Home
ဆောင်းပါး
၂၀၂၃ စံချိန်တင် အပူရှိန်ကြောင့် ကမ္ဘာတဝန်း မိုးခေါင်၊ ရေကြီးနှင့် တောမီး‌လောင်မှု ပိုဆိုးလာ
DVB
·
January 26, 2024

၂၀၂၃ ဟာ စံချိန်ချိုးတဲ့ အပူဒဏ်၊ မုန်တိုင်း‌တွေ၊ ရေလွှမ်းမိုးမှုတွေ၊ မိုးခေါင်မှုနဲ့ တောမီးတွေ ပြင်းထန်စွာ လောင်ကျွမ်းခဲ့တဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေက ရာသီဥတု ပြောင်းလဲမှုဟာ ကမ္ဘာ့ရေစက်ဝန်းနဲ့ လူတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို  ဘယ်လိုအကျိုးသက်ရောက်မယ် ဆိုတာကို ပြသခဲ့ပါတယ်။

နိုင်ငံတကာ သုတေသီအဖွဲ့ဟာ ၂၀၂၃ ခုနှစ်မှာ စံချိန်တင် အပူရှိန်ရဲ့ အကျိုးသက်ရောက်မှုကို မှတ်တမ်းတင်ထားတဲ့ Global Water Monitor အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ သုတေသီတွေဟာ ပတ်ဝန်းကျင်ဆိုင်ရာ အချိန်နဲ့တပြေးညီ သတင်းအချက်အလက် ပေးဖို့အတွက် မြေပြင်စခန်းတွေနဲ့ ဂြိုဟ်တုထောင်ပေါင်းများစွာက ဒေတာတွေကို အသုံးပြုခဲ့ပါတယ်။

အစီရင်ခံစာမှာ ၂၀၂၃ ခုနှစ်က အခြေအနေတွေ၊ အဖြစ်အပျက်တွေနဲ့  ရေရှည်လမ်းကြောင်းတွေကို အကျဉ်းချုပ် ဖော်ပြထားပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုဟာ ရေစက်ဝန်းကို နက်နက်ရှိုင်းရှိုင်း ပြောင်းလဲစေတာကို ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ရလဒ်အနေနဲ့ ပိုမိုလျင်မြန်ပြီး ပြင်းထန်တဲ့ မိုးခေါင်မှုတွေအပြင် ပိုမိုပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ ရေလွှမ်းမိုးမှု ဖြစ်ရပ်တွေကို တွေ့မြင်နေရပါတယ်။

နိုင်ငံအများအပြားဟာ ၂၀၂၃ ခုနှစ်မှာ ပျမ်းမျှ နှစ်စဉ်အပူချိန်မှာ စံချိန်တင်ခဲ့ပါတယ်။ မိုးခေါင်ရေရှားမှု ပြင်းထန်တဲ့ တိုက်ကြီး ၃ တိုက်လည်း ရှိခဲ့ပါတယ်။ ကနေဒါနိုင်ငံဟာ ကြီးမားတဲ့ တောမီးလောင်ကျွမ်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး အမေဇုန်ရဲ့ မိုးခေါင်မှုကြောင့်လည်း ကမ္ဘာ့အကြီးဆုံး သစ်တော‌တွေဟာ ထိခိုက်ခံစားခဲ့ရပါတယ်။

