DVB Logo
Home
Lead Story
ကမ္ဘာကြီးပူနွေးလာရတဲ့ အကြောင်းရင်း ၆ ခု
DVB
·
October 19, 2023
ကမ္ဘာကြီးပူနွေးလာရတဲ့ အကြောင်းရင်း ၆ ခု
Donate to DVB

ကမ္ဘာကြီးက အရမ်းပူလာပြီး စံချိန်တင် အပူချိန်ကို တွေ့မြင်ရုံမက မှတ်တမ်းတွေကိုလည်း တခုပြီးတခု ချိုးဖျက်နေပါတယ်။

ဥပမာ- စက်မှု‌ခေတ်မဖြစ်ပွားမီ အဆင့်တွေထက် ၁ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာပြီး ဒီစံချိန်ဟာ အရင်စံချိန်ထက် ၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်တောင် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါဆို ကမ္ဘာကြီးက ဘာကြောင့် အရမ်းပူနေရတာလဲ။ ပါရီသဘောတူညီချက်ဆိုတာကရော ဘာကိုဆိုလိုတာလဲ။

အပူချိန်ကို အရမ်းမြင့်မားစေတဲ့ ရာသီဥတုဖောက်ပြန်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်း ၆ ချက်ကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားပါမယ်။

၁။ အယ်လ်နီညို

ထူးထူးခြားခြား အပူရှိန်အတွက် အကြောင်းရင်းတခုကတော့ ပိုမိုအားကောင်းနေဆဲဖြစ်ပြီး သိသာထင်ရှားတဲ့ အယ်လ်နီညို အခြေအနေမှာ ရှိနေတာကြောင့်ပါပဲ။ အယ်လ်နီညို ကာလအတွင်း အပူပိုင်း ပစိဖိတ်ဒေသ အများစုက သမုဒ္ဒရာမျက်နှာပြင်တွေဟာ ပူနွေးလာတာကို တွေ့ရပါတယ်။ ဒီလိုပူနွေးလာမှုနဲ့ ကမ္ဘာ့တခြားနေရာတွေက အယ်လ်နီညိုရဲ့ သက်ရောက်မှုတွေကြောင့် ကမ္ဘာ့ပျမ်းမျှအပူချိန်ကို ၀ ဒသမ ၁ ကနေ ၀ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ခန့်အထိ တိုးလာစေပါတယ်။

လာနီညာ ဖြစ်စဉ်သုံးကြိမ်ကြောင့် ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန်ကို အနည်းငယ်အေးသွားစေတဲ့အတွက် အယ်လ်နီညိုဖြစ်လာကာ ဒါဟာ ၈ နှစ်အတွင်း ပထမဆုံး အယ်လ်နီညို ဖြစ်တာကြောင့် ထူးထူးခြားခြား မြင့်မားတဲ့အပူချိန်ကို တွေ့ရတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ အယ်လ်နီညို တခုတည်းက ကမ္ဘာပေါ်မှာ ကြုံတွေ့နေရတဲ့ ရူးလောက်စရာ အပူချိန်တွေကို ရှင်းပြဖို့ မလုံလောက်ပါဘူး။

၂။ လေထုညစ်ညမ်းမှုကျဆင်းခြင်း

လူသားတွေရဲ့ လုပ်ဆောင်ချက်တွေထဲက တချို့လေထုညစ်ညမ်းမှုဟာ ကမ္ဘာကြီးကို အေးမြစေပြီး လူသားမျိုးနွယ်ရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပူနွေးမှုတချို့ကို ထေမိကာမိစေပါတယ်။ ဒီညစ်ညမ်းမှုကို လျှော့ချဖို့ ကြိုးပမ်းမှုတွေရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကစပြီး ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်းက ဆာလဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့ နိုင်ငံတကာ သဘောတူညီချက်တရပ် ရှိခဲ့ပါတယ်။

