DVB Logo
Home
မြန်မာသတင်း
ကသာစစ်ရှောင်များအတွက် အသုံးအဆောင်နှင့် ရိက္ခာများ ကြိုတင်စုဆောင်းထား
DVB
·
November 17, 2023
ကသာစစ်ရှောင်များအတွက် အသုံးအဆောင်နှင့် ရိက္ခာများ ကြိုတင်စုဆောင်းထား
Donate to DVB

စစ်ကိုင်း-ကချင်နယ်စပ်မှာ ကောလင်းမြို့သိမ်းတာနဲ့ ထီးချိုင့်မြို့တိုက်ပွဲတွေကြောင့် ကသာမြို့ပေါ်က  မိသားစု ၄၅၀ ဝန်းကျင် ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေဘက်ကို ရက်ပိုင်းအတွင်း ရွှေ့ပြောင်းနေကြတယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယက ဦးကျော်စွာဝင်းက ပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ အမိုးအကာ၊ အဝတ်အထည်တွေကို ပြင်ဆင်ပေးနေပြီး ရိက္ခာတွေကိုလည်း အရင်ကတည်းက ကြိုတင်ဝယ်ယူစုဆောင်းထားတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်အထိ ကသာမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ပြည်သူ ၁၂၀ အထိရှိခဲ့ပြီး ကျေးရွာပေါင်း ၄၇ ရွာအထိ မီးရှို့ခံထားရပါတယ်။

ကသာမြို့နယ်ပအဖ နာယက ဦးကျော်စွာဝင်းက “ဒီရက်ပိုင်းအတွင်း ကောလင်းမြို့သိမ်းတိုက်ပွဲ၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲတို့ရဲ့ ဂယက်ကြောင့် ကသာမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို စစ်ဘေးရှောင်လာတဲ့ မိသားစု ၄၅၀ ခန့်ရှိပါတယ်။ လူဦးရေအားဖြင့်တော့ ထောင်ချီမယ်ပေါ့နော်။ ဒီလိုမျိုးဖြစ်လာရင် အရန်သင့် ကူညီပေးနိုင်ဖို့အတွက်ကို ကသာမြို့နယ်ပအဖကနေ အရန်ရိက္ခာတွေကို ကြိုတင်ဝယ်ယူ စုဆောင်းပြီးသားလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျေးရွာတွေဘက်ကို စစ်ဘေးရှောင်လာတဲ့ မိဘပြည်သူတွေအနေနဲ့ မြို့နယ်ပအဖ၊ ရပ်ကျေးပအဖအဖွဲ့ဝင်တွေကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ စစ်ကောင်စီက ဖျက်ဆီးခဲ့တဲ့ အိမ်ခြေ ၅၉ အိမ် ရှိပါတယ်။ စစ်ကောင်စီက မီးရှို့ခဲ့တဲ့ အိမ်ခြေ ၉၉၇ အိမ်ရှိပါတယ်။ မီးရှို့ခဲ့တဲ့ ကျေးရွာပေါင်းကတော့ ၄၇ ရွာ ရှိပါတယ်။ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ကသာမြို့နယ်သူ မြို့နယ်သား ၈၉ ယောက်ရှိပါတယ်။ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ တမြို့နယ်လုံးပေါင်း အယောက် ၁၅၀ ရှိပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ပစ်ခတ်မှုတွေကြောင့် ကျဆုံးခဲ့သူ မြို့နယ်သူမြို့နယ်သား အယောက် ၁၂၀ ရှိပြီဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးကနေ မြောက်ဘက် တရုတ်နယ်စပ် ချင်းရွှေဟော်အထိ၊ လားရှိုးကနေ တောင်ဘက် ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ မူဆယ်အထိ ဆက်တိုက်ဖော်ဆောင်ပြီး အသာစီးယူနိုင်ခဲ့ပါတယ်။

အိန္ဒိယနယ်စပ် ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပြီး ထိုင်းနယ်စပ် ကရင်နဲ့ ကရင်နီပြည်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးလမ်း အားလုံးကို စစ်ကောင်စီက မထိန်းနိုင်တော့တဲ့ အခြေအနေ ဖြစ်လာတာပါ။

