Home
မေးမြန်းခန်း
လွိုင်ကော်တိုက်ပွဲ နောက်ဆုံးအခြေအနေ-  ဗညားခွန်အောင်နှင့် DVB မေးမြန်းချက်
နော်နိုရင်း
·
November 15, 2023

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ နိုဝင်ဘာ ၁၁ ရက်က စတင်ပြီး  ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေသလို ၄ ရက်အတွင်း သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၃၄ ဦး သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လွိုင်ကော်မြို့တိုက်ပွဲ နောက်ဆုံးအခြေအနေ၊ ထိခိုက်သေဆုံးမှု၊ လူသားချင်းစာနာမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အတွင်းရေးမှူး ဗညားခွန်အောင်ကို ဒီဗွီဘီ အကြီးတန်းသတင်းထောက် နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

(မေးမြန်းချက်အပြည့်အစုံ) 

မေး - လွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေးက အခုဆိုရင် ငါးရက်မြောက်ရှိပြီ။ ဒေသခံ တော်တော်များများလည်း ပိတ်မိနေတယ်။ နောက်ဆုံးအခြေအနေ သိသလောက် ပြောပြပေးပါ။

ဖြေ - “ဒီမနက်ကတော့ တိုက်ပွဲနားထားတယ်။ တိုက်ပွဲအကြီးအကျယ် မဖြစ်ဘူးဆိုတာ သိရတယ်။ စစ်ဘေးရှောင်စခန်းဘက် ထွက်ချင်တဲ့သူတွေ၊ အဆင်သင့်ဖြစ်နေတဲ့သူတွေ မြို့က ထွက်ခွာနေကြတယ်။”

မေး - အခု ငါးရက်တာတိုက်ပွဲအတွင်း ပြည်သူတော်တော်များများ သေဆုံးတာ တွေ့ရတယ်။ ပြည်သူတွေ သေဆုံးမှု အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး သိရလဲ။

ဖြေ - “၁၁ ရက်ကနေ ၁၄ ရက်နေ့အထိ ကျနော်တို့ ကောက်ရတဲ့ သတင်းအရ ၃၄ ဦး သေဆုံးထားတယ်လို့ အတည်ပြုလို့ရတယ်။ အမှန်ကတော့ ဒီထက်ပိုများနိုင်တယ်ဆိုတာ ခန့်မှန်းထားရပါတယ်။ ၃၄ ဦးကတော့ အချက်အလက် ပြည့်ပြည့်စုံစုံရထားတဲ့ စာရင်းဖြစ်ပါတယ်။ မိုးဗြဲဘက်က ၆ ဦးပါတယ်။ ကျန်တာက လွိုင်ကော်မြို့ပေါ်နဲ့ အနီးအနားက ဖြစ်ပါတယ်။”

မေး - သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ ဘယ်လောက်တွေ့ရလဲ။

ဖြေ - “မနေ့က သေဆုံးသူတွေထဲမှာ အသက်အကြီးဆုံး ၇၀ ကျော်တဦး ပါပါတယ်။ လွိုင်ကော်မြို့ထဲမှာ တိုက်ခြောက်လုံးမှာ ပစ်ခတ်ခံရလို့ သေဆုံးတာပါ။ ဗုံးဆန်ပေါက်ကွဲလို့ ထိမှန်သေဆုံးတဲ့ ၈ နှစ်သားတယောက် သေဆုံးစာရင်းထဲမှာ ပါပါတယ်။”

မေး - သေဆုံးသူ ၃၄ ဦးထဲမှာ အဓိက ဘယ်လိုသေဆုံးသွားတာ များလဲ။

ဖြေ - “အများဆုံးကတော့ လက်နက်ကြီးကြောင့်ပါ။ လက်နက်ကြီးကျည်ထိမှန် သေဆုံးတာက အများစုဖြစ်တယ်။ နောက်တခုက ပစ်ခတ်ခံရလို့ပါ။ ရပ်ကွက်ထဲ သွားရင်းလာရင်းနဲ့ ပစ်ခတ်ခံရလို့ သေဆုံးတယ်။ နောက်တခုက လေယာဉ်နဲ့ ဗုံးကြဲခံရလို့ သေဆုံးတယ်။ တချို့ကတော့ စာရင်းထဲမှာ မထည့်ထားဘူး။ နှလုံးရပ် သေဆုံးတာမျိုးတွေမျိုးပေ့ါ။”

