DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနယ်စပ် စစ်ရှောင်ကျောင်းကို သင်ထောက်ကူပစ္စည်း လှူ၊ စလင်း PDF ဆေးဝါးသင်တန်းပေး
DVB
·
October 21, 2023
အိန္ဒိယနယ်စပ် စစ်ရှောင်ကျောင်းကို သင်ထောက်ကူပစ္စည်း လှူ၊ စလင်း PDF ဆေးဝါးသင်တန်းပေး
Donate to DVB

အိန္ဒိယ - မြန်မာ နယ်စပ် တောထဲက စစ်ရှောင်စာသင်ကျောင်း တခုကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က သင်ထောက်ကူပစ္စည်းတွေ လှူဒါန်းထောက်ပံ့ခဲ့ပြီး မကွေးတိုင်း၊ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း သူတို့ရဲဘော်တွေကို ဆေးဝါးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

အိန္ဒိယ - မြန်မာ နယ်စပ်က စစ်ရှောင်စာသင်ကျောင်းကို S&C ရဲ့ ၁၉ ကျောင်းမြောက် လှူဒါန်းမှုအဖြစ် အောက်တိုဘာ ၁၉ ရက်နေ့က လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အဖွဲ့ရဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က “လှူဒါန်းမှုတန်ဖိုးကတော့ သင်ထောက်ကူ ပစ္စည်းတွေပါ၊ ၅ သိန်း ဝန်းကျင်လောက် ရှိပါတယ်။ လှူဒါန်းဖြစ်ခဲ့ပုံက ကျနော်တို့ Page ကို လာရောက်ဆက်သွယ်ချိတ်ဆက်မိပြီး ကျနော်တို့အဖွဲ့ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့လည်း ကိုက်ညီတဲ့ကျောင်းလေး ဖြစ်နေတဲ့အတွက် လှူဒါန်းဖြစ်ခဲ့တာပါ။ လက်ရှိ ကျောင်းသူ၊ ကျောင်းသား ၄၉ ယောက်နဲ့ ဆရာ ၃ ယောက် ရှိပါတယ်။ ဆရာအားလုံးက CDM ဆရာတွေနဲ့ ဗော်လန်တီယာ ဆရာတွေပေါ့။ သူတို့အနေနဲ့ သင်ထောက်ကူ ပစ္စည်းကအစ လမ်းပန်းဆက်သွယ်ရေးပါ အရာအားလုံးက ခက်ခက်ခဲခဲ ဖြစ်နေကြတဲ့အတွက် ကျနော်တို့အနေနဲ့ ဒီကျောင်းလေးကို ပထမဆုံအကြိမ် ကူညီ လှူဒါန်း ဖြစ်ခဲ့ကြတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကျောင်းလေးကို နောက်လည်း ကူညီလှူဒါန်းဖို့ အစီအစဉ်ရှိတဲ့အပြင် S&C အနေနဲ့ နောက်ထပ်ကျောင်းတွေကိုလည်း လှူဒါန်းနေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာတော့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေကို ဆေးဝါးသင်တန်း ဖွင့်လှစ် သင်ကြားပေးနေတယ်လို့ သင်တန်းစီစဉ်သူတွေဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၁၃ ယောက်ကို အတွေ့အကြုံရှိတဲ့ ဆေးမှူးတွေက အောက်တိုဘာ ၁၂ ရက်ကစတင် သင်ကြားပေးနေတာဖြစ်ပြီး ဒါဟာ တပ်ဖွဲ့ရဲ့ ရှေးဦးသူနာပြုစုရေးနဲ့ ဆေးဘက်ဆိုင်ရာ သင်တန်းအမှတ်စဉ် ၂ ဖြစ်ပါတယ်။

သင်တန်းကာလ ၁ လကျော် ကြာမြင့်မယ်လို့ သိရပြီး စလင်းပကဖရဲ့ ဆေးအဖွဲ့အနေနဲ့ စိုးမိုးနယ်မြေထဲက သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ လေဖြတ် အဘိုးအဘွားတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။

စလင်းပကဖ တာဝန်ရှိသူက “သင်တန်းမှာက ရှေးဦးသူနာပြုစုနည်းနဲ့ စစ်ဘက်ဆိုင်ရာ ဆေးဝါးကျွမ်းကျင်ကို သင်ကြားပေးတယ်။ သင်တန်းကာလကတော့ ရဲဘော်တွေရဲ့ ဆေးထိုးဆေးစပ် ကျွမ်းကျင်မှုအခြေအနေကိုကြည့်ပြီး ဆင်းပေးမှာပါ။ စိုးမိုးနယ်မြေမှာ ရှိတဲ့ ကျေးရွာတွေ၊ စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပိုပေး နိုင်အောင်ပေါ့” လို့ ပြောပါတယ်။

စလင်းမြို့နယ်မှာ အမြဲတမ်း စစ်ဘေးရှောင်ပြည်သူ ၆၀၀ လောက်ရှိပြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013