DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက်မြန်မာများ နိုင်ငံပြန်ရောက်မှ အခွန်ဆောင်နိုင်ဟုဆို 
DVB
·
October 10, 2023
ပြည်ပရောက်မြန်မာများ နိုင်ငံပြန်ရောက်မှ အခွန်ဆောင်နိုင်ဟုဆို 
Donate to DVB

ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့  သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ စစ်ကောင်စီသံရုံးတွေမှာ အခွန်ဆောင်နိုင်သလို နိုင်ငံကို ပြန်ရောက်မှလည်း အခွန်ဆောင်နိုင်တယ်လို့  စစ်ကောင်စီကကြေညာထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ပြည်ပနေထိုင်သူ နိုင်ငံသားတွေရဲ့ လစာအပေါ် ဝင်ငွေအခွန်ကောက်ခံမှု အစီအစဉ်နဲ့ပတ်သက်ပြီး  အသေးစိတ်ကို အောက်တိုဘာ ၉ ရက်က ကြေညာခဲ့ပါတယ်။

အဆိုပါ ကြေညာချက်အရ ပြည်ပနေနိုင်ငံသား‌တွေ အနေနဲ့ လစာအပေါ် ဝင်ငွေခွန် ပေးဆောင်ရာမှာ လစဉ်၊ သုံးလတစ်ကြိမ် သို့မဟုတ် နှစ်အလိုက် ဝင်ငွေခွန်ပေးဆောင်နိုင်တယ်လို့ ခွင့်ပြုထားပါတယ်။

ဒါ့အပြင် နိုင်ငံကို ပြန်လည်‌ရောက်ရှိပြီးမှ ပေးဆောင်ပါက မြို့နယ်အခွန်ရုံးမှာ ပေးဆောင်နိုင်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာကို အခွန်ကောက်ရာမှာ သက်‌ဆိုင်ရာ နိုင်ငံတွေမှာ ဆောင်ထားတဲ့ အခွန်တွေကို ခုနှိမ်ခွင့်ပေးမယ်လို့လည်း ပါရှိပြီး နိုင်ငံခြားငွေ အမျိုးအစားနဲ့သာ ပေးဆောင်ရမှာဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာတွေရဲ့  နိုင်ငံခြား‌ငွေနဲ့ ရရှိတဲ့ လစာအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန်ကို အရင်က ကင်းလွတ်ခွင့်ပြုထားခဲ့ပြီး အခုအခါ စစ်ကောင်စီက ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနဲ့ ၂၀၂၃ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ပြန်လည်ကောက်ခံဖို့ ကြိုးစားလာတာပါ။

အဆိုပါ ပြင်ဆင်တဲ့ ဥပဒေအရ ပြည်ပနေ နိုင်ငံသားရဲ့ နိုင်ငံခြားငွေနဲ့ပြည်ပမှာရရှိတဲ့ စုစုပေါင်း လစာဝင်ငွေအပေါ် နည်းလမ်း ၂ ခုထဲက နည်းတဲ့ နည်းလမ်းနဲ့ အခွန်ကောက်ခံမယ်လို့ သိရပါတယ်။

ပထမနည်းလမ်းက သက်သာခွင့်တွေ နုတ်ပယ်ပြီး တနှစ်ကို ကျပ် သိန်း ၂၀ နဲ့ ၁ ကျပ်ကနေ ကျပ်သိန်း ၁၀၀ အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ နဲ့ ၁ ကျပ်ကနေ ကျပ်သိန်း ၃၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ စတဲ့ နှုန်းထားတွေနဲ့ တွက်ချက်စည်းကြပ်ဖို့ ဖြစ်ပါတယ်။

နောက်နည်းလမ်းကတော့ သက်သာခွင့်တွေကို မနုတ်ဘဲ ၂ ရာခိုင်နှုန်းနဲ့ တွက်ချက် စည်းကြပ်ဖို့ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို  ဗဟိုဘဏ်သတ်မှတ်ငွေလဲလှယ်နှုန်းနဲ့  ငွေပြန်လွှဲကြဖို့ အတင်းအကျပ် လုပ်ဆောင်ခဲ့ပြီးနောက် အခုတခါ  ၁၀ ရာခိုင်နှုန်းကို အခွန်ကောက်ဖို့ ထပ်လုပ်လာတာဖြစ်ပါတယ်။  

စစ်အသုံးစရိတ်  အများအပြားသုံးစွဲနေတဲ့ စစ်ကောင်စီဟာ ဒေါ်လာငွေရှားပါးလာတာနဲ့အမျှ ပြည်ပရောက် မြန်မာတွေဆီကနေ နည်းမျိုးစုံနဲ့ ငွေညှစ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့  နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

အခုလို အခွန်ကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး  ထိုင်းနဲ့ ဂျပန် အပါအဝင် ပြည်ပနိုင်ငံတွေရောက် မြန်မာနိုင်ငံသားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013