မေး - သေဆုံးသူတွေအပြင် ဒေသခံတော်တော်များများ တိုက်ပွဲထဲ ပိတ်မိနေတယ်လို့ ကြားတယ်။ အဲဒီဒေသခံတွေရဲ့ အခြေအနေကော ဘယ်လိုရှိလဲ။

ဖြေ - “အခုအချိန်မှာ တော်တော်လေး ရုန်းရပါတယ်။ ကျနော်တို့ ရှေ့တန်းအထိတက်ပြီး လူထုတွေကို သွားဆွဲရတာရှိတယ်။ ကားတွေ၊ ခြေလျင် အဆင့်ဆင့်နဲ့ ကယ်ထုတ်တာတွေ လုပ်ရတယ်။ သူတို့ကို နေရာချထားပေးတာတွေ အစအဆုံး ပြန်လုပ်ပေးရတာ ရှိပါတယ်။ သူတို့ တကိုယ်ရေတကာယပဲ ထွက်လာနိုင်တာပါ။ သူတို့ စားရေးသောက်ရေး အိုးခွက်ပန်းကန်တွေက အစ၊ နေထိုင်ဖို့ အဆောက်အဦတွေ အစအဆုံး ပြန်လုပ်ပေးရပါတယ်။ သွားခေါ်ထုတ်တဲ့အချိန်မှာ အခက်အခဲရှိသလို ပြန်လည်ထူထောင်ဖို့လည်း တော်တော်လေးရုန်းရတယ်။ ကျနော်တို့ ကယ်ထုတ်လာတာ လူဦးရေက တစတစ များလာတာ အခုဆို နှစ်သောင်းနီးပါး ရှိသွားပါပြီ။  အဲဒါကြောင့် ဒီ စစ်ဘေးရှောင်တွေကို နေရာချထားပေးဖို့ အခက်အခဲတွေ ရှိတယ်။ Camp ပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိတယ်။ သူတို့ကို သွားခေါ်တဲ့အခါမှာ ယာဉ်နဲ့ ဓာတ်ဆီ အခက်အခဲတွေ ရှိပါတယ်။”

မေး - ဒုက္ခသည်တွေရဲ့ အခုအခြေအနေနဲ့ သူတို့ ဘာတွေ အရေးတကြီးကူညီဖို့ လိုအပ်နေလဲ။

ဖြေ - “လောလောဆယ် အရေးပေါ်လိုအပ်တာက အဝတ်အထည်နဲ့ စောင်ပါ။ အများကြီး သယ်လာလို့မရတော့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေနဲ့။ တချို့က လမ်းလျှောက်၊ တချို့က ကားနဲ့။ အများကြီးသယ်လာလို့မရတော့ တထောက်နားတဲ့နေရာတွေမှာ အိပ်ရင် လူကများတယ်။ လူတွေက အလျင်စလို အသက်လု ထွက်လာရတော့ အဝတ်အထည် နည်းနည်းပဲ ပါလာတယ်။ စောင် မပါဘူး။ အိုးခွက်ပန်းကန်တွေ မပါလာဘူး။ စောင်၊ အဝတ်အထည်၊ အိုးခွက်ပန်းကန်တွေ အရေးပေါ်လိုအပ်ပါတယ်။ အခုလောလောဆယ် စခန်းတွေမှာ နေရာချထားနိုင်ဖို့ စီစဉ်ထားတာ ရှိပါတယ်။ အဲဒီနေရာမှာက မလုံလောက်မှုတွေ အများကြီးရှိတယ်။ အခုအချိန်က အေးတော့ အခက်အခဲတွေ ရှိပါတယ်။ လောလောဆယ် စားနပ်ရိက္ခာတွေ၊ ငွေကြးအရ အများကြီး လိုအပ်ချက်တွေရှိတယ်။ ယာဉ်နဲ့ ဓာတ်ဆီ လိုအပ်တယ်။ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုကလည်း လူဦးရေများတော့ ကျနော်တို့ အကန့်အသတ်လောက်ပဲ လုပ်ပေးနိုင်တယ်။ နေရာတိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဆေးဝါးပြတ်လပ်မှု အခက်အခဲကိုလည်း ရင်ဆိုင်နေရပါတယ်။”

