Home
ဆောင်းပါး
ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်တွေထဲက မျှတမှုမရှိတဲ့ အချက် ၆ ချက်
DVB
·
January 30, 2024

ပိုမိုကောင်းမွန်တဲ့ ဘက်ထရီတွေ၊ ပိုမိုထိရောက်တဲ့ ဆိုလာပြားတွေလို အစိမ်းရောင်နည်းပညာကို မြှင့်တင်ခြင်းဟာ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ တကယ်ပဲ လုံလောက်ပါရဲ့လား။ ကံမကောင်းစွာနဲ့ဘဲ လူသားတွေရဲ့ အမူအကျင့်နဲ့ နေထိုင်မှု ပုံစံတွေကိုလည်း ပြောင်းလဲရပါမယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဖြေရှင်းနည်းတွေ (လျှပ်စစ်ကားများ၊ နေရောင်ခြည်စွမ်းအင်သုံး၊ အပူပေးစက်များ) ကို အကောင်အထည်ဖော်ခြင်းဟာ နိုင်ငံအတွင်းမှာ‌ရော နိုင်ငံတွေကြားမှာပါ အချမ်းသာဆုံးနဲ့ အဆင်းရဲဆုံးလူတွေမှာ ကြွယ်ဝချမ်းသာမှုနဲ့ အရင်းအမြစ်များစွာကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ အချိုးအကွေ့များစွာကို ရင်ဆိုင်ဖို့ လိုပါလိမ့်မယ်။

၁။ ချမ်းသာလေလေ ညစ်ညမ်းမှု ပြုလုပ်လေလေပါ။

Oxfam အဖွဲ့ဟာ မကြာသေးမီက ကမ္ဘာတဝန်း အချမ်းသာဆုံးနဲ့ အဆင်းရဲဆုံး လူများကြား ဓာတ်ငွေ့ထုတ်လွှတ်မှု ကွာဟချက်ကို မီးမောင်းထိုးပြခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအရ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းဟာ အဆင်းရဲဆုံး ၆၆ ရာခိုင်နှုန်း  ပေါင်းစပ်ထားသလို CO₂ အများအပြားကို ထုတ်လွှတ်တယ်လို့ တွေ့ရှိရပါတယ်။

ပူနွေးမှုကို ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ ကန့်သတ်ဖို့ လူတဦးစီဟာ နှစ်စဉ် ကာဗွန်ဘတ်ဂျက် ၁ တန်လောက်ပဲ ထုတ်လွှတ်ရမှာပါ။ ဒါပေမဲ့လည်း လက်ရှိမှာ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းဟာ ကန့်သတ်ထားတဲ့ ပမာဏထက် အဆ ၁၀၀ ကျော် လောင်ကျွမ်းနေပြီး နှစ်စဉ် ပျမ်းမျှ တနှစ်ကို ကာဗွန်တန်ချိန် ၁၁၀ ခန့် ထုတ်လွှတ်နေပါတယ်။

ရာသီဥတု အကျပ်အတည်းရဲ့ အဆိုးရွားဆုံး သက်ရောက်မှုတွေကို ရှောင်ရှားဖို့အတွက် အသားတင် သုညကို မျှမျှတတနဲ့ အချိန်မီ ကူးပြောင်းလိုပါက အကြီးမားဆုံး အရင်းအမြစ်တွေကနေ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့ လိုအပ်ပါတယ်။

၂။ နိုင်ငံရေးအရ ဖြေရှင်းနည်းတွေဟာ အကန့်အသတ်ရှိပါတယ်။

ချမ်းသာသူတွေရဲ့ နိုင်ငံရေးပါဝါဟာ ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ စွမ်းအင်ကို ပိုမိုမျှတစွာ သုံးစွဲနိုင်စေမယ့် အစီအမံတွေကို တားဆီးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ချမ်းသာတဲ့သူတွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အစိုးရမူဝါဒကို ပုံဖော်နိုင်တာကြောင့် ဖြစ်ပါတယ်။

ရုပ်ကြွင်းလောင်စာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ချမ်းသာကြွယ်ဝမှုကို ရရှိခဲ့တဲ့ ဘီလျံနာတွေဟာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒရေးရာဖြေရှင်းနည်းတွေကို ဆန့်ကျင်လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းတာဟာ ကာဗွန်ထုတ်လုပ်မှုဖယ်ရှားရေးကြိုးပမ်းမှုကို နှောင့်နှေး  အဟန့်အတား ဖြစ်စေပါတယ်။

ရာသီဥတုဆိုင်ရာ မူဝါဒတွေကို အောင်အောင်မြင်မြင် စည်းရုံးနိုင်မှုနဲ့အတူ၊ စူပါချမ်းသာသူတွေကို သူတို့ရဲ့ အလွန်ညစ်ညမ်းစေတဲ့ အပြုအမူကို တားဆီးဖို့ အတင်းအကျပ် ဖိအားပေးနိုင်တာမျိုး မရှိပါဘူး။ ဥပမာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ခရီးသွားခြင်းဟာ  အညစ်ညမ်းဆုံး သယ်ယူပို့ဆောင်ရေးပုံစံဖြစ်ပြီး လူနည်းစုအတွက်သာ အသုံးဝင်ပေမဲ့လည်း  ဥပဒေအတိုင်း တရားဝင် ဆက်လက်တည်ရှိနေဆဲပါပဲ။

