DVB Logo
Home
နိုင်ငံတကာ
ဟောလိုးဝင်းပွဲတော်အကြို ထိုင်းသရဲကား ရုံပြည့်လျှံဝင်ငွေ ဘတ်သန်းပေါင်း ၃၀၀ ကျော်ရနေ  
DVB
·
October 20, 2023
ဟောလိုးဝင်းပွဲတော်အကြို ထိုင်းသရဲကား ရုံပြည့်လျှံဝင်ငွေ ဘတ်သန်းပေါင်း ၃၀၀ ကျော်ရနေ  
Donate to DVB

ဟောလိုးဝင်းပွဲတော်အကြို ထိုင်းနိုင်ငံ ရုပ်ရှင်ရုံတွေမှာ လတ်တလော ပြသနေတဲ့ ‘Sup Pa Rer” စပလေ (သုဘရာဇာ) အမည်ရှိ ထိုင်းသရဲကားဟာ မထင်မှတ်ဘဲ ပရိသတ် အားပေးမှုများစွာ ရနေပြီး သီတင်းနှစ်ပတ်တွင်း လက်မှတ်ရောင်းချလို့ရတဲ့ ဝင်ငွေ ဘတ်သန်းပေါင်း ၃၀၀ ကျော်ထိ ရရှိနေပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါဇာတ်ကားမှာ ဥပဒေပညာနဲ့ ကျောင်းပြီးထားပြီး ရှေ့နေလုပ်ဖို့ အလုပ်ရှာနေသူ “ကျစ်” ဆိုသူ လူရွယ်မှာ မရည်ရွယ်ဘဲ သုဘရာဇာအလုပ် လုပ်ခဲ့ရတယ်၊ သူဟာ အလုပ်မရသေးခင် ကျောင်းပြီးလို့ အိမ်ပြန်လာတော့ သုဘရာဇာဖြစ်သူ ဖခင်မှာ နာမကျန်းဖြစ်နေလို့ ဖခင်ရဲ့အလုပ်ကို ကူလုပ်ပေးခဲ့ရတယ်၊ သူ့သူငယ်ချင်း “ဆိန်း” ဆိုသူက “ဖိုင်ခေါင်” ဆိုတဲ့ မိန်းကလေးနဲ့ ချစ်သူချင်း နားလည်မှုလွဲပြီး ရည်းစားက ကိုယ်ဝန်နဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်၊ ဆိန်းဟာ စိတ်ပြေအောင် ဘုန်းကြီးဝတ်ပေမဲ့ မဖြေသာခဲ့ဘူး၊ သေဆုံးသွားတဲ့ ချစ်သူကို အမြဲစွဲလမ်း တမ်းတနေတော့ ကျစ်ရဲ့ဖခင်က ဝိညာဉ်တွေနဲ့ တွေ့ဆုံနိုင်ဖို့နည်း လမ်းပြပေးမယ်၊ ဒါပေမဲ့ သားနဲ့အတူ သုဘရာဇာအလုပ် ကူလုပ်ပေးဖို့ တောင်းဆိုတယ်။ ဒီလိုနဲ့ လူရွယ်နှစ်ဦးဟာ သုဘရာဇာလုပ်ခဲ့ရတယ်၊ နဂိုက သရဲကြောက်တတ်တဲ့ ကျစ်နဲ့ သူ့သူငယ်ချင်း ဆိန်းတို့  နာနာဘာဝရောက်နေတဲ့ ချစ်သူနဲ့ တွေ့ဆုံဖို့ကြိုးစားခဲ့တဲ့ အကြောင်းတွေကို ဟာသနှောပြီး ပုံဖော်ရိုက်ကူးထားတာပါ။ 