မေး - ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်တဲ့နေရာမှာ Non CDM တွေနဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတချို့ကို ကယ်ထုတ်လိုက်တာ တွေ့ရတယ်။ သူတို့ရဲ့အခြေအနေနဲ့ သူတို့ကို ဘယ်လိုထားလဲ၊ သူတို့ကို ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာ ပြောပြပေးပါ။

ဖြေ - “ကျနော်တို့က ခက်ခက်ခဲခဲ သွားကယ်ထုတ်ရတာပါ။ စစ်ကောင်စီက သူတို့ဝန်ထမ်းကို ထားခဲ့တာ။ ဒီမှာက တိုက်ပွဲဖြစ်နေတာ ၁၁ ရက်နေ့ စဖြစ်တယ်။ လွိုင်ကော်မြို့ပေါ်ကနေ အေးအေးဆေးဆေး လမ်းလျှောက်ပြီး အထဲဝင်လို့ရတဲ့ အခြေအနေမှာ သူတို့က ဒီအတိုင်းထားခဲ့တယ်။ ကျနော်တို့က စစ်ကောင်စီက သက်ဆိုင်သူတွေကို သူတို့ကိုလာခေါ်ဖို့ အကြောင်းကြားခဲ့တယ်။ သူတို့က လျစ်လျူရှုခဲ့တယ်။ အဲဒါကြောင့် ကျနော်တို့က တရက် နှစ်ရက်ကြာမှ ခေါ်ထုတ်လာရတာပါ။ ရှေ့တန်းမှာ စစ်ကောင်စီက နီးနီးနားရှိတယ်၊ လေယာဉ် ပစ်ခတ်မှုတွေလည်း ရှိတယ်။ အဲဒီထဲကနေ ကျနော်တို့ သွားပြီး ကယ်ထုတ်ရတာပါ။ လောလောဆယ် IEC က ထုတ်လိုက်တဲ့ ထုတ်ပြန်ချက်မှာလည်း ပါပါတယ်။ ကျနော်တို့က လူသားချင်းစာနာထောက်ထားမှု စံနှုန်းနဲ့အညီ၊ လူ့အခွင့်အရေးစံနှုန်းနဲ့ အညီ Non CDM နဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကို ကျနော်တို့ ဆောင်ရွက်သွားမယ်။ ကျနော်တို့က အခုအချိန်မှာ သူတို့ကို စိတ်ချလုံခြုံတဲ့နေရာမှာ ကောင်းကောင်းမွန်မွန် ထားထားတယ်။ စားသောက် နေထိုင်ဖို့တွေ အကုန်စီမံပေးထားပါတယ်။”

မေး - မြို့ထဲမှာလည်း ဆက်ရှိနေတဲ့သူတွေလည်း ရှိတယ်၊ တိုက်ပွဲဆက်ဖြစ်နိုင်တဲ့ အခြေအနေလည်း ရှိနေတယ်။ ပိတ်မိနေတဲ့ ဒေသခံတွေအတွက် ဘယ်လိုအကြံပြု ပြောချင်တာရှိလဲ။

