DVB Logo
Home
မြန်မာသတင်း
မဟာသင်္ကြန်ကို ယူနက်စကို အသိမှတ်ပြုခံရရေး  မြန်မာလည်း လျှောက်ထားနိုင်
DVB
·
December 14, 2023
မဟာသင်္ကြန်ကို ယူနက်စကို အသိမှတ်ပြုခံရရေး  မြန်မာလည်း လျှောက်ထားနိုင်
Donate to DVB

မြန်မာ့နှစ်သစ်ကူ မဟာသင်္ကြန်ကို ယူနက်စကိုအသိမှတ်ပြု ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ မြန်မာနိုင်ငံကလည်း လျှောက်ထားနိုင်တယ်လို့ ရှေးဟောင်းအမွေနှစ် ထိန်းသိမ်းရေးပညာရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာသင်္ကြန်ပွဲတော်နဲ့ ဆင်တူတဲ့ ထိုင်းနိုင်ငံရဲ့ ဆုန်ခရမ်ပွဲတော်ကို ဒြပ်မဲ့ယဥ်ကျေးမှုအမွေနှစ်အဖြစ်ယူနက်စကိုက အသိမှတ်ပြုခဲ့တာဖြစ်ပြီး မြန်မာ့သင်္ကြန်ကိုလည်း အလားတူ လျှောက်ထားနိုင်တယ်လို့ ယူနက်စကိုမှာ နိုင်ငံတကာ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရှေးဟောင်းအမွေနှစ်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။

“ထိုင်းကလည်း ထိုင်းရဲ့ သင်္ကြန်ကိုတင်သလို မြန်မာကလည်း မြန်မာသင်္ကြန်ကိုတင်လို့ရပါတယ်။ အဲ့လိုတင်ပြီးတဲ့အခါကျရင် မြန်မာသင်္ကြန်လည်း လူပိုပြီးတော့ သိလာမယ်။ မြန်မာသင်္ကြန်ရဲ့ ထူးခြားထင်ရှားတဲ့အချက်အလက်တွေကိုလည်း တခြားပတ်ဝန်းကျင်နိုင်ငံတွေကရော ကမ္ဘာကပါ ပိုပြီးနားလည်လာမှာပါ။ ဆိုတော့အခု တချို့တွေကလည်း ပြောနေကြတာရှိတာပေါ့၊ ထိုင်းက သင်္ကြန်ကို တင်လိုက်တဲ့အတွက်ကြောင့်မို့ သူတို့က အရင်မောင်ပိုင်စီးလိုက်သလိုမျိုး မဟုတ်ပါဘူး။ အဲ့အတွက်ကို စိတ်မပူပါနဲ့၊ နိုင်ငံတိုင်းလူမျိုးတိုင်းက ကိုယ့်ရဲ့ ရိုးရာ ဒြပ်မဲ့ယဥ်ကျေးမှုတွေကို တင်ခွင့်ရှိပါတယ်၊ ဒီဟာတွေကလည်း တကယ့်ကို ထူးခြားထင်ရှားတဲ့အချက်တွေပဲဆိုရင် ယူနက်စကိုအဖွဲ့ကြီးကလည်း အမွေအနှစ်စာရင်းထဲမှာ ထည့်ပေးမှာပါ”လို့ ပြောပါတယ်။

သင်္ကြန်ပွဲတော်အစဥ်လာက အိန္ဒိယနိုင်ငံကနေစတင်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာအပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေကို ပျံ့နှံ့ရောက်ရှိသွားတာဖြစ်ပေမဲ့ မြန်မာတို့ရဲ့ မဟာသင်္ကြန်ပွဲတော်ကျင်းပပုံကတော့ တခြားနိုင်ငံတွေထက် ပိုပြီးတော့ စနစ်တကျရှိသလို ရိုးရာအစဥ်လာတွေကို ထိန်းသိမ်းတာက ပိုများတယ်လို့ ရှေးဟောင်းအမွေနှစ်ပညာရှင်က နှိုင်းယှဥ်သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံ မြန်မာလူမျိုးတွေ ဟိုးအရင်ကတည်းက အတာသင်္ကြန်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေလည်းရှိတယ်။ ပြီးရင် သင်္ကြန်မိုးဆိုတဲ့ ရုပ်ရှင်ကားဆိုရင်လည်း ဘယ်လောက်တောင် ကောင်းလဲ၊ ဘယ်အချိန်ပြန်ကြည့်ကြည့် သင်္ကြန်ရဲ့အငွေ့သက်တွေကိုလည်း အရမ်းကို အနှစ်သာရနဲ့ပြည့်စုံတဲ့ မြန်မာရုပ်ရှင်ကားတစ်ကားဖြစ်တယ်။ ရုပ်ရှင်သမိုင်းမှာလည်း သင်္ကြန်ရောက်တိုင်းပြသနေတယ်။ တစ်ခုရှိတာက အခုအခြေနေမှာတော့ သင်္ကြန်နဲ့ပတ်သက်တဲ့ အငွေ့အသက်တွေကို ပြန်ပြီးတော့ လက်ခံရရှိဖို့ကတော့ မှေးမှိန်နေတယ်လို့ ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးရဲ့ ရင်ထဲမှာ စိုးရိမ်သောကတွေရယ်၊ စိတ်မကောင်းဖြစ်တာတွေရယ်၊ ပျော်ရွှင်ဖို့ဆိုတာထက် လုံလုံခြုံခြုံနဲ့ ဘေးကင်းဖို့ဆိုတာ တော်တော်လေးကို ဆိုးရွားနေပါတယ်။ အခုဆိုရင် ညီမတို့ ရခိုင်ပြည်မှာဆိုရင်လည်း ပိုပြီးတော့ တနေရာထဲမှာပဲ အဖွဲ့အစည်း နှစ်ခုလုံးကထိပ်တိုက် ရှိနေကြတယ်၊ ဘယ်အချိန်မှာ ထ ဖြစ်မယ်ဆိုတာကို မသိနိုင်ဘူးပေါ့နော်။ ဒီလိုအခက်အခဲတွေနဲ့မှ သင်္ကြန်ဆိုတဲ့ ပျော်ပွဲရွှင်ပွဲကို မသိနိုင်ဘူးဖြစ်နေတယ်။”

