Home
ဆောင်းပါး
မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေ အထုပ်ပြင်ထားတော့
DVB
·
November 13, 2023

အမေရိကန်မှာ အခြေချနေတဲ့ ကျောင်းသားရဲဘော်ဟောင်း အစ်ကိုက ဖုန်းဆက်ပြောတယ်။ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးတဲ့။ သူက စစ်ရေးစစ်ရာ အတွေ့အကြုံ နည်းနည်းရှိသူမို့ ရှမ်းမြောက်မှာ စခန်းတွေ တစ်ခုပြီး တစ်ခု သိမ်းနေတာကို အားရပြီး မနေနိုင်လို့ လှမ်းပြောပြတဲ့ပုံ။

ဟုတ်ကဲ့၊ အဲဒီလို သိမ်းဖို့မလွယ်တဲ့ စစ်တပ်စခန်းကြီး၊ ငယ်တွေကို ညီနောင် ၃ ဖွဲ့က တောက်လျှောက် သိမ်းနေလိုက်တာ နိုဝင်ဘာ ၈ ရက်နေ့အထိ ၁၀၂၇ စစ်ဆင်ရေး ၁၃ ရက်တာစာရင်းအရ စုစုပေါင်း ၁၅၅ ခုကြီးများတောင်။ ဖြည်းဖြည်းဆေးဆေးလည်း လုပ်ပါ၊ အားနာဖို့တောင် ကောင်းနေပြီလို့ ဆိုရတော့မလို။

ရှမ်းမြောက်တခွင် စခန်းတွေတင်မက သိမ်းလိုက်တဲ့ မြို့တွေကို ကြည့်ဦးမလား။ နိုဝင်ဘာ ၉ ရက်နေ့၊ ကွမ်းလုံမြို့။ ၁၃ ရက်တာအတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့မြို့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ သိန္နီနဲ့ မုံးကိုးမြို့။

အရှိန်နဲ့ပြေးနေတဲ့ ၁၀၂၇စစ်ဆင်ရေးဟာ အရှိန်လျော့ကျသွားခြင်းမရှိ။ ပြေးနေတဲ့အရှိန်ကို အကြမ်း ဖက်စစ်တပ်က ရိုက်ချိုးနိုင်ဖို့မပြောနဲ့ သတင်းတွေအရ ညီနောင် ၃ဖွဲ့ သိမ်းထားတဲ့ စခန်းတွေရော မြို့တွေကိုပါ အကြမ်းဖက်စစ်တပ်က တစ်ခုတလေတောင် ပြန်သိမ်းနိုင်ခြင်းမရှိ။ စစ်ဗိုလ်ချုပ်တွေ အံတင်းတင်းကြိတ်၊ မျက်ရည်စက်လက်ကျ။

ရှမ်းမြောက်မှာ အဲဒီလို အောင်ပွဲပေါ် အောင်ပွဲဆင့်လို့ ပြည်သူတွေ လက်သီးလက်မောင်းတန်းနေကြတဲ့အချိန် စစ်ကိုင်းတိုင်းကို ကြည့်ပြန်တော့ ကောလင်းမြို့ကို သိမ်းပိုက်၊ ခါမ်းပါတ်မြို့ကို သိမ်းပိုက်၊ အခုအတည်ပြုလို့မရသေးပေမဲ့ ပင်လည်ဘူးမြို့ကိုပါ ထပ်သိမ်းလိုက်ပြီဆိုလား သတင်းတွေ ထွက်ပေါ်။

နိုဝင်ဘာ ၉ ရက်နေ့ည၊ အမှတ်-၁ စစ်ဒေသရဲ့ ကောလင်းမြို့သိမ်းတိုက်ပွဲ ထုတ်ပြန်ချက်ထဲမှာ ကော လင်းမြို့ကို ၃ ရက်ကြာတိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ရာမှာ စစ်သား ၅၀ လောက်သေ၊ လက်နက်ချ အညံ့ခံစစ်သုံ့ပန်း ၂၁ဦး။

အခုတလော အလံဖြူထောင်တာတွေ ခေတ်စားလာတယ်။ အသေမခံနိုင်ဘူးဆိုတဲ့ စစ်သားတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ယုံကြည်မှုရှိစွာနဲ့ပဲ အလံဖြူထောင် အသက်အပ်။ နိုဝင်ဘာ ၇ ရက်နေ့၊ ည ၉ နာရီလောက်က ပင်လည်ဘူးမြို့မှာလည်း စစ်သား ၁၀၀ လောက်က အစုလိုက်အပြုံလိုက် အလံဖြူထောင် အညံ့ခံလိုက်တာကြောင့် အလွယ်တကူ မြို့သိမ်းနိုင်ခဲ့ကြောင်း သတင်းတွေက ဆိုတယ်။

အမှတ်-၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်ထဲမှာ ၃ ရက်တာ ကောလင်းမြို့သိမ်းတိုက်ပွဲ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄၉ ကြိမ်ပြုလုပ်ခဲ့ပြီး ဝန်းသိုမြို့ကနေ ဟောင်ဝှစ်ဇာအမြောက်နဲ့ အချက် ၁၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်းလည်း သိရတယ်။