ဖြေ - “အကြံပြုချက် ပေးလိုပါတယ်။ နံပါတ်တစ် အတတ်နိုင်ဆုံး အမြန်ဆုံး ထွက်သွားပေးကြဖို့ပေ့ါ။ အတတ်နိုင်ဆုံး အမြန်ဆုံး ထွက်ပေးကြဖို့ လွန်ခဲ့တဲ့ တရက် နှစ်ရက်ကလည်း ဆော်ဩထားပါတယ်။ အနည်းဆုံး တပတ်စာ စားနပ်ရိက္ခာ ပြင်ဆင်ထားပါ။  လိုအပ်တဲ့အချိန်မှာ အချိန်မရွေး ထွက်နိုင်အောင် သတင်းအချက်အလက်တွေ ကြည့်ပါ။ ဒီရက်တော့ အမြန်ဆုံးထွက်နိုင်ဖို့ တောင်းဆိုလိုပါတယ်။ နံပါတ်နှစ်က အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာလို့ မရသေးဘူးဆိုရင် ရှိနေတဲ့နေရာမှာ အတတ်နိုင်ဆုံး အပြင်မထွက်ကြဖို့၊ သွားလာလှုပ်ရှား ဆိုင်ထိုင်တာတွေ မလုပ်ကြဖို့၊ ကိုယ့်အိမ်မှာပဲ နေဖို့။ အိမ်က မြင့်တယ်ဆိုရင် အိမ်ရဲ့အောက်ထပ်မှာပဲ အကာအကွယ်လုပ်ပြီးနေဖို့ ပန်ကြားပါတယ်။ သူတို့ရဲ့ အမြဲသုံး ဆေးဝါးတွေ၊ ရေတွေ၊ တကိုယ်ရေတကာယပစ္စည်းတွေကို ကိုယ်နဲ့တပါတည်း အမြဲတမ်းထားထားဖို့၊ ရွှေ့ပြောင်းမယ်ဆိုရင် စောင်၊ အဝတ်အထည်တွေ တထည် နှစ်ထည်လောက် ပါစေချင်တယ်။ ကိုယ် ပုံမှန်သုံးစွဲနေတဲ့ ဆေးဝါးတွေ တပါတည်းယူသွားဖို့ အိတ်ထဲမှာ အမြဲဆောင်ထားပါ။”

မေး - ထွက်မယ်ဆိုရင် ဘယ်ဘက်ကိုထွက်ရင် အလုံခြုံဆုံးလို့ ထင်ပါသလဲ။

ဖြေ - “ဒီးမော့ဆို အနောက်ဘက်ခြမ်းကို ထွက်နိုင်တဲ့လမ်းကို ရောက်ရင် ရပါတယ်။ အဲဒီဘက်ခြမ်း ဒေါဥခူဘက်က ဖြစ်စေ၊ တခြားဘက်ကဖြစ်စေ ထွက်နိုင်တဲ့လမ်း ရှိပါတယ်။ အခုလောလောဆယ် ပါလောင်းဘက်ကို ထွက်နိုင်တဲ့လမ်းကြောင်းလည်း ပွင့်နေတယ်လို့ ကျနော်တို့ စုံစမ်းလို့ရတယ်။ နောက်တလမ်းကတော့ လောပိတဘက်ကို ထွက်နိုင်တဲ့လမ်းရှိတယ်လို့ သိပါတယ်။ ဒေသခံတွေ ကောင်းကောင်းသိပါတယ်။”

မေး - မနေ့က လွိုင်ကော်ထောင်ကို တော်လှန်ရေးတပ်ဘက်က ဖောက်ပြီး ထောင်သားတချို့ကို လွှတ်ပေးလိုက်တယ်ဆိုပြီး သတင်းတွေထွက်နေတယ်။ အတည်ပြုချက်တော့ မရသေးဘူး။ ဆရာတို့အနေနဲ့ ဘာတွေများ သိရလဲ။

ဖြေ - “အဲဒါတွေ လုံးဝမဟုတ်ဘူးလို့ ကျနော်တို့ ပြောပါရစေ။ ကျနော်တို့ တရားဝင် ပြောထားတယ်။ ကျနော်တို့အနေနဲ့ ထောင်နဲ့ပတ်သက်ပြီး လုံးဝထိတွေ့ကိုင်တွယ်မှု မလုပ်သေးပါဘူး။ တချို့သတင်းတွေ ထွက်နေသလို စိစစ်နေတယ်၊ လွှတ်ဖို့လုပ်နေတယ်ဆိုတာ မဟုတ်ပါဘူး။ သတင်းအမှား ဖြစ်ပါတယ်။”

