DVB Logo
Home
မြန်မာသတင်း
မကွေးထောင်တွင် ဆေးကုသခွင့်မရသဖြင့်  နိုင်ငံရေးအကျဉ်းသူ ၁ ဦး ကွယ်လွန် 
DVB
·
January 24, 2024
မကွေးထောင်တွင် ဆေးကုသခွင့်မရသဖြင့်  နိုင်ငံရေးအကျဉ်းသူ ၁ ဦး ကွယ်လွန် 
Donate to DVB

စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်တာဝန်ရှိသူတွေက ဆေးကုမပေးဘဲ ညှဉ်းဆဲထားတာကြောင့် မကွေးအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ချခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတယောက်ဟာ ဇန်နဝါရီ ၂၂ ရက်က ကွယ်လွန်သွားပါတယ်။

ဓာတုဗေဒ ဂုဏ်ထူးတန်းကျောင်းသူတယောက်ဖြစ်တဲ့ မကွေးမြို့က မစုမေအောင်ဟာ ၂၀၂၂ ခုနှစ်လောက်က လူမှုကွန်ရက်မှာ PDF ကို ထောက်ခံတဲ့ ပို့စ်တာ၊ ထောက်ပံ့တယ်လို့ စွပ်စွဲခံရလို့ အကြမ်းဖက်ပုဒ်မ ၅၀ ည နဲ့ ထောင် ၁၅ နှစ် ချခံခဲ့ရတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မိသားစုနဲ့ နီးစပ်သူတယောက်က “အဖမ်းမခံရခင်ကတည်းက စုမေမှာ စိတ်ကျန်းမာရေး မကောင်းပါဘူး။ စိတ်ကျန်းမာရေး မကောင်းဖြစ်တာကလည်း ဂုဏ်ထူးတန်းမှာ စာတွေ အရမ်းကြိုးစားခဲ့ပြီး ဖြစ်သွားတာပါ။ ထောင်မချခင်ကတည်းက သူ့ မိသားစုက စုမေအတွက် အသနားခံစာ တင်ခဲ့ကြပါတယ်။ စကစနဲ့ တရားရုံးက အသနားခံစာကို ပယ်ချခဲ့ပြီး ထောင် ၁၅ နှစ် ချခဲ့ကြတယ်။ ထောင်ရောက်တော့ စုမေအောင် အိမ်က ဆေးကုသဖို့ ထပ်ပြီး အသနားခံစာ တင်ပါတယ်။ အဲဒါလည်း ပယ်ချခဲ့ကြပါတယ်။ ထောင်မှာ ဆေးကုသခွင့်လည်း မပေးခဲ့ကြပါဘူး။ ကလေးက ကျန်းကျန်းမာမာနဲ့ ဝလည်းဝတယ်။ စုမေက ချစ်စရာကောင်းတဲ့ကလေးလေးပါ။ ၂၀၂၃၊ ၆ လပိုင်း ၇ လပိုင်းလောက်မှာ အရေပြားရောဂါရယ်၊ အဆုတ်ရေဝိုင်းတာရယ်၊ အသည်းကြီးတာရယ် စ ဖြစ်တယ်” လို့ ပြောပါတယ်။

အဲဒီရောဂါတွေကိုကုဖို့ အသနားခံစာတင်ကြသလို ထောင်ထဲမှာအတူရှိတဲ့ နိုင်ကျဉ်းတွေကလည်း ဝိုင်းပြောပေးကြပေမဲ့ ထောင်အရာရှိတွေက ဆေးကုဖို့ လုံးဝ ခွင့်မပေးတဲ့အပြင် ထောင်မှာလည်း ကုသမပေးခဲ့ကြဘူးလို့ ဆိုပါတယ်။

မိသားစုနဲ့ နီးစပ်သူတယောက်က “ဆိုးတာကတော့ စုမေကို ပြုစုပေးနေကြတဲ့ နိုင်ကျဉ်းတွေနဲ့ အတူတူမထားတော့ဘဲ ၂၀၂၃၊ ၁၀ လပိုင်းလောက်မှာ ထောင်အရာရှိ တပွင့် ဒေါ်ခိုင်ယဉ်မွန်က  တခြားမှု အခန်းထဲကို ကလေးကိုတယောက်တည်း သွားထားကြပါတယ်။ အဲဒီမှာ ကလေးရဲ့စိတ်ကို ညှဉ်းသတ်လိုက်တာနဲ့ အတူတူပါပဲ။ ကလေးက အခြေအနေ ပိုဆိုးသွားပြီး အရိုးပေါ်အရေတင်ဖြစ်သွားပြီး နောက်ဆုံး မလှုပ်နိုင်တော့မှ ထောင်အရာရှိတွေက သူတို့အပြစ်လွတ်အောင် ဆေးရုံပို့လိုက်ကြတာပါ။ ဆေးရုံမရောက်ခင်ကို ကလေးက ၃၊ ၄ ရက် လုံးဝ မလှုပ်နိုင်တော့ပါဘူး။  ဆေးရုံရောက်တော့ ဆရာဝန်တွေ ဆေးစစ်ချက်အရ ကလေးရဲ့ရောဂါတွေက လွန်နေပြီ။ ဘယ်လိုမှ မရတော့ဘူးပြောပါတယ်။ ကလေးကို သေမဲ့အခြေအနေရောက်မှ ပို့ရမလား ဆိုပြီး ပြည်သူ့ဆေးရုံက ဆရာဝန်တွေက တောက်တခေါက်ခေါက်နဲ့ ပြောပြီး မျက်ရည်ကျလောက်အောင် ဖြစ်ခဲ့ရတယ်” လို့ ပြောပါတယ်။