၃။ ကာဗွန်အခွန်များက ပိုမိုထိရောက်မှုရှိနိုင်သည်။

ဘယ်နိုင်ငံမှာမဆို ကာဗွန်ထုတ်လွှတ်မှုနဲ့ ဆက်စပ်တဲ့ တန်ဖိုးဟာ ကမ္ဘာမြေနဲ့ လူသားတို့ရဲ့ ကျန်းမာရေးကို အပြည့်အဝ ထိခိုက်ပျက်စီးစေပါတယ်။ ဆိုလိုတာကတော့ သန့်ရှင်းတဲ့ အခြားရွေးချယ်စရာတွေကို ပြောင်းလဲမယ့်အစား ညစ်ညမ်းစေတဲ့ စက်မှုလုပ်ငန်းတွေကို ကိုင်တွယ်‌ဖြေရှင်းတာက ပိုသက်သာပါလိမ့်မယ်။

ကာဗွန် အခွန်တွေဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ လေထုညစ်ညမ်းမှုရဲ့ စျေးနှုန်းကို တိုးမြင့်စေမှာဖြစ်ပြီး အစိမ်းရောင်ကို ရွေးချယ်မှုမှာလည်း အသက်သာဆုံး ဖြစ်လာမှာပါ။ ဥပမာအားဖြင့်၊ ဒီဇယ်နဲ့ ဓာတ်ဆီကားတွေကို အခွန်ကောက်ခံခြင်း (အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ဝင်ငွေရင်းနှီးမြှုပ်နှံခြင်း) ဟာ မိသားစုတွေအတွက် ကားနဲ့သွားမယ့်အစား ရထားနဲ့ ဘတ်စ်ကားနဲ့ ခရီးသွားဖို့ စျေးသက်သာနိုင်ပါတယ်။ တကယ်လို့ ဒီအခွန်တွေကိုသာ ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ခဲ့မယ်ဆိုရင် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချတဲ့နေရာမှာ ထိရောက်မှု ရှိနိုင်တယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။

အဲ့ဒီအစား တဖက်မှာလည်း ကာဗွန်အခွန်အခတွေဟာ ညစ်ညမ်းမှုလွန်ကဲနေတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းတွေကို တိုးမြှင့်ခြင်းကြောင့် ဆင်းရဲနွမ်းပါးသူတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို အချိုးမညီမျှစွာ ထိခိုက်စေလေ့ရှိပြီး ချမ်းသာတဲ့သူတွေကတော့ ဆက်လက်ထုတ်လွှတ်ဖို့ တတ်နိုင်နေကြပါတယ်။ အလွန်အမင်း ဆင်းရဲမွဲတေမှု သို့မဟုတ် ချမ်းသာကြွယ်ဝမှုမရှိဘဲ တန်းတူညီမျှတဲ့ လူ့အဖွဲ့အစည်းတွေမှာသာ လူတိုင်းကို ကာဗွန်ဒိုင်အောက်ဆိုက် ဖြစ်စေနိုင်တဲ့ ကာဗွန်အခွန်အခတွေကို မိတ်ဆက်နိုင်ပါလိမ့်မယ်။

၄။ အစိမ်းရောင်ရွေးချယ်မှုတွေဟာ အားလုံးအတွက် လက်လှမ်းမမီနိုင်ပါဘူး။

ကာဗွန်ထုတ်လွှတ်မှုဟာ ကုန်ကျစရိတ်နဲ့ စျေးနှုန်းမသတ်မှတ်နိုင်ပေမဲ့  တချို့သော လူနေမှုပုံစံ ပြောင်းလဲခြင်း (ဥပမာ- ဂက်စ်ဘွိုင်လာကို အပူပေးပန့်ဖြင့် အစားထိုးခြင်း) ဟာ ကြီးမားတဲ့ ကြိုတင်ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။ တကယ်လို့ သင်ဟာ ဝင်ငွေနည်းမယ်ဆိုရင်တော့ ပြောင်းလဲဖို့ တတ်နိုင်မှာ မဟုတ်ပါဘူး။

ထောက်ပံ့ကြေးအစီအစဥ်တွေဟာ ဝင်ငွေနည်းတဲ့သူတွေကို အထူးပံ့ပိုးပေးကြောင်း သေချာစေခြင်းကလည်း လူတိုင်း အသားတင် သုညကိုရောက်ရှိဖို့ လိုအပ်တဲ့ ပြောင်းလဲမှုတွေကို ပြုလုပ်စေနိုင်မှာ ဖြစ်ပါတယ်။