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ရိုးရာသင်္ကြန်မှာ ပြည်သူအများစုက ပါဝင် မဆင်နွှဲဘဲနေခဲ့တာကြောင့် အရင်က သင်္ကြန်ရေပက်ခံကားတွေနဲ့ စည်းကားခဲ့တဲ့ ရန်ကုန်မြို့ပြလမ်းတွေက တိတ်ဆိတ်ခြောက်ကပ် သွားခဲ့ပါတယ်။

မြန်မာသင်္ကြန်ပွဲတော်ကို ကျင်းပကြရာမှာ ဗမာအပါအဝင် တခြားတိုင်းရင်းသား မျိုးနွယ်စုတွေအလိုက် မဟာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲကြတဲ့ ဓလေ့တွေက ကိုယ်ပိုင်ပုံစံနဲ့ သီးခြားစီ မတူကွဲပြားခြားနားစွာ ရှိနေတာကလည်း ယူနက်စကိုအသိမှတ်ပြုနိုင်တဲ့ အခြေနေမှာရှိတယ်လို့ ရှေးဟောင်းအမွေနှစ် ထိန်းသိမ်းရေးပညာရှင်က သုံးသပ်ပါတယ်။

“ကျမတို့နိုင်ငံရဲ့ အားသာချက်က နေရာအနှံ့မှာ လူမျိုးစုတွေ အများကြီးနေတယ်။ အဲ့တော့ လူမျိုးစု အလိုက်သော်လည်းကောင်း၊ နေရာဒေသအလိုက်သော်လည်းကောင်း၊ သူ့နေရာမှာ သူ့ဒေသအလိုက် ကျင်းပတဲ့ သင်္ကြန်ပုံစံမျိုးလေးတွေ အမျိုးမျိုးရှိတယ်၊ သင်္ကြန်ပွဲမှာ စားတဲ့ အစားအစာရှိတယ်။ အဲ့လိုမျိုးတွေဆိုတော့ အဲ့ဒါတွေက အကုန်လုံးထည့်ပြီးတော့ လျှောက်ထားသင့်တာပေါ့၊ ရခိုင်မှာဆိုရင် နံ့သာယိမ်းလိုပွဲတွေ၊ လှေလှော်ယိမ်းလိုပွဲတွေလည်း သင်္ကြန်အချိန်မှာ လုပ်တာဆိုတော့ အင်မတန်မှ မြတ်နိုးစရာကောင်းတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေနှစ် အလေ့ကျင့်ပဲ။ အဲ့ဒါမျိုးတွေကအစပေါ့လေ၊ ဟိုးမြောက်ဘက်ကနေ တောင်ပိုင်းအထိ အနောက်တောင်မြောက်၊ လေးပြင်လေးရပ်လုံးက မြန်မာနိုင်ငံသင်္ကြန်ပွဲတင်ပြပုံလေးတွေ၊ ဒါလေးတွေကို တင်ပြပေးမယ်ဆိုရင်တော့ ယူနက်စကိုအဖွဲ့အနေနဲ့လည်း ဘာမှ အငြင်းပွားစရာမလိုဘူးလို့ ထင်ပါတယ်။”

ထိုင်းနိုင်ငံက ဆုန်ခရမ် နှစ်သစ်ကူးပွဲတော်ကို ယူနက်စကို အသိမှတ်ပြုအောင် အခုနှစ်ဆန်းပိုင်းက လျှောက်ထားခဲ့ပြီး တစ်နှစ်အတွင်းမှာပဲ ဒြပ်မဲ့ယဥ်ကျေးမှုအမွေနှစ်အဖြစ် ယူနက်စကိုအဖွဲ့ကြီးက  အသိမှတ်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာတွေကလည်း မဟာသင်္ကြန်ပွဲတော်ကို ယူနက်စကိုအသိမှတ်ပြုခံရဖို့ ဆန္ဒရှိကြပါတယ်။ ဒါ့အပြင် တခြားမြန်မာရိုးရာ ဓလေ့နဲ့ အမွေနှစ်တွေဖြစ်တဲ့ ချိတ်လုံချည်၊ သနပ်ခါးနဲ့ လက်ဖက်သုတ်လို စားစရာတွေကိုလည်း  ဒြပ်မဲ့ယဥ်ကျေးမှုအမွေနှစ်အဖြစ် လျှောက်ထား နိုင်တယ်လို့ ရှေးဟောင်းအမွေနှစ်ထိန်းသိမ်းရေး ပညာရှင်ထံက သိရပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013