Home
မြန်မာသတင်း
မြောက်ဦးတွင် စစ်တပ်က ပစ်ခတ်ဖမ်းဆီးနေ၊ ရခိုင်စစ်ဘေးရှောင် နေအိမ်များ ဖောက်ထွင်းခံရ
DVB
·
December 5, 2023

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ထွေအုပ်အရာရှိ ၄ ဦးကို ရက္ခိုင့်တပ်တော်(အေအေ) ဖမ်းဆီးပြီးနောက် မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ သေနတ်တွေနဲ့ အဆက်မပြတ် ပစ်ဖောက်နေပြီး မြို့ခံတွေကို ဖမ်းဆီးတာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်က သစ်စက်လုပ်ငန်းရှင် တယောက်ကို ဒီဇင်ဘာ ၄ ရက် ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီ တပ် ခမရ ၃၇၇ က လာရောက်ဖမ်းဆီးသွားတာလို့ မြောက်ဦးမြို့ ဒေသခံတယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သစ်စက်ပိုင်ရှင်ကတော့ အသက် ၆၀ အရွယ် ဦးအောင်ကျော်မြ ဖြစ်ပြီး သူ့ကို ခမရ ၃၇၇ တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အဲဒီတပ်ရင်းက စစ်ကောင်စီတပ်သား ၅၀ လောက်ဟာ မွန်းတည့် ၁၂ နာရီလောက်ကတည်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ မြို့ပေါ်ရပ်ကွက်တချို့ကို ဝင်ရောက်မွှေနှောက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒေသခံတဦးက “မနေ့က ခရိုင်ထွေအုပ်အရာရှိ ၄ ဦးကို အေအေက ဖမ်းဆီးသွားတယ်။ ဒီနေ့မှာ ဗန္ဓုလရပ်ကွက်က စံကားတောင်ပေါ်က စစ်ကောင်စီအင်အား ၅၀ ကျော်က သေနတ်တွေပစ် တောင်အောက်ဆင်းလာကြတာ။ ဇိနမာရ်အောင်သိမ်‌အနီးက အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးသွားတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အောင်မင်္ဂလာရပ်ကွက်က ဘုန်းကြီးကျောင်းရှေ့ တောင်ပေါ်မှာ ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ စစ်သား ၅၀ လောက်က သေနတ်အချက် ၂၀ ကျော် ပစ်ဖောက်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြောက်ဦးမြို့‌ပေါ်က ဗန္ဓုလတံတားထိပ် စံကားတောင်ပေါ်မှာ တပ်စွဲနေရာယူထားတဲ့ စစ်တပ်က သေနတ်အချက် ၃၀ ခန့် ပစ်ဖောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်တပ်က ဒေသခံ အယောက် ၇၀ ထက်မနည်း အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လတ်တလော အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဇိနမာရ်အောင် ဘုရားသိမ်‌တော်မှာ တဖွဲ့၊ ဘုရားရှေ့ ပန်းထိမ်တောင်မှာ တဖွဲ့ နေရာယူထားကြတဲ့အတွက် ညအချိန် ဘယ်လိုဖြစ်မယ်ဆိုတာကို မြောက်ဦးမြို့ခံတွေ စိုးရိမ်နေကြပါတယ်။

မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ၁ ဦး၊ ဦးစီးအရာရှိ ၁ ဦးနဲ့ ဒုဦးစီး ၂ ဦးကို ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီ​ကျော်မှာ ရက္ခိုင့်တပ်တော် (အေအေ) ဘက်က ဖမ်းဆီးသွားပြီးနောက် မြောက်ဦးမြို့ပေါ်မှာ စစ်ကောင်စီက အင်အားအပြည့်နဲ့ နေရာယူထားကြတာပါ။

မြောက်ဦးခရိုင် ရှေးဟောင်းသုတေသနဦးစီးဌာန လက်အောက်ရှိ ကမ္ဘာ့အမွေအနှစ် စီမံခန့်ခွဲရေးဌာနပိုင် ယာဉ်တွေ၊ ခရိုင်ဖွံ့ဖြိုးရေးအတွက် အသုံးပြုနေတဲ့ ယာဉ်တွေ၊ ကျေးလက်ဦးစီးဌာနပိုင် ယာဉ်နဲ့ သာသနာရေးဦးစီးဌာနပိုင် ယာဉ်တွေကို အေအေက လက်နက်ငယ်တွေနဲ့ ခြိမ်းခြောက်ရယူသွားပြီး သုံးစွဲနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၃ ရက်  ပြောပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်မှာတော့ တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်ဆို့ခံထားရလို့   ရခိုင်ပြည်သူတွေ အငတ်ဘေးနဲ့ ကြုံတွေ့ရနိုင်​ပြီး  စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တချို့လည်း ဖောက်ထွင်းခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်တောမြို့မှ စစ်ဘေးရှောင်တဦးက “အခုဖြစ်နေကြတဲ့ တိုက်ပွဲတွေက ဘယ်နေ့မှာ ပြီးဆုံးမလဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ အဲဒါကြောင့် ပြည်သူတွေ စားဝတ်နေရေး အလွန်ခက်ခဲလာကြမှာ ဖြစ်တယ်။ ငတ်ပြီးသေဆုံးသွားနိုင်တယ်။ မသေရင်လည်း မလှဆိုတဲ့သဘောကို ရောက်သွားနိုင်တယ်။ ထမင်းစားနိုင်ဖို့ ဆန်ဝယ်ဖို့ ပိုက်ဆံမရှိရင် ဘယ်လိုဝယ်ကြမလဲ။ အလုပ်အကိုင်ဆိုတာ ရခိုင်မှာ ဘာမှမရှိတော့ဘူး။ ရွှေရှိရင်တောင် ငွေရှာမရတော့ဘူး။ ငွေရှားပါးသွားတော့ ရွှေကိုလည်း ဝယ်မယ့်သူမရှိတော့ဘူး။ လည်ပတ်မှုမရှိတော့ဘူး။ နောက်အနာဂတ်မှာ အစာရေစာငတ်ပြီး သေဆုံးမှုတွေ ဖြစ်လာနိုင်တယ်။ စစ်ပွဲတွေကလည်း ဘယ်နေ့အထိ အဆုံးသတ်ကြမလဲ မသိနိုင်ကြဘူး။ လက်ရှိမှာလည်း ရခိုင်ပြည်အနှံ့မှာ ခိုးဆိုးလုယက်မှုတွေ ဖြစ်လာနေတယ်။ လူသတ်မှုတွေအထိ ဖြစ်လာနိုင်တယ်။ လမ်းမှာသွားနေတဲ့ အမျိုးသမီးတွေ နားကပ်တွေတောင် နားကိုလှီးဖြတ် တိုက်ယူလာနိုင်တဲ့အဆင့်အထိ ဖြစ်လာနိုင်တယ်။ တာရှည်အနေနဲ့ လုံးဝမလွယ်လောက်ဘူး” လို့ ပြောပါတယ်။