ဒီဇာတ်ကားမှာ ပေးချင်တဲ့အချက်က  “သေခြင်းဟာ အမှန်တရားပါပဲ” ဆိုတာဖြစ်ပြီး  ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသ လူနေမှုဘဝ၊ သက်ဝင်ယုံကြည်မှု ထုံးတမ်းစဉ်လာ၊ ချစ်ခြင်းတရား၊ ချစ်သူကို ဆုံးရှုံးရတာကြောင့် နာကျင်ကြေကွဲမှု စတာတွေကို အလွဲအချော် ဟာသတွေနဲ့ပါ ရောနှောပြီး ထိတ်လန့်တုန်လှုပ်ဖွယ်၊ ကြည်နူးဖွယ်၊ ကျေးလက်တေးသီချင်းတွေနဲ့ပါ ရသစုံလင်စွာ ဖန်တီးထားတာ ဖြစ်ပါတယ်။  

ပရိသတ်အများစုက ဒီဇာတ်ကားကို ဘာကြောင့် ကြိုက်သလဲဆိုတော့ နာမည်ကြီးရုပ်ရှင် သရုပ်ဆောင် မင်းသား၊ မင်းသမီး မပါပေမဲ့ တကယ့်အဖြစ်အပျက်ကို ကြည့်နေရသလို သဘာဝကျတယ်၊ ဟာသတွေ ရယ်ရတယ်၊ ဇာတ်ဝင်ခန်းသီချင်းတွေ ကောင်းတယ်၊ သရဲကားပေမဲ့ ကြောက်စရာမကောင်းဘူး စသဖြင့် သုံးသပ်ကြပါတယ်။ 

အဆိုပါဇာတ်ကားကို “ကျကဝမ်းထိုင်းဘန့်” ကုမ္ပဏီကထုတ်လုပ်ပြီး အသက် ၃၉ နှစ်ရွယ် တောင့်တေ့ ထိဒီဆီနွန်း က ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး လိုအပ်တဲ့နေရာမှာလည်း ကိုယ်တိုင်သရုပ်ဆောင်ပါဝင်ခဲ့ပါတယ်။ 

သူကတော့ ဝါသနာအရမို့ အဲဒီရုပ်ရှင်ဇာတ်ကားကို ဖန်တီးခဲ့တာဖြစ်ပြီး ဒါလောက် လူကြည့်များမယ် မထင်ခဲ့ကြောင်း၊ ဒီဇာတ်ကား ရှုံးရင် အကြွေးဆပ်ဖို့ ဘယ်သူ့ဆီက ငွေချေးရမလဲ ဆိုတာကို ကြိုစဉ်းစားထားပေမဲ့ မမျှော်လင့်ဘဲ ပရိသတ် တခဲနက်အားပေးတာ တွေ့ရတော့ ပင်ပန်းရကျိုးနပ်တယ်၊ အမြတ်ငွေ ဘယ်နှရာခိုင်နှုန်းရမလဲဆိုတာ မသိရပေမဲ့လည်း လုပ်ချင်တာကို လုပ်လိုက်ရလို့ ကျေနပ်ရတာ ပိုမြတ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

တောင့်တေ့ ထိဒီဆီနွန်းရဲ့ ဖခင်က အင်ဂျင်နီယာကန်ထရိုက်တာဖြစ်ပြီး မိခင်က ကျောင်းဆရာမ ငွေကြေးပြည့်စုံတဲ့ မိသားစုက မွေးဖွားလာသူဖြစ်ပြီး မဟာဆာရခမ်းတက္ကသိုလ်က အနုပညာ ဘာသာရပ်နဲ့ ဘွဲ့ရထားပါတယ်။ 

ဝါသနာပါရာ တေးရေး၊ တေးဆို၊ အမ်တီဗွီရိုက်၊ ရုပ်ရှင်ထုတ်လုပ်ခြင်း စတဲ့ အနုပညာလုပ်ငန်း လုပ်ကိုင်ပါတယ်။ သူ ရေးသားထုတ်လုပ်တဲ့ အမ်တီဗွီတွေ၊ ဇာတ်လမ်းတွဲတွေဟာ ယူကျူ့ချန်နယ်မှာ ကြည့်တဲ့ အကြိမ်ပေါင်း သန်းပေါင်း ၂၀၀ ကျော်ထိ ရှိပါတယ်။