ဆိုတော့ အကြမ်းဖက်စစ်တပ်ဟာ သူ့ရဲ့ အားသာချက် လေကြောင်းနဲ့ လက်နက်ကြီးတို့ကို စိတ် ကြိုက်သုံးခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ ရည်မှန်းချက်ကို မချေဖျက်နိုင်။ မြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၃ ဦးသာ ကျဆုံးခဲ့လေတော့ ကောလင်းမြို့တွင်းမှာ အခိုင်အမာ နေရာယူ ခုခံနေတဲ့ စစ်တပ်နဲ့ရဲရော လေကြောင်းနဲ့ လက်နက်ကြီးတို့ပါ ထိရောက်မှုမရှိကြောင်း အရှင်းလင်းဆုံး ဖော်ပြနေပါတယ်။

မြို့သိမ်းတိုက်ပွဲတွေက အဲဒီလို စစ်ကိုင်းတိုင်းထဲအထိ ရောက်ရှိလာတာကြောင့် မြန်မာတစ်နိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေရော ဒီမိုကရေစီပြည်သူတွေပါ စိတ်ဓာတ်တွေ ခုန်တက်လာပါတယ်။ ပြည်သူ့ရင်ပြင်ဖြစ်တဲ့ လူမှုကွန်ရက်ပေါ်မှာ တစ်ခေတ် တစ်ခါက နာမည်ကျော် အေဝမ်းဆရာညှာရဲ့ ပြည်တော်ဝင်သီချင်းနဲ့  ဆရာကြီးမင်းသုဝဏ်ရဲ့ သပြေညို ကဗျာ ခေတ်စားလာရုံတင်မက အောင်နိမိတ်ကိုဆောင်တဲ့ အောင်သပြေ လူထုလှုပ်ရှားမှု ၁၁ လပိုင်း ၁၁ ရက်နေ့။

“အခုချိန်မှာ အကြမ်းဖက် အာဏာသိမ်းအုပ်စုရဲ့ ခါးပိုက်ဆောင်တပ်လုံးလုံး ဖြစ်နေတဲ့ “တပ်မတော်” နဲ့ ရဲတပ်ဖွဲ့က တပ်မှူးတပ်သားများ၊ အရာရှိ အရာခံ အကြပ် စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူအပေါင်းက အထူးအလေးအနက် တိုက်တွန်း၊ မေတ္တာရပ်ခံလိုတာ ရှိပါတယ်။ ဒါကတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို အခုလို အရပ်ထဲမှာ မျက်နှာမပြရဲလောက်အောင်ထိ ပြည်သူ့ချဉ်ဖတ်ဘဝ ရောက်စေပြီး တတိုင်းပြည်လုံးကို ဒုက္ခမျိုးစုံ သောက်သောက်လဲ ပေးနေတဲ့ အဘစုတ်၊ အဘပဲ့ စစ်ဗိုလ်ချုပ်ဆိုးတွေကို စွန့်ခွာကြဖို့၊ ဖက်ဆစ်တပ်ကို အမြန်ဆုံး စွန့်ခွာကြဖို့ ဖြစ်ပါတယ်”လို့ အောင်သပြေလူထုလှုပ်ရှားမှုက တိုက်တွန်းလိုက်ပါတယ်။

အောင်သပြေ လူထုလှုပ်ရှားမှုကို နိုဝင်ဘာ ၁၁ ရက်မှာ နိုင်ငံတဝန်း ကျင်းပခဲ့ကြတယ်။ လမ်းမပေါ် တက်ကာ အောင်သပြေလူထုလှုပ်ရှားမှုထဲ မပါဝင်နိုင်တဲ့ ပြည်သူတွေက ကိုယ့်အိမ်မှာကိုယ် အောင်သပြေ ပွင့်သစ်တွေဝေ။ ကိုယ့်အိမ်က ဘုရားကို အောင်သပြေကပ်ကာ အောင်ဆုပန်ဆင်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက် အောင်စည်အောင်မောင်းသံတွေနဲ့ အောင်သပြေတိုက်ပွဲဝင်ကြ။ အကြမ်းဖက်စစ်တပ်ရဲ့  လုပ်နိုင်စွမ်းက အရှက်အကြောက်ကင်းစွာနဲ့  ဈေးတွေထဲ သပြေပန်းရောင်းသူ ဖမ်းတယ်ဆိုတာမျိုး။

ကန့်ဘလူဒေသခံ မိတ်ဆွေတစ်ဦးကတော့ သူတို့မြို့မှာ အောင်သပြေလူထုလှုပ်ရှားမှုကို စစ်သား ၁၀၀ လောက် သေမင်းထံ အပ်နှံကာ ကြိုဆိုလိုက်ကြောင်း လှမ်းပြောတယ်။ နားမလည်လို့ မေးကြည့်လိုက်တော့ နိုဝင်ဘာ ၁၀ ရက်မနက်၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင့်ဘိုတိုက်နယ်ထဲမှာ စစ်သားနဲ့ပျူအင်အား ၂၇၀ လောက် စစ်ကြောင်းထိုးလာစဉ် ဒေသခံ PDF တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ပျူ ၁၀၀ လောက် သေဆုံးသွားတယ်လို့ဆိုရဲ့။