၅။ လူတွေက စိမ်းလန်းဖို့ အားလပ်ချိန်လိုတယ်။

စည်းစိမ်နဲ့ ဝင်ငွေထက် ရရှိနိုင်တဲ့ အားလပ်ချိန် မညီမျှမှုတွေလည်း ရှိနိုင်တယ်လို့  သုံးသပ်ရမယ့်အချိန် ဖြစ်ပါတယ်။

ကာဗွန်နည်းတဲ့ ရွေးချယ်မှုအချို့ဟာ အခြားရွေးချယ်မှုတွေထက် ပိုကြာပြီး အဆင်ပြေမှု နည်းပါတယ်။ ဥပမာ- လေယာဉ်ပျံသန်းမယ့်အစား ရထားနဲ့ ခရီးဝေးသွားခြင်းလို ရွေးချယ်မှုမျိုးပါ။ အသားစားသုံးမှုကို လျှော့ချဖို့ အသီးအရွက်အခြေခံ ချက်ပြုတ်နည်းလို ကျွမ်းကျင်မှုအသစ်တွေကို သင်ယူတဲ့နေရာမှာလည်း ချမ်းသာတဲ့သူတွေဟာ ပိုမိုလွယ်ကူစွာ အချိန်ယူနိုင်ပါတယ်။

တပတ်မှာ ၄ ရက် အလုပ်လုပ်ချိန်ရှိတဲ့ အလုပ်တွေက အားလပ်ချိန် တန်းတူညီမျှမှုဟာလည်း လူတွေကို ကမ္ဘာမြေအတွက် အကျိုးရှိစေမယ့် လူနေမှုပုံစံ ပြောင်းလဲခြင်းကို ကူညီပေးနိုင်ပါတယ်။

၆။ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းတွေဟာ ချမ်းသာတဲ့လူတွေရဲ့ အလားအလာနဲ့ မကိုက်ညီပါဘူး။

အားလုံးအတွက် အရည်အသွေးမြင့် ပြည်သူ့ဝန်ဆောင်မှုတွေကို ပေးဆောင်ခြင်းဟာ လူတိုင်းအတွက် ကာဗွန်နည်းတဲ့ ရွေးချယ်မှုများကို ပိုမိုလွယ်ကူစေပါတယ်။ တကမ္ဘာလုံးမှာ ရရှိနိုင်တဲ့ သာယာအဆင်ပြေမှုတွေကလည်း စွမ်းအင်နည်းပါးတဲ့ အလုံးစုံကို အသုံးပြုနေတဲ့ အချိန်ဆို လူသားရဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံစံနှုန်းတွေနဲ့လည်း ကိုက်ညီပါတယ်။

ယူကေနိုင်ငံ လန်ဒန်မြို့မှာဆို အသက်သာဆုံး ဘတ်စ်ကားခတွေနဲ့ အပြည့်စုံဆုံး အများပြည်သူ သယ်ယူပို့ဆောင်ရေးကွန်ရက် ရှိပါတယ်။ ငှားရမ်းခနဲ့ အိမ်ခြံမြေစျေးနှုန်းတွေကလည်း မြို့တွေထက် ကျေးလက်ဒေသတွေမှာ  နည်းပေမဲ့  အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ပိုမို မညီမျှစွာ သုံးစွဲစေခဲ့ပါတယ်။

ယာဉ်စီးခတိုးမြှင့်ခြင်းနဲ့ ဖြတ်တောက်ထားတဲ့ ဘတ်စ်ကားလမ်းကြောင်းတွေဟာ ကာဗွန်နည်းတဲ့ အများသူငါ သယ်ယူပို့ဆောင်ရေး အများအပြားကို အလှမ်းဝေးစေခဲ့ပြီး ကားမပါဘဲ သွားလာဖို့ ခက်ခဲစေပါတယ်။

ချမ်းသာတဲ့ လူနည်းစုကြောင့် ကမ္ဘာမြေရဲ့ အရင်းအမြစ်တွေ လျော့နည်းလာနေပါတယ်။ သူတို့ရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်ဖို့နဲ့ သူတို့ရဲ့ ပါဝါနဲ့ သြဇာကို ပြန်လည်ခွဲဝေပေးခြင်းဟာ လူသားအားလုံးအတွက် သင့်လျော်တဲ့ အသက်တာကို ထောက်ပံ့ပေးနိုင်စေဖို့ ကမ္ဘာဂြိုဟ်က လူတိုင်းကို ပိုမိုရေရှည်တည်တံ့စွာ နေထိုင်နိုင်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

ဘာသာပြန်သူ -လီလီ

(The conversation ဝက်ဆိုက်တွင်  အောက်စဖို့ဒ်တက္ကသိုလ် သုတေသီ Emma Garnett နဲ့ ကိမ်းဘရစ်ချ်တက္ကသိုလ် သုတေသီ Charlotte A. Kukowski တို့ ရေးသားထားသည့်  “Six ways inequality holds back climate action” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024