ပေါက်တောမြို့နယ်ရှိ နန်းတက်ကျွန်းရွာနဲ့ စိုင်းတုတ်ရွာတွေကို ဒီဇင်ဘာ ၁ ရက် နေ့လယ် ၁၂ နာရီကျော်မှာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ၄ လုံးထက်မနည်း ပျက်စီးသွားခဲ့ကြောင်း ပေါက်တောဒေသခံတွေထံက သိရပါတယ်။

လေကြောင်းတိုက်ခတ်မှုကြောင့် ပေါက်တောမြို့ပေါ်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ တောင်းဖူး၊ တောင်ညို၊ သဝင်ချောင်း၊ မင်းဘာ၊ ကြိမ်ခွေမော်၊ ကျောက်ဆိပ်၊ နတ်တောင်ပြင်၊ ဒါးကိုင်၊ သရွဲ၊ နတ်တောင်ပြင်၊ ငခူရှည်၊ မော်ထောင်ကြီး၊ ကျော်ရှင်ရွာတွေက စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီ ထွက်ပြေးခဲ့ရပါသေးတယ်။

ရသေ့တောင်မြို့နယ် ဒုံးပိုက်စခန်း နဲ့ ချိန်ခါလီစခန်း နှစ်ခုကို နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ အေအေက သိမ်းပိုက်ခဲ့ကြပြီး အဲဒီနေ့မှာပဲ မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်စခန်းကိုလည်း တိုက်ခိုက်ခဲ့သလို သင်္ဘောလှစခန်းက နယ်ခြားစောင့်တပ်တွေ တောင်ပြိုလက်ဝဲကို နောက်ဆုတ်စဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ တိုက်ပွဲတွေပြန်စပြီးနောက်  စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးရှိ မြို့ကြီး မြို့ငယ်၊ ကျေးလက်ပါမကျန် ကုန်းလမ်း၊ ရေလမ်းတွေ ဒီနေ့အထိ အကန့်အသတ်မဲ့ ပိတ်ထားဆဲ ဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ထားတာကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ စတဲ့ အခြေခံစားသောက်ကုန်တွေအပြင် လောင်စာဆီတွေပါ စျေးနှုန်း ၃ ဆနီးပါး မြင့်တက်သွားခဲ့ပြီး ရှာမရတဲ့ အနေအထားအထိ ရောက်ရှိလာနေတာပါ။

စစ်ကောင်စီ ရေတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် တစျေးလုံး မီးလောင်ကျွမ်းသွားခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှ စျေးသည်တဦးက “ရပ်ကွက်တွေကိုပစ်တယ်၊ ကျေးရွာတွေကိုပစ်တယ်၊ တောင်ပေါ် စစ်စခန်းတွေကပစ်တာ။ နေဗီကပစ်တဲ့  အမြောက်ဆန်တလုံးကတော့ မြို့ပေါ်မှာကျတာရှိတယ်။ ပုဏ္ဏားကျွန်းမြို့တခုလုံး လူမရှိကြတော့ဘူးလေ။ လူအစောင့်မရှိတဲ့ နေအိမ်တွေကို သူခိုးတွေလာခိုးတာတွေ ရှိနေတယ်။ အိမ်တွေ ဖောက်ထွင်းခံနေရတယ်။ အားလုံးတော့မဟုတ်ဘူး။ စျေးဆိုင်အိမ်တွေ အဓိက ဖောက်ခံနေရတယ်။ နေ့တိုင်းပစ်နေတာလေ၊ လက်နက်ကြီးလည်းပစ်တယ်၊ လက်နက်ငယ်လည်းပစ်တယ်၊ မြို့ထဲကိုလည်း နေ့စဥ်ပစ်နေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က စစ်ကောင်စီရေတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးမှာ မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး စျေးဆိုင်ခန်း ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့မှုကြောင့် ရဲရိုးပြင်ရွာနဲ့ ခမောင်းတောရွာမှာ နေအိမ် ၂၀၀ နီးပါး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်မှာ တကျော့ပြန်စစ်ပွဲကြောင့် စစ်ရှောင်လူဦးရေ ၂ သိန်းနီးပါးအထိ ထပ်တိုးလာကြောင်း အရပ်ဘက် အဖွဲ့အစည်းတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024