ဆေးရုံရောက်လာချိန်မှာ မစုမေအောင်ရဲ့ အသည်းက လုံးဝပျက်စီးနေသလို အဆုတ်ကလည်း ရေတွေလျှံတာ ဖောက်ထုတ်လို့ မနိုင်ဘဲဖြစ်ခဲ့တယ်လို့ မိသားစုဆီက သိရကြောင်းလည်း ပြောပါတယ်။

အခြေအနေလွန်ကာမှ ထောင်အရာရှိတွေဟာ မစုမေအောင်ကို မကွေး ပြည်သူ့ဆေးရုံကြီးကို ပို့ခဲ့ပြီး ဆေးရုံတက်ပြီး ၃ ရက်မြောက်နေ့ ဇန်နဝါရီ ၂၂ ရက် မနက် ၉ နာရီလောက်မှာ ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက အဲဒီနေ့ မနက် ၁၁ နာရီမှာပဲ မကွေးမြို့၊ ချမ်းမြေ့သာယာသုဿာန်မှာ မစုမေအောင်ရဲ့ အဖေ၊ အမေနဲ့ ညီမတို့ပဲ လိုက်ပါပို့ဆောင်ခွင့်ပေးပြီး သင်္ဂြိုလ်ခိုင်း ခဲ့တယ်လို့ သိရပါတယ်။

မစုမေအောင်ကို ရင်းနှီးသူတယောက်ကလည်း “ကလေးတယောက် မ​သေသင့်ဘဲ သေသွားတော့ နှမြောတယ်ဗျာ။ စိတ်ဓာတ်ပြင်းထန်တဲ့ကလေး။ အထဲမှာတောင် အာဏာရူးတွေကို အသံတိတ်တိုက်သွားတာ။ ကလေးက စာတော်လွန်းတယ်။ နိုင်ငံရေးအကြောင်း သူမသိတာ မရှိဘူး။ စာပေနဲ့ပတ်သက်ရင်လည်း သူမသိတာ မရှိဘူး။  တကယ်တော်တဲ့ ကလေးလေး” လို့ ပြောပါတယ်။

မကွေးထောင်က အရာရှိတွေဟာ အကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းသလို လာဘ်ရမှ ဆေးကုသခွင့်ပေးကြတယ်လို့လည်း ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

နီးစပ်သူတယောက်က “ထောင်မှာက ဆေးရုံရှိတယ်၊ ဆေးမှူးရှိတယ်။ ထောင်အရာရှိတွေနဲ့ ဝန်ထမ်းတွေကို ငွေပေး လာဘ်ထိုး ပေးနိုင်ကျွေးနိုင်မှ  လုပ်ပေးကြ ပါတယ်။ မစုမေအောင်ရဲ့ မိသားစုက ဝန်ထမ်းတွေ၊ အဆင်မပြေတဲ့မိသားစု။ ကိုယ်ထိလက်ရောက်ရော စိတ်စစ်ဆင်ရေးတွေနဲ့ရော နှိပ်စက်ခံကြရတာပါ။ ထောင်ထဲကို အကျဉ်းသားအသစ် ဝင်လာပြီဆိုရင်  အမျိုးသမီးဆောင် ထောင်ဦးစီးမှူး ၃ ပွင့် ဒေါ်သီတာခင်က  အကျဉ်းသူအသစ်ကို ပုံစံပေးတယ်ဆိုပြီး တယောက်ချင်းစီခေါ်၊ ပုံစံမကျလို့ဆိုပြီး ပါးတွေနားတွေရိုက်၊ ဆံပင်မွှေးဆောင့်ဆွဲ၊ ဆောင့်ကန်တာတွေ လုပ်တယ်။ ထောင်ထဲမှာ တရုတ် ပါရာစီတမောလေးတလုံး တောင်းဖို့ ရဖို့ကို ပါးရိုက်ခံ အဆူဆဲခံပြီးမှ ရတာပါ။ ကလေးမိခင်တွေလည်း သွေးနုသားနုနဲ့ ၅ ရက် တပတ်ရှိရင် အလုပ်တွေအခိုင်းခံရတယ်” လို့ ပြောပါတယ်။

ထောင်အရာရှိတွေဟာ နိုင်ငံရေးအကျဉ်းသားအချင်းချင်းကို သွေးခွဲရန်တိုက်ပြီး သူတို့ အုပ်ချုပ်ရလွယ်အောင်လုပ်ထားသေးတယ်လို့လည်း ဆိုပါတယ်။

“သူတို့ အဓိကရည်ရွယ်ချက်က နိုင်ငံရေးသမားတွေ စည်းလုံးမှုမရှိလေ သူတို့အတွက် ကောင်းလေပဲ။ တချို့ နိုင်ငံရေးအမှုနဲ့သာ ရောက်တာ။ စိတ်ဓာတ်တွေက ရွံစရာကောင်းတယ်။ ထောင်ထဲရောက်တာတောင် နေရာလိုချင် အာဏာလိုချင်တဲ့သူက ရှိသေးတယ်။ အာဏာရှင်မကြိုက်လို့ စနစ်မကြိုက်လို့ တိုက်ခဲ့ပါတယ်ဆို ထောင်ထဲရောက်မှ အာဏာရှင်အလိုကျ ဖားယားပြီး အထက်ဖား အောက်ဖိ သူတို့ကိုယ်တိုင် လုပ်နေကြတာ၊ တချို့ တော်တော်ရွံတယ်” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နဲ့  ၃၀ ရက်တို့ကလည်း အင်းစိန်နဲ့ ပုသိမ်ထောင်တို့မှာ ချုပ်နှောင်ခံထားရတဲ့ အသက် ၂၃ နှစ်အရွယ် မိန်းကလေးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂ ယောက်ဟာ ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မရတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013