အထူးသဖြင့် စံချိန်တင်ပူနွေးနေတဲ့ မြောက်အတ္တလန္တိတ်နဲ့ ပစိဖိတ်ဒေသတွေမှာ သင်္ဘောသွားလာမှု မြင့်မားတဲ့ နေရာတွေမှာ သန့်စင်တဲ့လေ‌ကြောင့် အပူရှိန်ကို ဖြစ်ပေါ်စေတာလို့ ခန့်မှန်းရပါတယ်။

ဒါဟာ အလွန်အမင်းမြင့်မားတဲ့ ကမ္ဘာ့အပူချိန်ကို ပေါင်းစပ်သွားစေပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ဟာ ၁၀၀ ပုံမှာ ၁ ပုံပဲ ဖြစ်ပါတယ်။ မကြာသေးမီက လေ့လာဆန်းစစ်ချက်များအရ ၂၀၂၀ သင်္ဘောသဘောတူစာချုပ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် ၂၀၅၀ ခုနှစ်မှာ ၀ ဒသမ ၀၅ ဒီဂရီစင်တီဂရိတ်အထိ ပိုပူလာနိုင်ကြောင်း အကြံပြုထားကြပါတယ်။

၃။ နေရောင်ခြည်လှုပ်ရှားမှုကို တိုးမြှင့်ခြင်း

လေထုညစ်ညမ်းမှုအဆင့် ကျဆင်းသွားတာကြောင့် နေရဲ့စွမ်းအင်ဟာ ကမ္ဘာမြေမျက်နှာပြင်ကို ပိုမိုရောက်ရှိသွားပြီး နေကထုတ်လွှတ်တဲ့ စွမ်းအင်ပမာဏကတော့ သူ့အလိုလို ကွဲပြားပါတယ်။ နေရောင်ခြည်စက်ဝန်း အမျိုးမျိုးရှိပေမဲ့ ၁၁ နှစ်စက်ဝန်းဟာ ယနေ့ခေတ်ရာသီဥတုနဲ့ အကိုက်ညီဆုံး ဖြစ်ပါတယ်။

နေဟာ ၂၀၁၉ ခုနှစ် နှောင်းပိုင်းကစပြီး အနိမ့်ဆုံးကနေ ပိုမိုလှုပ်ရှားတက်ကြွလာပါတယ်။ ဒါဟာ ကမ္ဘာ့အပူချိန်တွေ မြင့်တက်စေဖို့ ပမာဏအနည်းငယ်ကို ပံ့ပိုးပေးပါတယ်။ ခြုံငုံကြည့်ရင် နေရောင်ခြည်လှုပ်ရှားမှု တိုးလာခြင်းဟာ မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာ အပူရှိန်အတွက် အများဆုံး ၁၀၀ ပုံ ၁ ပုံသာ ဖြစ်ပါတယ်။

၄။ ဟန်ဂါ တန်ဂါပေါက်ကွဲမှုမှ ရေငွေ့

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ရေအောက်က ဟန်ဂါတန်ဂါ (Hunga Haʻapai) မီးတောင်ဟာ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း ပေါက်ကွဲခဲ့ပြီး အပေါ်ပိုင်းလေထုထဲကို ရေခိုးရေငွေ့အများအပြား ရောက်ရှိလာခဲ့ပါတယ်။ ရေခိုးရေငွေ့ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ဖြစ်တာကြောင့် လေထုအတွင်း ဖန်လုံအိမ်အာနိသင်ကို ပြင်းထန်စေပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက ဖြစ်ပွားခဲ့တဲ့ မီးတောင်ပေါက်ကွဲမှု ဖြစ်ပေမဲ့ ကမ္ဘာပေါ်မှာ ပူနွေးမှု အနည်းငယ် ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ ဒါဟာလည်း လေထုညစ်ညမ်းမှု လျှော့ချခြင်းနဲ့ နေရောင်ခြည်လှုပ်ရှားမှု တိုးလာခြင်းတို့လိုပဲ အတိုင်းအတာ အနည်းငယ်သာ ဖြစ်ပါတယ်။

