတာတင်မက လူသားဒိုင်း ဆိုတဲ့စကားပါ တွင်ကျယ်လာတယ်။ အရင် မဆလခေတ်တုန်းက ပေါ်တာ ဆိုတာ အထုပ်ထမ်းရုံ ထမ်းရပြီး လူသားဒိုင်းအဖြစ် ရှေ့တန်းတင် အသေခံခိုင်းတာမျိုး ကြားရခဲပေမဲ့ အခုအခါမှာတော့ ပေါ်တာ ဆိုတာလည်း လူသားဒိုင်း၊ လူသားဒိုင်းသည်လည်း လူသားဒိုင်းအဖြစ်နဲ့ အထုပ်ထမ်းရ။ အဲဒီလို ပြည်သူကို အထုပ်ထမ်းခိုင်း၊ အသေခံခိုင်းရုံတင်မက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းအမှုကိုပါ မင်းအောင်လှိုင်စစ်တပ်က အလွယ်တကူ ကျူးလွန်နေကြတယ်။

မင်းအောင်လှိုင်စစ်တပ်ဟာ အိမ်တွေထဲအထိ ပြည်သူတွေကို ဝင်ဖမ်းကာ လူသားဒိုင်းအဖြစ် အသုံးချတာမျိုး။ ရွာတွေထဲ ဝင်လုယက် မီးရှို့သတ်ဖြတ်တာမျိုး၊ သက်ကြီးရွယ်အိုတွေရော ဘုန်းကြီးတွေကိုပါမချန် သတ်ဖြတ်တာမျိုးနဲ့ ဘာသာရေး အဆောက်အအုံတွေကို မီးရှို့တာမျိုးက တိုင်းတပါးသား ဖက်ဆစ်လို့ဆိုတဲ့ ဂျပန်တွေတောင် မပြုမူခဲ့ဖူးပါဘူး။

ဂျပန်ခေတ်က ချွေးတပ်ဆွဲတယ်ဆိုတာ သေမင်းတမန်ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းဆီ သေချာပေါက်ပို့သလို မဆလခေတ် ပေါ်တာ ဆိုတာကလည်း ကရင်ပြည်နယ်ထဲက ရှေ့တန်းတွေဆီသာ ပို့ဆောင်ခဲ့ပါတယ်။

အခု ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ အဓမ္မစစ်သားစုဆောင်းရေးဥပဒေ ထွက်ပေါ်လာပြီးနောက် မြို့ကြီးတချို့မှာ လမ်းသွားလမ်းလာတွေကို အလစ်ဝင်ဖမ်းတာ၊ အဝေးပြေးလမ်းတွေပေါ်မှာ ခရီးသည်တင်ကားတွေပေါ်ကနေ လူငယ်တွေကို ဆွဲချ ဖမ်းဆီးသွားတာတွေ စစ်တပ်က ဆက်တိုက် လုပ်ဆောင်နေပေမဲ့ ဘာအတွက် လုပ်ဆောင်နေသလဲဆိုတာ မသိပါဘူး။

ဘာကြောင့် ဖမ်းသလဲလို့ မေးမိရင် ဖမ်းချင်လို့ ဖမ်းတယ်ဆိုတဲ့ အဖြေနဲ့အတူ မေးခွန်းထုတ်သူရဲ့ ဦးခေါင်းထဲ ကျည်တတောင့်လည်း ပျော်ပျော်ရွှင်ရွှင် ပြေးဝင်လာနိုင်ပါတယ်။ ပြီးတော့ ဘာအတွက် ဖမ်းဆီးတာပါလဲ။ လူသားဒိုင်းအတွက်လည်း ဖြစ်နိုင်သလို စစ်ထဲ သွင်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အခုဆိုရင် ဖေဖော်ဝါရီ ၁၁ ရက်က မုံရွာ-မန္တလေး အမြန်လမ်းပေါ် ခရီးသည်တင်ယာဉ်တွေပေါ်က ဆွဲချခံရတဲ့ လူငယ် ၂၀၀ လောက်နဲ့ ဖေဖော်ဝါရီ ၁၆ ရက်က ရွှေဘိုမြို့၊ ကိုးပင်ဂိတ်မှာ ဖမ်းဆီးခံရတဲ့ ခရီးသွားလူငယ် ၉၀ လောက်ဟာ ဘယ်ရောက်လို့ ရောက်မှန်းမသိ ပျောက်ဆုံးနေကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။