စစ်သားနဲ့ ပျူစောထီး ၁၀၀ လောက် သေတယ်ဆိုတာကို သက်သေမပြနိုင်တာကြောင့် ဆန္ဒဇောနဲ့ အတွက် ပိုတယ်ပဲ ထားလိုက်ဦး။ သိမ်းဆည်းရမိတဲ့ လက်နက်မျိုးစုံ ၅၉ လက်ကတော့ ဓာတ်ပုံအထောက်အထားနဲ့မို့ ငြင်းမရ။ သိမ်းဆည်းမိတဲ့ သေနတ်အရေအတွက်အရ မသေဘူးဆိုရင် ၅၀၊ ၆၀ ငြင်းမရ။ ဒေသခံPDFတပ်ဖွဲ့ တွေဆိုတာ မောင်းပြန်သေနတ်အင်အား သိပ်မများသလို ပြည်သူ့ချွေးနည်းစာနဲ့ ဝယ်ထားရတဲ့ ကျည်ဆန်ကို ချွေချွေတာတာနဲ့ တိုက်ရတဲ့သူတွေ ဖြစ်ပါတယ်၊ ဒါ့အပြင် ရင်ဆိုင်တိုက်ပွဲ အတွေ့အကြုံလည်း အားနည်းတာ သေချာပေမဲ့ စစ်သားအသေအပျောက် အဲဒီလောက်များအောင် တိုက်နိုင်ခဲ့တာ နွေဦးတော်လှန်ရေးရဲ့ အရေးပါတဲ့ မှတ်တမ်းတစ်စောင်ပဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ ကန့်ဘလူတိုက်ပွဲလိုပဲ မြန်မာနိုင်ငံတစ်ဝန်း မော်ကွန်းတင်လောက်တဲ့ တိုက်ပွဲ တွေကိုလည်း တွေ့နေရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၁၀၂၇ ထောက်ခံတိုက်ပွဲတွေ၊ ဒေသအလိုက် တစ်ပြိုင်နက် တိုက်ခိုက်ကြတဲ့ အားဖြည့်စစ်ဆင်ရေးတွေ၊ မြို့တွင်း ဝင်ရောက်စီးနင်း တိုက်ခိုက်မှုတွေနဲ့ နိုဝင်ဘာ ၇ ရက်ရောက်တော့ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်း စစ်တပ်စခန်းကုန်း ၃ ခုကို ကရင်နီတော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ကာ အဖွင့်လှခဲ့ပြန်တဲ့ ၁၁၀၇ စစ်ဆင်ရေး။ သတင်းတွေက စစ်သား ၇၀ ထက်မနည်း သေဆုံးခဲ့တယ်တဲ့။ နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၆ နာရီလောက်ကစပြီး ကရင်နီပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုက ကျည်အားပြင်းပြင်းနဲ့ စီးနင်းခဲ့။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “နိုင်ငံတစ်ဝန်းက စစ်ဆင်ရေးတွေဟာ တစ်ခုနဲ့တစ်ခု ဆက် စပ်နေတယ်လို့ ပြောရမှာပါ။ တစ်နေရာတည်း တစ်ကွက်တည်း တိုက်တာမျိုးမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွက်ပြည့်နင်းတဲ့ မဟာဗျူဟာက ဒီတော်လှန်ရေးရဲ့ ထူးခြားချက် ဖြစ်သလို အားသာချက်လည်း ဖြစ်ပါတယ်”တဲ့။ ကွက်ပြည့်နင်းတဲ့ မဟာဗျူဟာ။ နိုင်ငံလုံးပြည့် ဩခက်စထရာစစ်ဆင်ရေးကြီး။

မင်းအောင်လှိုင်စစ်တပ်ရဲ့ လတ်တလောခုခံနိုင်စွမ်းကတော့ စစ်တပ်ထဲက ရဲမေတွေ မဟာသမယ သုတ်နဲ့ပရိတ်ကြီး ၁၁သုတ်ရွတ်ကြ။ ပရိတ်ကြီး မရွတ်မီ ၉ ပါးသီလခံယူ၊ ဘုရားကျောင်းဆောင်ရှေ့မှာ ကျောက်ကျော ၃ တုံး၊ ဘယာကြော် ၃ ခုနဲ့ မုန့်လုံးရေပေါ် ၃ လုံးစီ ထည့်ထားတဲ့ ပန်းကန် ၁၀၈ ချပ်တို့ကို ဦးစွာကပ်လှူ ပူဇော်ပြီးမှသာ ရွတ်ဖတ်ကြရမယ်ဆိုတဲ့ ညွှန်ကြားချက်။

လူထုတော်လှန်ရေးကို ဘုရားကု ကု၊ ယတြာကု ကုမယ်တဲ့လား။ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေ သိပ်များ ကြောက်နေကြပြီလား။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024