
ချုပ်နှောင်ထားမှ
ထောင်ထဲကျ
ဒါက အကျဉ်းထောင်။
မလွတ်လပ်ကြ
ပြည်လုံးပ
ဒါက အကျယ်ထောင်။
မြန်မာ့လူ့ဘောင်
အကျယ်ထောင်သည်
ဟန်ဆောင် လွတ်လပ်ရေးနေ့
ကျင်းပနေသေးပါတကား။ ။
ခရစ်နှစ်ရဲ့ ဇန်နဝါရီလ ၄ ရက်နေ့ မနက်စောစောမှာ သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့လို့ အထိမ်းအမှတ်နေ့ အနေနဲ့ ကျမတို့တတွေ အတူတကွ ပျော်ပျော်ရွှင်ရွှင် ဆင်ယင်နွှဲခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီလ ၁ ရက် မနက်မိုးမလင်းခင်မှာ ကျမတို့တတွေဟာ စစ်ကျွန်ဘဝကို သိသိသာသာ ပိုင်စိုးပိုင်နင်း ပြန်လည်အနိုင်ကျင့် သွတ်သွင်းခံခဲ့ရပြန်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော် အနိုင်ကျင့် ခြယ်လှယ်ခံခဲ့ရတာကို မခံနိုင်တဲ့အဆုံး မျက်စိပွင့် နားပွင့် ပြည်သူတွေဟာ ထက်မြက်ရဲရင့်တဲ့ လူငယ်မျိုးဆက်တွေနဲ့အတူ စစ်အာဏာရှင်ကို ပြည့်သူ့ဆန္ဒ စနစ်တကျ ထုတ်ဖော်ရာခဲ့မှတဆင့် ရရာလက်နက်စွဲကိုင် တော်လှန်ခဲ့ကြပါတယ်။ ၂၀၂၄ ဇန်ဝါရီလ ၄ ရက်နေ့ ဒီကနေ့အထိ ပြည်သူ့ရင်သွေး GZ လေးတွေဟာ တိုးတိတ်စွာ ဘဝပေးဆဲ၊ အသက်စတေးဆဲ၊ အနာဂတ်တွေ ရွေးနေဆဲ ဖြစ်ပါတယ်။
တို့နိုင်ငံအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ကြားဖူးနေကျစကားအတိုင်းဆိုရင် တာဝန်သိသူမှာ တာဝန်ရှိတယ် ဆိုသလို တာဝန်တွေလည်း ပိနေကြပါတယ်။ တာဝန်သိလူငယ်တွေဟာ အသက်တွေ ပေးကြဆဲပါပဲ။ တပါးသူနိုင်ငံနယ်စပ်မှာ နှစ်သစ်ကူးလို့ ပျော်ရွှင် စားသောက်နေကြချိန် သူတို့ ပိုင်ခွင့်အတွက် နားလည်ပေးရမယ်ဆိုတဲ့စိတ်နဲ့ မနာလိုမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး အိပ်မောကျသွားခဲ့မိပါတယ်။ မီးရှူး၊မီးပန်းသံများကြောင့် လန့်နိုးလာတဲ့အခါ မျက်စိဖွင့်မရခဲ့ပေမဲ့ ဗုံးသံ မဟုတ်မှန်း သိနေခဲ့ပေမဲ့ ထိတ်လန့်နေခဲ့ကြရပါတယ်။ တို့နိုင်ငံမှာ တို့လူမျိုးတွေ အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ဗုံးကြဲတာကို ခံကြရလို့ ပြေးလွှား ပုန်းရှောင်နေကြရတယ်ဆိုတဲ့ အသိနဲ့ မျက်စိစုံမှိတ် စိတ်ထဲထပြေး