မေး - နှစ်ဖက်တိုက်ခိုက်မှုအတွင်း ကျဆုံး ထိခိုက်ဒဏ်ရာရမှု အခြေအနေတွေ သိလို့ရနိုင်မလား။

ဖြေ - “မနေ့ကအထိ သိရသလောက် အားလုံးပေါင်း ကျနော်တို့ အင်အားစုဘက်က ၇ ဦးထက်မနည်း ကျဆုံးတယ်။ စစ်ကောင်စီကတော့ တရက်နဲ့တရက် အနည်းဆုံး ၂၀၊ ၃၀ လောက် ကျဆုံးပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တရက်ထက် တရက် ပိုများလာပါတယ်။ ကျဆုံးမှုက အတိအကျ ပြောလို့မရပေမဲ့ အနည်းဆုံး ခန့်မှန်းရသလောက်ကတော့ ရာဂဏန်းကပ်နေပြီလို့ ပြောလို့ရတယ်။ ကျနော်တို့ဆီကို အလင်းဝင်တာဖြစ်စေ၊ အညံ့ခံတာဖြစ်စေ၊ ဖမ်းဆီးရမိတာဖြစ်စေ ဆယ်ဂဏန်းကျော်သွားပါပြီ။”

မေး - တိုက်ပွဲမှာ ပြည်သူတွေရှိတဲ့နေရာတွေကိုပါ လေကြောင်းတိုက်ခိုက်မှုက အရမ်းကို ဆိုးဝါးနေပါတယ်။ အဲဒီအခြေအနေတွေရော ဘယ်လိုတွေ့ရလဲ။

ဖြေ - “ကျနော်တို့ တွေ့ရသလောက် တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ တရက်ကို အနည်းဆုံး အကြိမ်ရေ နှစ်ဆယ်၊ သုံးဆယ်လောက် ရှိပါတယ်။ မနေ့က တရက်တည်းကို ဗုံးကြဲတဲ့ အကြိမ်ရေ သုံးဆယ်လောက် ရှိတယ်။ စစ်ကောင်စီက နေ့ရော ညရော ဗုံးကြဲတယ်။ ညကဆို ဘယ်အထိကြဲလဲဆိုရင် ဘုန်းကြီးကျောင်းတွေ၊ ကက်သလစ်ကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ရပ်ကွက်တွေဘက်ကိုပါမကျန် ဗုံးကြဲတိုက်ခိုက်တယ်။ တိုက်ပွဲမဖြစ်တဲ့နေရာတွေ ကျေးရွာ ရပ်ကွက်တွေအထိ ဗုံးကြဲတာရှိတယ်။ အဲဒါက တော်တော်လေး ဆိုးဝါးပါတယ်။ တိုက်ပွဲအတွင်းမှာ ဗုံးကြဲတာ မပြောလိုပေမဲ့ မဆီမဆိုင်တဲ့ ကျေးရွာတွေ၊ ဘာသာရေးအဆောက်အဦတွေကိုတော့ ခြွင်းချက်အနေနဲ့ ဗုံးကြဲတာ ကင်းလွတ်ရမယ်။ အဲဒီလိုမလုပ်ဘဲ သူတို့က ဗုံးကြဲတယ်။ အဲဒီတော့ လူထုတွေ သေကျေပျက်စီးတယ်။ ပျက်စီးဒဏ်ရာရမှုက အတော်များပါတယ်။”