အပူဓာတ်က ကမ္ဘာကြီးကို ခြောက်သွေ့စေတယ်။

ရာသီဥတု အကျပ်အတည်းရဲ့ အထင်ရှားဆုံး လက္ခဏာကတော့ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာကို လွှမ်းမိုးလာတဲ့ မကြုံစဘူး အပူလှိုင်းတွေ ဖြစ်ပါတယ်။ ကမ္ဘာ့အပူဆုံးနှစ်အဖြစ် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ရဲ့ ပူနွေးလာမှု ဖြစ်ပုံကို တစေ့တစောင်း ဖော်ပြပေးခဲ့ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုဟာ စက်မှုခေတ်မတိုင်မီအဆင့်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် ပိုပြီး တသမတ်တည်း ရှိနေမယ်ဆိုရင် ကမ္ဘာမြေစနစ်အပေါ် လွန်ကဲပြီး နောက်ပြန်မဆုတ်နိုင်တဲ့ သက်ရောက်မှုတွေ ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံပေါင်း ၇၇ နိုင်ငံဟာ အနည်းဆုံး ၄၅ နှစ်အတွင်း သူတို့ရဲ့ ပျမ်းမျှ နှစ်စဉ်အပူချိန် အမြင့်ဆုံးကို ကြုံတွေ့ခဲ့ရပါတယ်။ ကနေဒါကနေ ဘရာဇီး၊ စပိန်၊ ထိုင်းအထိ အပူချိန်မှတ်တမ်းတွေတော့ ကွဲသွားပါတယ်။

မြင့်မားတဲ့ အပူချိန်တွေဟာ လေထုစိုထိုင်းဆ အလွန်နည်းတာကြောင့် ဖြစ်ပွားတာပါ။ ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ နှိုင်းရလေထုစိုထိုင်းဆဟာ ၂၀၂၃ ခုနှစ်မှာ စံချိန်တင် ဒုတိယမြောက် အခြောက်ဆုံး ဖြစ်ခဲ့ပါတယ်။

လယ်ယာနဲ့ သစ်တောတွေ လျင်မြန်စွာ ခြောက်သွေ့တာကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးပြီး သစ်တောတွေကို မီးလောင်ကျွမ်းစေပါတယ်။ မိုးရွာသွန်းမှု နည်းပါးခြင်းနဲ့ အပူချိန် မြင့်မားခြင်းတို့ဟာ တောင်အမေရိက၊ အာဖရိကဦးချိုဒေသနဲ့ မြေထဲပင်လယ်လို ထိခိုက်လွယ်တဲ့ ဒေသတွေမှာ နှစ်ပေါင်းများစွာ မိုးခေါင်ရေရှားမှုကို ပြင်းထန်စေပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုမှာ လေထုအပူချိန် သိသိသာသာတိုးလာပြီး လေထုစိုထိုင်းဆ လျော့ကျလာခဲ့ပါတယ်။ ခြောက်သွေ့တဲ့ အခြေအနေဆီကို ဆက်လက်ဖြစ်ပေါ်နေတဲ့ ဒီလမ်းကြောင်းဟာ စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ရေလုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။

ဒီအခြေအနေတွေဟာ အပူဖိစီးမှုကို မြင့်မားစေပြီး လူတွေ၊ ကောက်ပဲသီးနှံတွေနဲ့ ဂေဟစနစ်တွေရဲ့ ရေလိုအပ်ချက်ကို တိုးမြင့်စေပါတယ်။

မီးလောင်မြိုက်တဲ့ အခြေအနေတွေကြောင့် ကမ္ဘာ့အကြီးဆုံး သစ်တောတွေပေါ်မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကနေဒါမြောက်ပိုင်းမှာ နွေရာသီတုန်းက တောမီး အကြီးအကျယ် လောင်ကျွမ်းခဲ့တာ‌ကြောင့် ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ အမေဇုန် မိုးသစ်တောနဲ့ မြစ်တွေဟာ ပြင်းထန်တဲ့ မိုးခေါင်မှုအဖြစ်ကို ကျရောက်ခဲ့ပါတယ်။

ကမ္ဘာ့သစ်တောတွေဟာ လူတွေရဲ့ ရုပ်ကြွင်းလောင်စာ ထုတ်လွှတ်မှုများစွာကို စုပ်ယူနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အပင်တွေရဲ့ အလင်းမှီစု အစာဖွဲ့စည်းခြင်း လုပ်ငန်းမှာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူတာကြောင့်ပါ။ တောမီးနဲ့ မိုးခေါင်ခြင်းလို ကြီးမားတဲ့ အနှောင့်အယှက်တွေဟာ ဒီလုပ်ဆောင်ချက်ကို လျှော့ချသလို ဖြစ်နေပြီး အခြေအနေတွေကို ပြောင်းပြန်တောင် ဖြစ်သွားစေပါတယ်။