အတော်လေးကို ခံစားရခက်ခဲ့ပါတယ်။ မီးရှူး မီးပန်းနဲ့ ဗြောက်အိုး အသံတွေ အမြန်ဆုံး တိတ်ဆိတ်သွားစေဖို့ကို အလွန်အင်မတန် တောင့်တခဲ့ရပါတယ်။ ထိတ်လန့်ဖွယ် နှစ်သစ်ကူး အိပ်မက်ဆိုးကြီး တခုပါပဲ။ ကျမလို ခံစားနေရသူ ဘယ်လောက်တောင်မှ များပြားနေခဲ့မည်လဲ။ ကျမတို့အားလုံး အိပ်မက်ဆိုးကြီးကနေ အမြန်ဆုံး လွတ်မြောက် နိုးထနိုင်ကြပါစေသား။
ပန်းကိုင်သူများ
ဖမ်းစေသား
တရားမဲ့လျှက်၊
တိုင်းပြည်ပျက်သတည်း။ ။
တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် နေကြရင် ဖမ်းသတဲ့။ သတင်းထောက်အလုပ် လုပ်ရင် ဖမ်းသတဲ့။ ကူညီကယ်ဆယ်ရေး ပရဟိတလုပ်ရင် ဖမ်းသတဲ့။ အတိုင်းတိုင်း အပြည်ပြည်က ကြားလို့မှဖြင့် မသင့်တော်လောက်အောင်ပါပဲရှင်။ ယုတ်စွအဆုံး ပန်းကိုင်ရင်တောင် ပန်းပန်ရင်တောင် ပန်းရောင်းရင်တောင်မှ အဖမ်းခံသွားရနိုင်တဲ့ နိုင်ငံမှာ ဘယ်လိုဘယ်ပုံ အရှက်ကင်းမဲ့တဲ့ မျက်နှာတွေနဲ့များ လွတ်လပ်ရေးနေ့ ကျင်းပချင် နေကြသေးတာလဲလို့ ဆင့်ကာ ဆင့်ကာ အော်ပြောလိုက်ချင်ပါတော့တယ်။ အမှန်တကယ် မလွတ်လပ်သရွေ့ လွတ်လပ်ရေးကို မမေ့ကြဖို့ တကယ့်ကို လိုပါတယ်။ ပြည်သူကို ရန်သူမှတ်နေတဲ့ သူတွေဆီကက ဘယ်လို တန်းတူညီမျှမှုကို တောင်းဆိုချင်ကြပါသေးသလဲ။ ရန်သူကို မရှာနိုင်ရင် ပြည်သူကို ဗုံးကြဲရဲတဲ့ အပစ်ရပ်စာချုပ်ရေးတဲ့သူတွေဆီက ဘယ်လို အာမခံချက်တွေ လိုချင်နေကြသေးတာလဲ။ ပြောင်းရုန်းဖို့ ဆိုရင်တော့ ခေါင်းသုံးဖို့တော့ လိုနေပါပြီ။ ခုထိ ဘယ်ဘက်ရပ်ရမှန်း မသိသေးရင်တော့ သင် စစ်မြေပြင်မှာ ရပ်နေရတာတော့ သေချာနေပါပြီ။ အပြုတ်တိုက်ကြမယ့် အင်အားကြီးသူတွေဟာလည်း ယောက်ဖကို အိမ်ကြက်စွပ်ပြုတ်တိုက်နေမိပြီလား စဉ်းစားရင် အချိန်မီနိုင်ပါသေးတယ်။ ဆိုရှယ်မီဒီယာခေတ်မှာ လုပ်ချင်ရာလုပ်ဖို့ဆိုရင် ခုလုပ် ခုသိ ကမ္ဘာဟာ ရွာငယ်ကလေးပမာ ဖြစ်ခဲ့ပြီဆိုတာ နားလည် သဘောပေါက်ဖို့ လိုနေပါပြီ။
