DVB Logo
Home
မြန်မာသတင်း
ညောင်ခါးရှည်ဂိတ်တွင် ယာဉ်ကြောပိတ်ဆို့၊ ဟင်္သာတ၌ စစ်တပ်က ဆိုင်ကယ်နှင့် ထော်လာဂျီများ ကို ဖမ်းဆီးငွေညှစ်နေ
DVB
·
November 8, 2023
ညောင်ခါးရှည်ဂိတ်တွင် ယာဉ်ကြောပိတ်ဆို့၊ ဟင်္သာတ၌ စစ်တပ်က ဆိုင်ကယ်နှင့် ထော်လာဂျီများ ကို ဖမ်းဆီးငွေညှစ်နေ
1 / 2
Donate to DVB

ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ နိုဝင်ဘာ ၈ ရက်နေ့ မနက်ကစတင်ပြီး ညောင်ခါးရှည် X-ray စက်နေရာမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့ ခရီးသွားကားသမားတွေဆီက သိရပါတယ်။

ခရီးသွားတယောက်က “မနေ့ညနေ ၅ နာရီခွဲကတည်းက ကားပိတ်မိတယ်။ ဒီနေ့မနက် ၄ နာရီမှ စစ်တောင်းတံတားထိပ်ဘက်ရောက်တယ်။ ကားတွေက ကုန်ကား၊ လူနာတင်ယာဥ်ကားတွေ၊ ခရီးသည်ယာဥ်တွေဟာ ရာနဲ့ချီ၊ တချို့ဆို ၂ ညတာရှိပြီ ပိတ်မိနေတယ်” လို့ ပြောပါတယ်။

“မနေ့ညနေက သိမ်ဇရပ်မှာ တိုက်ပွဲဖြစ်ထားတော့ ဒီနေ့ပိုပြီး ပိတ်ထားတာပေါ့။ ရန်ကုန် အတက် စစ်တောင်းတံတားအနားထိ ကားတန်းရောက်နေတယ်။ လက်ရှိအချိန်ထိ ပိတ်မိနေတုန်း။ စစ်ဆေးရေးဂိတ်ကနေ ကားတစီးကို ဟိုရစ်ဒီရစ်နဲ့ ဟိုဆွဲချ ဒီဆွဲချနဲ့ အသေးစိတ်ကိုစစ်ဆေးနေတာပါ” လို့ ခရီးသွား နောက်တယောက်က ပြောပါတယ်။

ဒေသအတွင်းလူနာတင်ယာဥ်မောင်းတဦးက “အခုလို ကားတွေပိတ်ဆို့နေတာ အရေးကြီးလူနာတွေဟာ အသက်အန္တရာယ်အတွက်က စိုးရိမ်ရတာပေါ့။ ကားတွေက ဘယ်အချိန်ထိပိတ်နေဦးမှာလည်း” လို့ ပြောပါတယ်။

အဆိုပါ ရန်ကုန်-မော်လမြိုင်ကားလမ်း ညောင်ခါးရှည်ဂိတ်မှာ စစ်ကောင်စီက လက်နက်ခဲယမ်းတွေပါမပါ အကြောင်းပြချက်နဲ့ စစ်ဆေးနေတာကြောင့် မကြာခဏ ယာဥ်ပိတ်ဆို့ကြောင်း၊ လတ်တလောမှာလည်း ခရီးသွားတွေ အစားသောက်  အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာတော့ မော်တော်ဆိုင်ကယ်တွေနဲ့ ထော်လာဂျီတွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က နည်းမျိုးစုံနဲ့ ဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟင်္သာတမြို့ထဲမှာ သီတင်းကျွတ်မတိုင်ခင်တည်းက PDF ဝင်ရောက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် အစစ်အဆေးများနေသလို မော်တော်ဆိုင်ကယ်တွေ၊ နောက်တွဲတွေ၊ သုံးဘီးနဲ့ ထော်လာဂျီတွေကို စစ်ကောင်စီတပ်သားတွေက အပြစ်မရှိ အပြစ်ရှာပြီး ငွေကြေး ကောက်ခံနေတာ ဖြစ်ပါတယ်။

ဟင်္သာတဒေသခံတဦးက “မြို့ထွက်ဂိတ်တွေမှာကော၊ လမ်းဆုံလမ်းခွနေရာတွေမှာပါ မထင်ရင် မထင်သလို ဖမ်းပြီး ပိုက်ဆံကောက်တာပဲ။ ဆိုင်ကယ်ဦးထုပ်၊ လူမောင်းလိုင်စဉ်၊ ဆိုင်ကယ်လိုင်စဉ်၊ နံပါတ်ပြား၊ ၃ ယောက်စီးတာ‌တို့ အကုန်ဖမ်းတာ။ အဲ့ဒါတွေ အကုန်ပါရင် တခုမဟုတ်တခု အပြစ်ရှာပြီး ငွေတောင်းနေတာ။ အခုဆို သူတို့ကိုတွေ့တာနဲ့ အဲ့လမ်းကမသွား‌ဘဲ တခြားလမ်းက ပတ်သွားနေရတယ်။ ဒဏ်ငွေကလည်း တရားရုံးမှာ သွားဆောင်ရတာမဟုတ်ဘဲ သူတို့ကိုပဲပေးရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဆိုင်ကယ်စီးပြီး သုံးဘီး၊ နောက်တွဲတွေကို လိုက်လံဖမ်းဆီးနေသလို ကျေးရွာတွေထဲကိုပါ ဝင်ရောက်ဖမ်းဆီးနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဟင်္သာတမြို့မှာ ရိတ်သိမ်းပြီးသား စပါးတွေကို ထော်လာဂျီကိုသာ အားထားပြီး သယ်ရပေမဲ့ စစ်ကောင်စီတပ်သားတွေက ထော်လာဂျီတွေကို ဖမ်းဆီး ငွေညှစ်နေတာကြောင့် အခက်‌တွေ့နေတယ်လို့ လယ်သမားတဦးက ပြောပါတယ်။

“စပါးတိုက်ပြီးပြန်လာတာ၊ သူတို့ ကားလမ်းပေါ်မှာ ထော်လာဂျီမောင်းတယ်ဆိုပြီး ဒဏ်ကြေး ၁ သိန်းခွဲ ပေးလိုက်ရတယ်။ ထော်လာဂျီနဲ့ ဖမ်းမှာဆိုးလို့ ဆိုင်ကယ်နဲ့တိုက်ပြန်ရင်လည်း ဦးထုပ်မပါတာနဲ့ ဝန်အများကြီးတင်တယ်ဆိုပြီး ၅ သောင်းတောင်းတယ်။ တောင်သူတွေလည်း ဘယ်လိုလုပ်စားရမလဲ မသိတော့ပါဘူး။ သူတို့က နေရာမျိုးစုံကနေ တောင်းဖို့ပဲ လိုက်နေတာ။ အခု စပါးသယ်ဖို့ တောင်သူတွေ အကုန်ဒုက္ခရောက်နေတယ်” လို့ ပြောပါတယ်။

ဟင်္သာတခရိုင် ‌ဇလွန်နဲ့ လေးမျက်နှာမြို့တို့မှာလည်း စပါးသယ်နေတဲ့ ထော်လာဂျီတွေကို ဖမ်းဆီး ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟင်္သာတမြို့မှာ ‌စက်တင်ဘာနဲ့ အောက်တိုဘာက မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် စပါးဧက ၁,၀၀၀ နီးပါး ရေနစ်မြုပ် ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013