စစ်အုပ်စုက အဓမ္မစစ်သားစုဆောင်းခြင်းကို လာမယ့် သင်္ကြန်အပြီးမှာ စတင်မှာဖြစ်ပေမဲ့  အမျိုးသမီးတွေကို စစ်တပ်ထဲခေါ်မှာ မဟုတ်သေးကြောင်းနဲ့ အဓမ္မ စစ်သားစုဆောင်းရေး ဥပဒေမှာ အကျုံးဝင်တဲ့ အမျိုးသား ၆ သန်းအနက် ၆ သောင်းလောက်သာ ခေါ်ယူမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စစ်အုပ်စု ဆိုတာ ဘယ်တုန်းကမှ စကားမတည်တဲ့ လူ့အောက်တန်းစားတွေသာ ဖြစ်လို့ ၆ သောင်းလောက်ပဲ အဓမ္မစစ်သားစုဆောင်းမယ် ဆိုတဲ့ စကားဟာ မှန်ကန်ကြောင်း မင်းအောင်လှိုင် မစင်ငုံပြီး ပြောလည်း စိတ်ချလက်ချ ယုံဖို့ခက်ပါမယ်။ ဆိုတော့ ၆ သောင်း ဆိုတဲ့စကားဟာ နိုင်ငံတကာ အမြင်ကောင်းအောင် ပြောကြားလိုက်ခြင်းလည်း ဖြစ်နိုင်သလို ၆ သောင်းထက်ပိုပြီး ခေါ်လည်း သူတို့ပါးစပ်ထဲမှာသာ စာရင်းဇယားရှိတာမို့ ဘာမှမတတ်နိုင်ပါဘူး။

နောက်တချက် ဖြစ်နိုင်ခြေအရှိဆုံးက အဓမ္မစစ်သားစုဆောင်းမှုကြောင့် ပြည်တွင်း၊ ပြည်ပ အလှုပ်အယမ်း မများရအောင် ဖြည်းဖြည်းနဲ့ မှန်မှန် အဓမ္မစစ်သားစုဆောင်းသယောင် အယောင်ပြပြီး တဖက်မှာလည်း အခုလုပ်ဆောင်နေသလို လမ်းသွားလမ်းလာနဲ့ ခရီးသွားလူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီးကာ စာရင်းပျောက် စစ်တပ်ထဲ ထည့်ခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုအကြောင်းကြောင့် စစ်တပ်ထဲရောက်ရောက်၊ စစ်တပ်ထဲ ရောက်သွားတယ်ဆိုတာ မင်းအောင်လှိုင် အာဏာရရှိရေးအတွက် ပြည်သူ၊ ပြည်သူချင်း တိုက်ခိုင်းကာ ပြည်သူကို သေလမ်းဆီ ပို့ဆောင်တာ ဖြစ်တာကြောင့် ဒီလမ်းပေါ်မရောက်ဖို့ တဦးချင်းစီရဲ့ ပိုင်းဖြတ်မှုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပံ့ပိုးမှု ဟန်ချက်ညီဖို့ အရေးကြီးလှပါတယ်။

မင်းအောင်လှိုင်ဆိုတာ မလုပ်ရဲတာ ဘာမှမရှိကြောင်း အထပ်ထပ် သက်သေပြခဲ့ပြီးပြီဆိုတာ မမေ့လျော့ကြဖို့ လိုသလို အဓမ္မစစ်သားစုဆောင်းရေးဥပဒေ ဆိုတာ မင်းအောင်လှိုင် ရင်ခေါင်းထဲက မရှူနိုင် မကယ်နိုင် ထွက်လာတဲ့ နောက်ဆုံး မီးတောက်ဆိုတာလည်း သိပ်သေချာနေပါတယ်။

မြူဆိုင်း မှိုင်းဝေကာ မုန်တိုင်းထန်နေဆဲမို့ ပန်းတိုင်ကို ကျနော်တို့ လှမ်းမမြင်ရသေးပေမဲ့ ပန်းတိုင်ဟာ ကျနော်တို့နဲ့ သိပ်မဝေးတော့တာလည်း အသေအချာပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024