နယ်စပ်ပိုင်နက်တွေကို ထိန်းလာနိုင်တဲ့အတွက် စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ဝင်ငွေရလမ်း မူးယစ်ဆေးနဲ့ လောင်းကစားလုပ်ငန်းတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“နယ်စပ်တွေမှာဖြစ်နေတဲ့ trans national crime activity တွေ လုပ်နေတာက စစ်ကောင်စီနဲ့ သူ့ရဲ့လက်ဝေခံ BGF တွေဖြစ်တယ်။ စစ်ကောင်စီနဲ့ လက်ဝေခံတွေအတွက် ဝင်ငွေအကြီးအကျယ်ရတဲ့ လမ်းကြောင်းကြီးတခုလည်း ဖြစ်တယ်။ အဲဒါကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်ပြီးတော့ နိုင်ငံတကာမှုခင်းတွေရပ်ဖို့ Online Scam တွေရပ်ဖို့ လုပ်တဲ့အတွက်ကြောင့် စစ်ကောင်စီရဲ့ အဓိကဝင်ငွေလမ်းကြောင်းတခုကို ကျနော်တို့ ဖျက်ဆီးနိုင်ခဲ့တယ်။ တိုင်းရင်းသားပြည်သူလူထု အားလုံးကနေပြီးတော့ တညီတညွတ်တည်း အတူတကွ ပူးပေါင်းပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ ဆောင်ရွက်ကြပါ။ စီးပွားရေးလုပ်ငန်းရှင်တွေ ဆိုရင်လည်း စစ်တပ်ကို အကြောင်းအမျိုးမျိုးကြောင့် အားပေးအားမြှောက်ပြုခဲ့တာတွေ ရှိမယ်။ ဒါပေမဲ့ အချိန်မနှောင်းသေးပါဘူး။ ဒုက္ခသည်တွေကို ကူညီဖို့အတွက် လူ့အသက်ကိုကယ်တဲ့ စာနာထောက်ထားမှု အကူအညီတွေ NUG၊ ERO တွေနဲ့ ဆောင်ရွက်ကြပါ။”

မြန်မာနိုင်ငံတဝန်း ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးသင့်ပြည်သူ သန်းချီရှိနေပြီး ပြည်သူတွေရဲ့ အခက်အခဲတွေကို မြန်မြန်ဖြေရှင်းနိုင်ဖို့အတွက် တိုက်ပွဲတွေကို မြန်မြန်ဖြတ်ပစ်ဖို့ လိုတယ်လို့ နိုင်ရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“စစ်ပွဲကြာလေ ပြည်သူလူထု နာလေဆိုတာတော့ မှန်တာပေါ့။ ဒါပေမဲ့ ကျမတို့ ဒီထက်ပိုထူးပြီးတော့ ညဉ့်နက်စရာတော့ မရှိဘူးလေ။ ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲက ဒီစစ်ကောင်စီပြုတ်မှ ဖြစ်မှာကိုး။ ပြည်သူတွေအားလုံးရဲ့ ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်မှာပဲ အခြေခံလည်းဖြစ်၊ ဒီစစ်အာဏာရှင်ပြုတ်ဖို့ တညီတညွတ်တည်း အားမာန်ရှိရှိနဲ့ ဝိုင်းတွန်းဖို့လိုတာ ပြည်သူလူထုထိခိုက်မှု နည်းအောင်တော့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေပဲဖြစ်ဖြစ်၊ တခြားနည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတဲ့ ရဲဘော်တွေပဲဖြစ်ဖြစ် ဂရုစိုက်ပြီးတော့ ပိုပြီးတော့ မြန်မြန်ဝိုင်းလုပ်ကြပါလို့ ပြောချင်တယ်။”

ရှမ်းပြည်နယ်မှာ ချင်းရွှေဟော်၊ ပန်ဆိုင်း၊ မုံးကိုး၊ နမ်ခမ်း၊ သိန္နီနဲ့ ကွမ်းလုံမြို့၊ စစ်ကိုင်းတိုင်းမှာ ကောလင်းနဲ့ ခါမ်းပါတ်မြို့၊ ချင်းပြည်နယ်မှာ ရိခေါဒါရ်မြို့တွေကို တိုင်းရင်းသားနဲ့ ပူးပေါင်းတော်လှန်ရေး အင်အားစုတွေက သိမ်းယူထားတာပါ။

နိုင်ငံတဝန်း စစ်ရေးမတည်ငြိမ်မှုတွေကြောင့် ဒုက္ခဖြစ်နေတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ လက်ရှိအချိန်အထိ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စာနာမှုဆိုင်ရာ အကူအညီတွေ လက်ခံရယူနိုင်တာမျိုး မရှိသေးပါဘူး။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013