
နေပြည်တော် ထောင်မှာ အကျဉ်းကျခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင် နာယက ဦးဝင်းထိန် တို့ အတွက် ထောင်ဝင်စာလူတွေ့ခွင့်ရဖို့ ကြိုးစားနေပေမဲ့ တွေ့ခွင့်မရသေးဘူးလို့ သူတို့နဲ့နီးစပ်တဲ့ နိုင်ငံရေးအသိုက်အဝန်းကနေ သိရပါတယ်။
နေပြည်တော်အကျဉ်းထောင်နဲ့နီးစပ်သူတဦးက "နိုင်ငံတော်အဆင့်တွေကိုတော့ မိသားစုပေးမတွေ့သေးဘူးလို့ ထောင်က အကြောင်းပြန်တယ်တဲ့။ တခြားအဆင့်တွေပဲပေါ့။ သူတို့ပေးတွေ့မယ်ဆိုရင်တော့ ပြောပါမယ်လို့ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်အဖွဲ့က စာတော့တင်ထားတယ်။ ပေးမတွေ့သေးဘူးတဲ့။ အန်ကယ်ထိန်တို့တောင် ပေးမတွေ့သေးဘူး ညီအစ်ကိုမောင်နှမတွေကို။ တွေ့ဖို့တော့ ကြိုးစားနေတယ်။ ပေးမတွေ့သေးဘူး” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ်ကတည်းက ထောင်ဝင်စာ လူတွေ့ခွင့်ကို အကျဉ်းဦးစီးက ကန့်သတ်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်က စလို့ နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ထောင်ဝင်စာလူတွေ့ခွင့်ကို စစ်ကောင်စီက ပြန်လည်ခွင့်ပြုခဲ့တာပါ။
ဒါပေမဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေ၊ အန်အယ်လ်ဒီဝန်ကြီးတွေကိုသာမက စစ်တပ်အရာရှိတွေနဲ့ သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေရဲ့ မိသားစုတွေကိုပါ ထောင်ဝင်စာတွေ့ခွင့်မပေးသေးဘူးလို့ အကျဉ်းထောင်အာဏာပိုင်တွေက အကြောင်းပြန်ထားပါတယ်။
ထိန်းသိမ်းခံ နိုင်ငံ့ခေါင်းဆောင်တွေဟာ ၂၀၂၂ ဒီဇင်ဘာလကနေ လက်ရှိအချိန်အထိ သူတို့ရဲ့ ရှေ့နေအဖွဲ့နဲ့လည်း တွေ့ဆုံခွင့်မရတော့ဘဲ အချိန် ၁၀ လနီးပါး ပြင်ပနဲ့ သတင်း အဆက်အသွယ်ပြတ်နေခဲ့တာပါ။
မုံရွာအကျဉ်းထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားတချို့နဲ့ မိသားစုဝင်တွေ တွေ့ဆုံခွင့်ရခဲ့ပေမဲ့ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးက ကန့်သတ်ချက် ၆ ချက် ထုတ်ပြန်ထားပါပါတယ်။
ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ သန်းခေါင်စာရင်းမူရင်း၊ မှတ်ပုံတင်မူရင်း၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်း ထောက်ခံစာ၊ ၂၄နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်ဆိုင်ရာ နှာခေါင်းတို့ဖတ်ရလဒ်တွေကို ပြနိုင်မှ မိသားစုတွေက အကျဉ်းသားတွေကို တွေ့ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထောင်ရှေ့မှာ အရပ်ဝတ်တွေက စောင့်ကြည့်နေကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ရှင်းသန့်က "အိမ်စီးကားနဲ့ အရပ်ဝတ်တွေ လုံခြုံရေးတွေလို့ သိရတယ်ပေါ့ဗျာ၊ သူတို့က အမြဲတမ်းစောင့်ကြည့်နေ တာမျိုးတွေရှိတယ်။ တခါတလေလည်း ကင်းပတ်တဲ့ပုံစံမျိုးတွေ ပတ်သွားနေတာမျိုးတွေ ရှိတယ်လို့လည်းသိရတယ်။ လာတွေ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုဝင်တွေအပေါ်မှာ စိတ်မလုံခြုံမှုတွေရှိနေတယ်။ တခုခုဆိုရင် သူတို့ကဖမ်းများဖမ်းလိုက်မလားဆိုတဲ့အတွေးတွေနဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်လာအောင်လုပ်နေတာတွေရှိတယ်လို့မြင်တယ်။ ကျနော် အမြဲပြောနေတာရှိတယ်။ ထောင်က တခုတောင်းဆိုရင် တခုပေးတယ်၊ ဒါပေမဲ့ နောက်ထပ် ၅ ခုလောက်က ပြန်ကျပ်တာမျိုးတွေရှိနေတယ်”လို့ ပြောပါတယ်။
အကျဉ်းထောင်တခုမှာ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို တရက်မှာ လူဦးရေ ၁၀၀ နှုန်းသာ တွေ့ခွင့်ပေးဖို့ အကျဉ်းဦးစီးက သတ်မှတ်ထားပြီး သန်းခေါင်စာရင်းမှာပါတဲ့ မိသားစုဝင် တယောက်ကသာ တွေ့ဆုံခွင့်ရမှာ ဖြစ်ပါတယ်။
အကျဉ်းထောင်လက်စွဲပါ ပြဋ္ဌာန်းချက်တွေအတိုင်း စစ်ကောင်စီက ထောင်ဝင်စာ လူတွေ့ခွင့်ပြန်ပေးခဲ့တယ်ဆိုပေမဲ့ တချို့နိုင်ငံရေးအကျဉ်းသားတွေဟာ ဘယ်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတယ်ဆိုတာတောင် မသိတဲ့အတွက် မိသားစုဝင်တွေဟာ လိုက်လံ တွေ့ဆုံဖို့ အခက်အခဲတွေလည်း ရှိနေပါတယ်။
သုတချမ်းသာ