သူဟာ ကျော့ကျော့မော့မော့ ဝတ်စားဆင်ယင်လေ့မရှိဘဲ ဆံပင်ရှည်ရှည်၊ နှုတ်ခမ်းမွှေးနဲ့  အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ညှင်းသိုးသိုးနေထိုင်တတ်သူ ဖြစ်ပါတယ်၊ ရေချိုးရမှာ  ပျင်းပြီး ၃ လတိုင် ရေမချိုးဘဲ နေခဲ့ဖူးကြောင်း၊ ခေါင်းလျှော် သွားတိုက် မျက်နှာသစ်တာတော့ နေ့တိုင်း လုပ်တယ်၊ ရေချိုးရင် အိပ်မပျော်ဘူးလို့ ခံစားရတယ်၊ အမေက ဖမ်းပြီး အတင်းရေချိုးပေးတတ်လို့ အမေနဲ့ နီးနီးမနေအောင် ရှောင်တယ်၊ အဝတ်အစားဝယ်ဖို့ ဝါသနာမပါဘူး၊ အဝတ်ဟာ ဟောင်းလေ ဝတ်လို့ ကောင်းလေပဲလို့ သတင်းဌာနအင်တာဗျူးမှာ ဖြေပါတယ်။

သူဟာ အိမ်ရာမဲ့သူတောင်းစားတွေရဲ့ဘဝကို နားလည်နိုင်ဖို့  ၁၀ ရက်တာ တကယ့် အိမ်ရာမဲ့သူလို နေကြည့်ခဲ့တယ်၊ အိမ်မှာ ပြန်မအိပ်ဘဲ ကြုံရာလမ်းဘေးမှာ အိပ်တယ်၊ ပိုက်ဆံတပြားမှ ထည့်မလာဘူး၊ တယ်လီဖုန်း ယူမလာဘူး၊ ဆာရင် တောင်းစားတယ်၊ တကယ်အိမ်ရာမဲ့သူတွေနဲ့ သူငယ်ချင်းလုပ်တယ်၊ သူတို့က အစားအစာကို ဝေစားမျှစားတယ်၊ အစပိုင်း စားလို့မရ၊ ဆာတော့လည်း စားဖြစ်သွားတယ်၊ အမှိုက်ပုံထဲက ပလတ်စတိတ်ဘူးခွံတွေ မွှေနှောက်တယ်၊ လူတွေက ခိုးဆိုးလုယက်မှာ ကြောက်လို့ နှင်ထုတ်တာ ဝိုင်းရိုက်တာလည်း ခံခဲ့ရတယ်လို့ ပြောပါတယ်။ 

ဘာကြောင့် ဒီလိုလုပ်ရသလဲလို့  မေးရာမှာတော့ သူဟာ အခြေမဲ့လူတန်းစားတွေရဲ့ ဘဝကို တကယ် နားလည်ချင်လို့ ဖြစ်တယ်၊ လူတွေရဲ့ တန်ဖိုးကို  ပြင်ပပုံပန်းသဏ္ဌာန် ဝတ်စားဆင်ယင်မှု အဆောင်ယောင်တွေနဲ့ မဆုံးဖြတ်ဘဲ နက်ရှိုင်းတဲ့ အတွင်းသဘောကို မြင်အောင်ကြည့်တတ်ဖို့ လိုတယ်လို့ ဘတ်သန်းပေါင်း  ၃၀၀ ကျော်ရ ရုပ်ရှင်ဖန်တီးသူ  ဒါရိုက်တာ တောင့်တေ့က ပြောသွားပါတယ်။ 

ကိုးကား- Thairath/PPTV/Sanook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013