မေး - တခြားဖြည့်စွက်ပြောချင်တာမျိုးရော ရှိလား။

ဖြေ - “ပြည်နယ်မှာဖြစ်နေတဲ့ စစ်ရေးက အခုမှဖြစ်တာမဟုတ်ဘူး။ ဒီတကြိမ်ကတော့ အကြီးကျယ်ဆုံး ထိုးစစ်တခုလို့ ကျနော်တို့မြင်တယ်။ ဆိုလိုတာက ဒီလိုမျိုး တိုက်ပွဲကြီးတွေ ဆက်မဖြစ်နိုင်တော့ဘူးလို့ ထင်တယ်။ ကျနော်တို့ပြည်နယ်ကလည်း အေးချမ်းတဲ့ အခြေအနေကို ပြန်လိုချင်တာ ကြာပါပြီ။ အဲဒီအတွက် လူထုတွေလည်း အများကြီး နစ်နာခဲ့ပြီးပါပြီ။ အခုလည်း ဆက်ပြီး ရှောင်ပုန်းနေရတဲ့သူတွေ တအားများသွားပြီ။ အဲဒါကြောင့် နိုင်ငံတကာမှာ ရောက်နေတဲ့ ကရင်နီလူမျိုးတွေ၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေလည်း လူထုကို အရင်တုန်းကလို ဆက်လက်ပံ့ပိုးဖို့ လိုတယ်။ တဖက်မှာလည်း အပြည်ပြည်ဆိုင်ရာ အစိုးရတွေ၊ NGO တွေ၊ UN အဖွဲ့တွေက လူသားချင်းစာနာမှုနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပိုပြီး တက်တက်ကြွကြွ ဝိုင်းဝန်းပေးကြဖို့ ပြောချင်ပါတယ်။”

“အခုအခြေအနေအထိ ကျနော်တို့ ခြေလက်နဲ့ရုန်းလာတာ ကြာသွားပြီ။ ကျနော်တို့ပြည်နယ် သေးငယ်ပြီး ဆင်းရဲတဲ့ ပြည်နယ်ဖြစ်တယ်။ လူထုက ပြေးနေရတာ နှစ်နှစ်နီးပါးရှိနေပြီ။ စားဝတ်နေရေးကလည်း အရမ်းကျပ်တည်းတယ်။ ကျနော်တို့ကို ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ စစ်ဘေးရှောင်တွေ များလာတော့ ကျနော်တို့မှာ ဝန်တအားပိလာပါတယ်။ လူထုတွေကိုယ်တိုင်လည်း အခက်အခဲတွေ အများကြီး ကြုံနေရတယ်။ စစ်ကောင်စီကနေ ဖြတ်သန်းပြီးပေးတဲ့ လူသားချင်းစာနာမှု အကူအညီက အကောင်းဆုံးရလဒ် မဟုတ်ဘူးဆိုတာ အားလုံးသိထားပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့ အခြားနည်းလမ်းပေါင်းစုံနဲ့ ရှာဖွေပြီးတော့မှ လူသားချင်းစာနာထောက်ထားမှုကို ကူညီဖို့လိုအပ်တယ်။ ဒါကတော့ နိုင်ငံတကာ အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်၊ ဝတ္တရားရှိတယ်လို့ပဲ ကျနော်မြင်တယ်။ အဲဒီအတွက်ကြောင့်မို့ ကူညီပံ့ပိုးမှုတွေကို အားကောင်းမောင်းသန်စွာနဲ့ ဆက်ပြီးမှ ကူညီနိုင်ဖို့အတွက်လည်း တောင်းဆိုလိုပါတယ်။ အဲဒီအတွက်လည်း အနူးအညွတ် ပန်ကြားလိုပါတယ်။ တခြားနည်းလမ်းပေါင်းစုံနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ ပြောချင်ပါတယ်။ ကျနော်တို့ မျှော်လင့်တာက ဒီလို တိုက်ပွဲကြီးတွေဖြစ်တာ နောက်ဆုံးအကြိမ်ဖြစ်ပါစေလို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ ဒီလို တိုက်ပွဲကြီးတွေ ဖြစ်ရင် ကျနော်တို့ပြည်သူလူထုတွေက အများကြီး ထိခိုက်နစ်နာမှုတွေရှိတယ်။ သေကျေမှုတွေရှိတဲ့အတွက် ဒီဟာက နောက်ဆုံးတိုက်ပွဲအနေနဲ့ ကျနော်တို့ မျှော်လင့်တယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024