အောင်မြင်မှုနား နီးကပ်လာတဲ့ အနေအထားမှာ အောင်မြင်မှုတခုရတိုင်း လူမသိ သူမသိ အသက်ပေးလိုက်ကြရတဲ့အကြောင်းကို ခံစားနားလည်ပေးကြပါ။ အားကြီးသူတွေ တာဝန်မဲ့ကြတဲ့အခါ အားနည်းသူ အနာဂတ်မျိုးဆက်သစ်များစွာ စတေးနေကြရပါတယ်။ သဲတပွင့်ပဲဖြစ်စေ နိုင်ရာထမ်းလို့ လိပ်ပြာလုံဖို့ အတိတ်မှာ ကြုံခဲ့ရတာလေးတွေကိုတော့ သတိရပေးပါ။ တိုင်းပြည်ရဲ့ အမှန်တကယ် လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့ရတာတွေ ဘယ်လောက်တောင် များခဲ့ပြီလဲ။ အသက်ပေးခဲ့ကြတာ မြင်ရင် ခဏပြေးရတာလောက်ကို မညည်းညူကြပါနဲ့။ တစ်လ ပြေးရတာကို စိတ်ညစ်ရင် ၃ နှစ် ပြေးရသူတွေနဲ့ နှစ်ပေါင်း ၇၀ ပြေးနေခဲ့ရသူများကို စာနာပါ။ နှစ်ပေါင်း ၇၀ ပြေးနေခဲ့ရတာကိုတောင် အမောင် တောင်မှန်း မြောက်မှန်း မသိသေးရင်တော့ သူ့ထိုက်နဲ့ သူ့ကံ ခံပါစေတော့လေလို့သာ ဖြေသိမ့်လိုက်ပါရစေ။
အမှောင်ဆုံးအချိန်ဟာ ရောင်နီလာတော့မယ့်အချိန်ပါပဲ။ ဒီအချိန်မှာ ကျမတို့အားလုံးရဲ့ တွဲလက်တွေ မြဲနေကြဖို့ လိုနေပါတယ်။ အံကိုကြိတ်လို့ ကျောချင်းကပ်ထားကြဖို့ လိုပါတယ်။ ဆိုခဲစေ မြဲစေဆိုသကဲ့သို့ ခံယူချက်တို့ ခိုင်မာနေပါစေ။ ဘုံရန်သူ မပျောက်ဖို့ ရောက်ရာက ကြိုးစားကြရပါမယ်။ ရန်သူပျော်ဖို့ ငယ်ကျိုးငယ်နာတွေပဲ ထုတ်လုပ်နေမယ်ဆိုရင် တတိယအုပ်စုအဖြစ်ကို ရောက်ချင်းမလှရောက်လို့ သမိုင်းမလှ ဖြစ်ရပါလိမ့်မယ်။ ကိုယ့်သမိုင်းဟာ ကိုယ့်မျိုးဆက်သမိုင်းဖြစ်မယ်ဆိုတာ မမေ့ပါနဲ့။
ကိုယ်မရှိတဲ့နောက် ကိုယ့်မျိုးဆက်တို့ မော်ကြွားနိုင်ဖို့ သင် အရွေးမမှားဖို့လိုနေပါပြီ။ မှန်ကန်စွာ ရပ်တည်နိုင်ကြပါစေကြောင်းလည်း ဆုတောင်းပေးလိုက်ပါတယ်။ အမှန်တကယ် လွတ်လပ်တဲ့နေ့ လွတ်လပ်ရေးနေ့ကို အနှစ်သာရ ပြည့်ဝစွာ အားလုံးကျင်းပ ဆင်နွှဲကြပါစို့။
မြန်မာပြည် အမှန်တကယ် လွတ်လပ်တဲ့တနေ့ ညင်သာစွာသာ အောင်ပွဲခံလိုက်ချင်ပါရဲ့။
အာဇာနည်တွေ အောက်မေ့ရင်း ဖြည်းညှင်းစွာ သက်ပြင်း မှုတ်ထုတ်ပစ်မယ်။
မင်းတို့ အသက်တွေနှင့် ရင်းခဲ့တဲ့ တိုင်းပြည်ကို
တယုတယ ပြုစုလို့ ပျိုးထောင်ကြဖို့
မဆုံးနိုင်တဲ့ ပုံပြင်တွေ
ယုံတမ်းအဖြစ်ရှိစေတော့
အို
သွေးနှင့် ရေးတဲ့ တိုင်းပြည်။
မလွတ်လပ်သေးပဲ လွတ်လပ်ရေးနေ့ ကျင်းပနေကြတဲ့ ကမောက်ကမ တိုင်းပြည်ကြီးပါလား။ ။