၅။ ကံမကောင်းခြင်း

အယ်လ်နီညို ဒါမှမဟုတ် လေထုညစ်ညမ်းမှုမှာ ကြီးမားတဲ့ပြောင်းလဲမှု အကြောင်းရင်းတွေ မရှိဘဲ တနှစ်က နောက်နှစ်အထိ ကမ္ဘာလုံးဆိုင်ရာ အပူချိန်တွေရဲ့ ကွဲပြားမှုကို တွေ့မြင်နေရပါတယ်။ အခု စက်တင်ဘာလရဲ့ အပူလွန်ကဲရခြင်းရဲ့ တစိတ်တပိုင်းဟာ ရာသီဥတုစနစ်တွေက မြေမျက်နှာပြင်ကို အပူပေးရန်အတွက် မှန်ကန်တဲ့နေရာမှာ ရှိနေဝာာကြောင့် ဖြစ်ပါတယ်။

ရာသီဥတုစနစ်တွေရဲ့‌ ‌နေရာယူမှုနဲ့ သမုဒ္ဒရာအပူရှိန်‌ကြောင့် ကုန်းမြေဧရိယာ အများအပြားကို ပူနွေးလာစေခြင်းဟာလည်း ကမ္ဘာ့ပျမ်းမျှအပူရှိန်ကို မြင့်တက်ဖို့ ပံ့ပိုးနေပါတယ်။

၆။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု

ကမ္ဘာ့အပူချိန် ၁ ဒသမ ၇ ဒီဂရီစင်တီဂရိတ်မှာ အကြီးမားဆုံး ပံ့ပိုးပေးသူဟာ လူသားကြောင့်ဖြစ်စေတဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်ပါတယ်။ ခြုံငုံကြည့်ရင် ရာသီဥတုအပေါ် လူသားတို့ရဲ့ အကျိုးသက်ရောက်မှုက ၁ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ခန့် ဖြစ်ပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှုန်း စံချိန်တင်မြင့်မားခြင်းကြောင့် ကမ္ဘာကြီး ပူနွေးလာမှုဟာလည်း အရှိန်မြင့်လာမယ်ဆိုတာကို မျှော်လင့်ထားသင့်ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ရာသီဥတုပြောင်းလဲမှုနဲ့တခြားအချက်တွေ ပေါင်းစပ်လိုက်တာကြောင့် ကြောက်စရာကောင်းလောက်အောင် မြင့်မားတဲ့ အပူချိန်ကို မြင်တွေ့ခဲ့ရပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေဟာ ဖန်လုံအိမ်ဓာတ်ငွေ့ အများစုကို ဆက်လက်ထုတ်လွှတ်နေတာကြောင့် ထိခိုက်လွယ်ဆုံး အားနည်းတဲ့သူတွေဟာ အကြီးမားဆုံးသော သက်ရောက်မှုတွေကို ခံစားနေကြရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အပူချိန်များ စံချိန်တင်ချိုးဖျက်ခြင်းနဲ့ ပြင်းထန်တဲ့ ဖြစ်ရပ်တွေကို ပျက်စီးစေခြင်းက ကာကွယ်ဖို့အတွက် လူသားမျိုးနွယ်ဟာ net zero လမ်းကြောင်းကို အရှိန်မြှင့်ရမှာ ဖြစ်ပါတယ်။

ရေးသူ- အန်ဒရူးကင်း

ဘာသာပြန်သူ- လီလီ

( The Conversation.com ဝက်ဆိုက်မှာ  ဆောင်းပါးရှင်  Andrew King ရေးသားထားတဲ့ “6 reasons why global temperatures are spiking right now” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ ဆောင်းပါးရှင် Andrew King သည် မဲလ်ဘုန်းတက္ကသိုလ် ရာသီဥတုသိပ္ပံပညာရပ် ပို့ချတဲ့ ဝါရင့် ကထိက ဆရာတဦးဖြစ်သည်။ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013