ရေစက်ဝန်းဟာ ပြင်းထန်တဲ့ မုန်တိုင်းတွေကို ပြောင်းလဲစေပါတယ်။

ပစိဖိတ်သမုဒ္ဒရာအတွင်း လည်ပတ်မှုနဲ့ ပင်လယ်ရေအပူချိန် ပြောင်းလဲမှုဟာ  အယ်လ်နီညို အခြေအနေအထိ ပြောင်းလဲခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ရေလည်ပတ်မှုအပေါ် လွှမ်းမိုးခဲ့ပါတယ်။ ဒါတွေဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် အပူချိန် တိုးလာရခြင်းရဲ့ နောက်ကွယ်ကနေ ဖြစ်ပေါ်လာတာပါ။

ပင်လယ်ရေမျက်နှာပြင်နဲ့ လေထုအပူချိန်တွေ မြင့်တက်လာတာဟာ မုတ်သုံလေ၊ ဆိုင်ကလုန်းနဲ့ အခြားသော မုန်တိုင်းစနစ်တွေရဲ့ အားကောင်းမှုနဲ့ မိုးရွာသွန်းမှု ပြင်းထန်မှုတို့ကို အားကောင်းစေပါတယ်။

ဆိုင်ကလုန်း Jasper ဟာ ကွင်းစလန်း မြောက်ပိုင်းကို တိုက်ခိုက်ခဲ့ပြီး ကွင်းစလန်း အရှေ့တောင်ပိုင်းမှာ ပြင်းထန်တဲ့မုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု‌တွေ ကျန်ရစ်ခဲ့ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ ခန့်မှန်းထားတာထက် များစွာနှေးကွေးကာ မိုးသည်းထန်စွာ ရွာသွန်းပြီး နေရာအနှံ့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ အခြားသော ဆိုင်ကလုန်းမုန်တိုင်းတွေဟာလည်း မမျှော်လင့်ဘဲ သေစေနိုင်တဲ့ နည်းလမ်းတွေနဲ့ ပြုမူတာကို တွေ့ခဲ့ရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းတခုဟာ နယူးဇီလန်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အာဖရိက အရှေ့တောင်ပိုင်းမှာ ရက်သတ္တပတ်တွေအတွင်း အပျက်အစီးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ သက်တမ်းအရှည်ဆုံး ဆိုင်ကလုန်းမုန်တိုင်းလည်း ဖြစ်ပါတယ်။ မြေထဲပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဂရိနိုင်ငံက‌နေ ဖြတ်ကျော်ဝင်ရောက်ကာ လစ်ဗျားရှိ ရေလှောင်တမံများကို ဖျက်ဆီးကာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းချက်မှာ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံကျော် ရှိပါတယ်။

ပူနွေးတဲ့ ပင်လယ်အပူချိန်ဟာ ဒီလို ထူးဆန်းတဲ့ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေပါတယ်။ ရာသီဥတု အကျပ်အတည်း နက်ရှိုင်းလာတာနဲ့အမျှ လူတွေဟာ မကြုံစဘူး မုန်တိုင်းတွေကို ကြုံတွေ့ရမယ်လို့ မျှော်လင့်နိုင်ပါတယ်။

၂၀၂၄ နဲ့ အလွန်ကို ရှုမြင်သုံးသပ်ချက်

၂၀၂၄ ခုနှစ် အစမှာ အလယ်ပိုင်းနဲ့ တောင်အမေရိက (ဘရာဇီးတောင်ပိုင်းနဲ့ ဥရုဂွေးမှလွဲ၍) အာဖရိကတောင်ပိုင်းနဲ့ ဩစတြေးလျ အနောက်ပိုင်းတို့မှာ အကြီးမားဆုံးသော မိုးခေါင်မှုအန္တရာယ်ဟာ ဖွံ့ဖြိုးဆဲ သို့မဟုတ် ပိုမိုပြင်းထန်လာနိုင်တဲ့ အန္တရာယ် ဖြစ်ပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းအထိ မိုးရွာသွန်းမှု များစွာရရှိခဲ့တဲ့ ဒေသတွေကတော့ အနည်းဆုံး လပေါင်းများစွာ မိုးခေါင်ရေရှားမှု ဖြစ်လာနိုင်ဖွယ် မရှိပါဘူး။ အဲ့ဒီဒေသတွေထဲမှာ ဆာဟဲလ်ဒေသနဲ့ အာဖရိကဦးချို‌ဒေသ၊ ဥရောပမြောက်ပိုင်း၊ အိန္ဒိယ၊ တရုတ်နဲ့ အရှေ့တောင်အာရှတို့ ပါဝင်ပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ အဖြစ်အပျက်တွေဟာ ကမ္ဘာဂြိုဟ်အတွက် လက်ရှိဖြစ်နေတဲ့ ရာသီဥတု ပြောင်းလဲမှုရဲ့ ခြိမ်း‌ခြောက်မှုကို ပြသနေပြီး လူနေမှုဘဝတွေရဲ့ တနှစ်ထက်တနှစ် ကြီးထွားလာပုံကို ပြသနေပါတယ်။ ၂၀၂၃ ခုနှစ်မှာ အဖြစ်အပျက်များစွာရှိခဲ့ပြီး လူသားနဲ့ စီးပွားရေးထိခိုက်မှု ကြီးမားခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကို သီးခြားဖြစ်ရပ်တွေအနေနဲ့ မရှုမြင်သင့်ဘဲ ပိုမိုကျယ်ပြန့်စွာ ပေါ်ထွက်လာနိုင်တဲ့ ပုံစံရဲ့ တစိတ်တပိုင်းအနေနဲ့ သုံးသပ်ရမှာပါ။

တကမ္ဘာလုံးမှာ မိုးရွာသွန်းမှု အကြိမ်ရေနဲ့ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေ တိုးများလာပါတယ်။ တချိန်တည်းမှာပဲ ရက်သတ္တပတ်တွေ ဒါမှမဟုတ် လတွေအတွင်း ကောက်ပဲသီးနှံတွေ ပျက်စီးတာနဲ့ တောမီးတွေ၊ ပျက်စီးစေတဲ့ မိုးခေါင်မှု ဒါမှမဟုတ် လျှပ်တပြက် မိုးခေါင်တာတွေလည်း ပိုများလာပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာစိန်ခေါ်မှု၊ ဇီဝမျိုးစုံမျိုးကွဲ အကျပ်အတည်းနဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချဖို့ အလွန်အရေးတကြီး လိုအပ်မှုနဲ့အတူ ဒီမိုးခေါင်မှုတွေနဲ့ မီးလောင်ကျွမ်းမှုတွေဟာ ကမ္ဘာ့အကြီးဆုံး ခြိမ်းခြောက်မှုတွေ ဖြစ်လာပါတယ်။

ယေဘုယျအားဖြင့် ၂၀၂၃ ခုနှစ်မှာ လူသားတွေရဲ့ ရုပ်ကြွင်းလောင်စာအပေါ် ဆက်လက်မှီခိုနေရခြင်းနဲ့ အရေးပေါ်သုံးစွဲဖို့ လိုအပ်နေသေးပေမဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ့် လူသားမျိုးနွယ်ရဲ့ မစွမ်းဆောင်နိုင်မှုရဲ့ အကျိုးဆက်‌တွေကို ပြတ်ပြတ်သားသား သတိပေးထားပါတယ်။

အဲလ်ဘတ်ဗန်ဒိုက်

ဘာသာပြန်သူ - လီလီ

(The conversation ဝက်ဘ်ဆိုက်တွင် ဩစတြေးလျအမျိုးသားတက္ကသိုလ်  ပါမောက္ခ  Albert Van Dijk ရေးသားထားသည့်  “How 2023’s record heat worsened droughts, floods and bushfires around the world” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024